တစ်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ CNA သတင်းဌာန(Channel News Asia) ရဲ့ တွေ့ဆုံမေးမြန်းခန်းကို ကြည့်ရပါတယ်။ ကာချုပ်ရဲ့အပြောစကားတွေကို နားထောင်ရင်း မေးချင်စရာ မေးခွန်းတွေလည်း အစီအရီ ပေါ်လာပါတယ်။
ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်းသွားမှ ငြိမ်းချမ်းရေးရမယ်။ တရားဥပဒေ အတိုင်းလုပ်မှ ငြိမ်းချမ်းရေးရမယ်။ အငြင်းပွားတာတွေမဖြစ်မှ ငြိမ်းချမ်းရေးရမယ်။ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်မှ ငြိမ်းချမ်းရေးရမယ် စတဲ့အပြောတွေပါ။ အလွန်လှပတဲ့ စကားတွေပါပဲ။ ဒါပေမဲ့ ပြောသူက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ အတွက် မေးခွန်းထုတ်စရာ ရှိတဲ့စကားတွေ ဖြစ်သွားပါတယ်။
ကာချုပ်က တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကို ရည်ညွှန်းပြီး ပြောနေတာလို့ သဘောပေါက်မိပါတယ်။ တပ်မတော်ဘက်ကို ပြောနေတာတော့ ဟုတ်ပုံမရပါဘူး။ တပ်မတော်ကတော့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားနေပါတယ်၊ တရားဥပဒေအတိုင်း သွားနေပါတယ်။ အငြင်းပွားစရာ မရှိအောင် လုပ်နေပါတယ်။ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် လုပ်နေပါတယ်ဆိုတဲ့ ပုံမျိုးဆောင်ပြီး ပြောနေတာပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်ကတော့ ဒါတွေကို မလုပ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်ရဘဲ ဖြစ်နေတယ် ဆိုတာမျိုး ထောက်ပြပြောဆို သွားပါတယ်။
အလွန်စိတ်မကောင်းစရာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုတစ်ဖက်သက်အမြင်မျိုး၊ အပြောမျိုးနဲ့ ဘယ်သောအခါမှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရနိုင်လို့ပါပဲ။
လွန်ထွက်နေတဲ့ ဒီမိုကရေစီ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကာချုပ်ပြောတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို မလိုက်ဘူးဆိုရာမှာ မလိုက်ရတဲ့ အကြောင်းရင်းတွေ ရှိနေမယ် ထင်ပါတယ်။ ထားပါတော့။ တိုင်းရင်းသား လက်နက်ကိုင်များဘက်က ကာချုပ်ပြောသလို ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို မလိုက်ဘူးပဲဆိုပါတော့။ သို့ဆိုရင် ကာချုပ်ဦးစီးနေတဲ့ တပ်မတော်ဘက်ကရော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားနေရဲ့လား။ သွားခွင့်ကော ရနေပါရဲ့လား။ ကာချုပ်ကိုယ်တိုင်သည်ပင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားနေပါရဲ့လား။ သွားခွင့်ကောရပါရဲ့လား။ ဒါကမေးစရာတွေပါ။
ယခု ကျင့်သုံးနေတဲ့စနစ်ဟာ ပါတီစုံဒီမိုကရေစီစနစ် အစစ်အမှန် ဟုတ်ပါရဲ့လား ဆိုတာကိုလည်း ကာချုပ်အနေနဲ့ ပြန်လည်ဆန်းစစ်ဖို့ ကောင်းပါတယ်။ ပါတီပေါင်းစုံပါဝင်တဲ့ ဒီမိုကရေစီ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်လို့ ပြောရပါမယ်။ ဒါပေမဲ့ ပါတီစုံ ဒီမိုကရေစီတော့ မဟုတ်ဘူးလို့ပဲ ငြင်းရပါမယ်။ ဘာကြောင့်လဲဆိုတော့ ပါတီတွေ စုံရုံတင်မကဘဲ “လွန်ထွက်” နေလို့ပါ။
