ကလေးများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူ၍ တိုင်းပြည်အတွက်သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ဦး ဖြစ်လာအောင် ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကလေးများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူ၍ တိုင်းပြည်အတွက်သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ဦး ဖြစ်လာအောင် ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published 13 February 2015
ဇာလီမြင့်ဦး

ကလေးများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူပြီး နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်တစ်ယောက် သာမက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ခေါင်းဆောင်တစ်ယောက် ဖြစ်အောင်၊ တိုင်းပြည်အတွက် သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားကြရန် ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ အသံဖိုင်၌ ဒေါ်အောင်ဆန်းစုကြည်က အထိမ်းအမှတ် အမှတ်တရစကား ပြောကြားရာတွင် တိုက်တွန်းခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားသည်မှာ အင်မတန်မှ သင့်လျော်သည်ဟု မြင်ကြောင်း၊ ဖခင်ဖြစ်သူ သေဆုံးချိန်တွင် ၎င်းသည် နှစ်နှစ်အရွယ်သာ ရှိသေးကြောင်း၊ မိခင်ဖြစ်သူ၏ သင်ကြားမှုအရ ဖခင်သည် အင်မတန်မှ ဖြောင့်မတ်သည့် ပုဂ္ဂိုလ်တစ်ဦးဟူ၍ နားလည်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့သည့် သဝဏ်လွှာ အသံဖိုင်တွင် ထည့်သွင်းပြောကြားသည်။“ကိုယ်ဟာ ကိုယ့်ရဲ့အသိုင်းအဝိုင်းမှာ လူလေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ဖြစ်အောင်လို့ ပြုစုပျိုးထောင်ကြပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝကို စံနမူနာ ယူပြီးတော့ ဟိုး နတ်မောက်ဆိုတဲ့ တောမြို့လေးက တောသားလေးကနေပြီးတော့ နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်တစ်ယောက်တင် မကဘူး၊ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာကို စဉ်းစားကြပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်တိုင်းပြည်အတွက် သာမက လူသားတိုင်းအတွက် တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်လာအောင် ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်သော မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနား
ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း  ၇၀ နီးပါးရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ခင်လေးစား ကြည်ညိုသည့်စိတ်များ ဖြစ်လာအောင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မည်သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့သနည်း ဆိုသည်ကို လေ့လာဖို့ လိုအပ်ကြောင်း၊ ကလေးများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စဉ်းစားရာတွင် ဂုဏ်ဘက်ကိုမကြည့်ဘဲ ဗိုလ်ချုပ်အောင်ဆန်းကို မည်သည့်အတွက်ကြောင့် ပြည်သူများက ချစ်ခင်လေးစား ကြည်ညိုသနည်းဆိုသည့် အကြောင်းရင်းကို သေချာစွာ လေ့လာရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က “မေမေက ဖေဖေ့အကြောင်း ပြောပြလို့ရှိရင် ပထမဆုံး အရေးကြီးတာက ရိုးသားဖြောင့်မတ်ဖို့၊ မှန်ကန်ဖို့ သူတစ်ပါးကို အကောက်မကြံဖို့၊ ဒုတိယ အရေးကြီးတာက တိုင်းပြည်ကိုချစ်ဖို့ ကိုယ့်ရဲ့နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ်မှာ ကရုဏာမေတ္တာ ထားနိုင်ဖို့။ တတိယကတော့ ပညာ၊ ပညာရှာတဲ့နေရာမှာ စိတ်ထက်သန်ဖို့ စာကြိုးစားဖို့၊ စာတော်ဖို့၊ စာတော်ဖို့ဆိုတာက အတန်းထဲမှာ အမှတ်ရဖို့ကိုပြောတာ မဟုတ်ပါဘူး။ ကိုယ်သင်တဲ့ ကိစ္စတွေ၊ ကိုယ်သင်ယူတဲ့ ကိစ္စတွေကို အသုံးကောင်းကောင်းချနိုင်ဖို့၊ မှန်မှန်ကန်ကန် အသုံးချနိုင်အောင်လို့။ နောက်စတုတ္ထကမှ သတ္တိရှိဖို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောလဲလို့ စဉ်းစားကြည့်လို့ရှိရင် သတ္တိဆိုတာ အကောင်းအတွက်လည်း ဖြစ်နိုင်တယ်။ အဆိုးအတွက်လည်း ဖြစ်နိုင်တယ်။ အရှေ့ကအရာတွေ အားလုံး ပါသွားပြီဆိုရင် ကိုယ့်သတ္တိဟာ မှန်ကန်တဲ့သတ္တိပဲ ဖြစ်လိမ့်မယ်။ ကိုယ်မှန်မှန်ကန်ကန်ပဲ လုပ်ချင်တယ်။ ဘယ်သူ့ကိုမှ မတရား မလုပ်ချင်ဘူး။ ဘယ်သူ့ကိုမှ အကောက်မကြံချင်ဘူး။ နောက်ပြီး ကိုယ့်တိုင်းပြည်ကို ချစ်တယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို တိုးတက်စေချင်တယ်” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မကွေးတိုင်း၊ နတ်မောက်မြို့၌ ပြုလုပ်လျက်ရှိသည့် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားသို့ တက်ရောက်နေသည့်အတွက် ရန်ကုန်တွင်ပြုလုပ်သည့် အခမ်းအနားများသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent