ငယ်နာမည် မောင်ထိန်လင်း၊ နောင်အခါ မောင်အောင်ဆန်း၊ အမျိုးသားကျောင်းသား မောင်အောင်ဆန်း၊ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇ၊ အမျိုးသားခေါင်းဆောင် တပ်မတော်ရဲ့ ဖခင်အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းကို အသက်ထင်ရှားရှိစဉ် ဘဝမှာ စာရေးသူတို့ သိမီခဲ့တာမဟုတ်