လွှတ်တော်နှစ်ရပ်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ဖို့ ရွေးကောက်ပွဲလုပ်ရာမှာ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင် ရပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ၃၃ဝ၊ အမျိုးသားလွှတ်တော်အတွက် ၁၆၈၊ ဒါက နိုင်ငံရေး ပါတီတွေကလာတဲ့ ကိုယ်စားလှယ်တွေပါ။ သို့ပေမဲ့ နိုင်ငံရေးပါတီမဟုတ်တဲ့ အဖွဲ့အစည်းကလာတဲ့ “မိုးကျရွှေကိုယ်” ကိုယ်စားလှယ်တွေ ရှိပါသေးတယ်။ ပြည်သူ့လွှတ်တော် အတွက် ၁၁ဝ နေရာနဲ့ အမျိုးသား လွှတ်တော်အတွက် ၅၆ နေရာကို ကာချုပ်က ရွေးပေးရမယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားလို့ပါ။
တပ်မတော်ဆိုတာက နိုင်ငံရေးပါတီ မဟုတ်ပါဘူး။ သို့ပေမဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခွင့်ကို ရထားလိုက်တဲ့အတွက် တပ်မတော်ဟာ “ပါတီအမည်မခံတဲ့ ပါတီ” တစ်ခုအဖြစ်ကို ရောက်သွားရပါတယ်။ ပါတီတွေရော ပါတီအမည်မခံတဲ့ပါတီရော ပါနေတဲ့အတွက် “ပါတီလွန်ထွက် ဒီမိုကရေစီ” လို့ ပြောရခြင်းပါပဲ။
ဒီလိုလွန်ထွက်နေတဲ့ ဒီမိုကရေစီစနစ်အစား နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေ သက်သက်သာ ပါဝင်ယှဉ်ပြိုင်ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ့် အစစ်အမှန် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ကာချုပ်က ထောက်ခံနိုင်ပါ့မလား။
အလွန်အကျွံ အခွင့်အရေးများ
တည်ဆဲဥပဒေတွေဟာ ခေတ်နဲ့အညီ တရားမျှတမှုရှိသေးရဲ့လား ဆိုတာကို လွှတ်တော်က ပြန်လည်ဆန်းစစ်ပြီး ပြင်တန်ပြင်၊ ဖျက်တန်ဖျက်၊ အသစ်ရေးတန်ရေး ရပါတယ်။ ဒီအလုပ်တချို့ကို လွှတ်တော်ကိုယ်စားလှယ်များ လုပ်နေကြပါတယ်။ အချိုးကျတာလည်း ရှိသလို အချိုးမကျတာလည်း ရှိပါတယ်။
ဒါပေမဲ့ တရားဥပဒေများရဲ့ထွတ်ခေါင်က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို အခြေခံပြီး ဥပဒေများကို ဆန်းစစ်ရလို့ပါ။ ဥပဒေတစ်ခုဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေရင် ဖျက်သိမ်းပြီး အသစ်ရေးဖို့ လွှတ်တော်က စီစဉ်ကြရပါတယ်။ တရားသူကြီးများလည်း ဥပဒေတစ်ခုခုနဲ့ စီရင်ဆုံးဖြတ်ရာမှာ ဖွဲ့စည်းပုံနဲ့ကိုက်ညီမှုရှိ၊ မရှိကို ကြိုတင်ဆန်းစစ် ရပါတယ်။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တဲ့ ဥပဒေများကို အသုံးပြုခွင့် မရှိပါ။
ပြောရရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တရားမျှတမှုမရှိတဲ့ ဥပဒေပါ။ အထင်ရှားဆုံးကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ မြန်မာပြည်သူ ၁၇ သန်းနဲ့ ညီမျှတဲ့ အခွင့်အရေးတွေ ရယူထားလို့ပါပဲ။ ပြည်သူ ၅၁ သန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃ဝ ကို ရွေးပါတယ်။ ကာချုပ်က ကိုယ်စားလှယ် ၁၁ဝ ကို ရွေးပါတယ်။ ဒါက ပြည်သူ ၁၇ သန်းနဲ့ညီမျှတဲ့ အခွင့်အရေးပါ။ အမျိုးသား လွှတ်တော်အတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခွင့်အရေးကို နိုင်ငံ့အကြီးအကဲဆိုတဲ့ သမ္မတပင် မရရှိပါ။
ဒါ့အပြင် ကာချုပ်က ဒုသမ္မတ တစ်ယောက်ကို ရွေးပေးနိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်။ ဒါကလွှတ်တော် တစ်ရပ်စီနဲ့ ညီမျှတဲ့ အခွင့်အရေးပါ။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စတာတွေကိုလည်း ရွေးပေးနိုင်ပါသေးတယ်။ ဘယ်သူမှမရနိုင်တဲ့ အခွင့်အရေးကို ကာချုပ်က “အလိုအလျောက်” ရယူထားနိုင်အောင် ခွင့်ပြုပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လောက် တရားမျှတမှု မရှိသလဲဆိုတာ အကျယ်ဖွင့်ပြနေစရာ မလိုပါဘူး။ ဘယ်နိုင်ငံရဲ့ပါတီစုံဒီမိုကရေစီစနစ်မှာမှ ဒီအခွင့်အရေးမျိုး မရှိပါဘူး။
ကာချုပ်က မိန့်ခွန်းပြောကြားတဲ့ အခါတိုင်းမှာ “တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံကို ထိန်းသိမ်းစောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” လို့ ထည့်ပြောနေတာဟာ ဒီလို “လွန်ထွက်” နေတဲ့ ကာချုပ်အခွင့်အရေးတွေကို မထိပါးနိုင်အောင် ကာကွယ်နေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒီလိုအခြေခံဥပဒေနဲ့ ပြဋ္ဌာန်းပေးအပ်ထားတဲ့ တရားလွန် အခွင့်အရေးတွေကို ကာချုပ်က စွန့်လွှတ်နိုင်ရဲ့လား။
အငြင်းပွားနေရတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး
“တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဆိုရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်ဆိုတဲ့ သဘောကို ရည်ညွှန်းသလို ဖြစ်နေတာဟာ ပြည်သူတွေအတွက် တကယ့် ပြဿနာကြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးက လုံးဝမဖြစ်နိုင်တော့လို့ပါ။
ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထက် ကျော်ရမယ်ဆိုတဲ့ အပိုဒ်နဲ့ တပ်မတော်က ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန် ရှိသည်ဆိုတဲ့ အပိုဒ်နှစ်ခုကို ပေါင်းစပ်လိုက်ရင် ဘယ်တော့မှ ဖွဲ့စည်းပုံပြင်ဆင်၍ မရလို့ ပြောနေသလိုပါပဲ။ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော် အတွက်ရော၊ အမျိုးသားလွှတ်တော် အတွက်ရော စုစုပေါင်း ၁၆၆ ယောက် ရှိတဲ့အတွက် ဒီအထဲကတစ်ယောက် သဘောတူရင်ပင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်မြောက်နိုင်တယ် မဟုတ်လားလို့ အတွန့်တက်စရာ ရှိပါတယ်။
မဖြစ်နိုင်ပါ။ တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်ကို လုံးဝမရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်သား ကိုယ်စားလှယ်ဆိုတာက တပ်မတော်သားတွေက ရွေးတာမဟုတ်ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးထားတာ ဖြစ်လို့ပါပဲ။ ကာချုပ်ကရွေးတဲ့ ကိုယ်စားလှယ်တွေအတွက် တိကျတဲ့သက်တမ်း သတ်မှတ်ချက်မရှိဘဲ ကာချုပ်က ခန့်ချင်တဲ့အချိန်ခန့်ပြီး ဖြုတ်ချင်တဲ့အချိန် ဖြုတ်နိုင်တဲ့ “မဆန့်ရင်ကာ” အခွင့်အရေးတွေလည်း ရှိနေတာကို သတိပြုမိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဆိုပေမယ့် ထို ၂၅ ရာခိုင်နှုန်းကို ပိုင်သူက ကာချုပ်တစ်ဦးတည်း ဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက် သဘောတူရင် ဖွဲ့စည်းပုံ ပြင်နိုင်မယ်ဆိုတဲ့ သဘောက ကာချုပ်သဘောတူမှ ရမယ်ဆိုတဲ့ သဘောနဲ့ အတူတူပါပဲ။
အခွင့်အရေးကို မညီမမျှ ပြဋ္ဌာန်းပေးထားပြီး ပြင်ဆင်လို့လည်း မရနိုင်အောင် စီရင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “စဉ်းစားဆင်ခြင်ဉာဏ်” ရှိတဲ့သူမှန်သမျှ “လိပ်ပြာသန့်သန့်နဲ့ လက်ခံဖို့ဖြစ်နိုင်မယ် မဟုတ်ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့တော့ လက်ခံနိုင်ဖို့ပိုဝေးပါလိမ့်မယ်။
ဒီလိုဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အငြင်းပွားနေမှုကို ပပျောက်ဖို့ ကာချုပ်ဘက်က ဘယ်လိုပါဝင် ဆောင်ရွက်နိုင်မလဲ။
ပြည်သူတွေ ဝန်ပေါ့စေဖို့
တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မတက်အောင်လုပ်ဖို့ လိုတယ်လို့ ပြောတဲ့စကားဟာ အထူးသဘောကျစရာ စကားပါ။
နိုင်ငံတစ်ခုရဲ့ ဝန်ထုပ်ဝန်ပိုးမှန်သမျှကို ထမ်းဆောင်နေရတာက ပြည်သူတွေပါ။ သက်ဆိုးရှည်နေဆဲ ပြည်တွင်းစစ် ဝန်ထုပ်ကြီးကတော့ မြန်မာနိုင်ငံရဲ့ ပြည်သူသန်းပေါင်း ငါးဆယ်ကျော်အတွက် အလေးလံဆုံး ဖြစ်ပါတယ်။ ဒီအနေအထားမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဝန်ထုပ်ကြီး၊ ဖက်ဒရယ်စနစ် ထူထောင်ရေး ဝန်ထုပ်ကြီး၊ စီးပွားရေးလူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ပြန်လည်ထူထောင်မှု ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ထမ်းနေရပါသေးတယ်။
နောက်ထပ် အလွန်ကြီးမားတဲ့ ဧရာမဝန်ထုပ်ကြီးကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ဝန်ထုပ်ကြီးပါ။ ဒီဝန်ထုပ်ကြီးက တခြားဝန်ထုပ်တွေကို တွဲချိတ်ထားတဲ့ ဝန်ထုပ်ကြီး ဖြစ်တဲ့အတွက် ဒီဝန်ထုပ်ကြီးကို ဖြုတ်ချပေးနိုင်ရင် တခြားဝန်ထုပ် တော်တော်များများလည်း ပေါ့ပါးသွားမှာပါ။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတဲ့အချက်က တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုဆိုတဲ့ လောကပါလတရားတွေကို ပြန်လည်ဖျက်ဆီးထားတဲ့ အချက်များ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အခွင့်အရေးတွေ တရားလွန်ပေးထားခြင်းဟာ လောကပါလတရားကို ဖျက်ဆီးခြင်း တစ်ခုပါ။ (ဒီအချက်ကို အလျဉ်းသင့်ရင် အသေးစိတ် ပြောပါဦးမယ်)။
ကာချုပ်အနေနဲ့ ပြည်သူတွေအပေါ် ဖိစီးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဝန်ထုပ်ကြီးကို တိတိလင်းလင်း ဝင်ရောက်ဖယ်ရှား ပေးနိုင်ပါ့မလား။ ဒါတွေကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ CNA သတင်းဌာနတို့ တွေ့ ဆုံရာမှာ ပြောကြားတဲ့ စကားတွေကိုကြားရင်း အစီအရီပေါ်လာတဲ့ မေးခွန်းတွေပါပဲ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူအနားမယူခင်မှာ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရချင်တဲ့အကြောင်း၊ တတ်နိုင်သမျှ ဆောင်ရွက်သွားမယ့်အကြောင်း CNA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။
ကျွန်တော့်အမြင်မှာတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာက တစ်ခုပဲ ရှိပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်ဖို့ပါ။ ဒါဆိုရင် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး လျော့စေခြင်းနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေး အတွက်လည်း တစ်လက်စတည်း စွမ်းဆောင်ပြီး ဖြစ်ပါမယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနားယူကာနီးပြီဆိုတော့ နောက်ထပ်မေးခွန်း တစ်ခုက ထပ်ပေါ်လာပါတယ်။ အနားယူသွားတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး ချန်ထားရစ်ခဲ့မယ့် အရာက ဘာလဲ။ စစ်မြေတလင်းလား၊ ငြိမ်းချမ်းရေး ပန်းခင်းလား။
ပြည်သူ့ဝန်ထုပ် ပေါ့စေလိုသော်
Most Read
Most Recent
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago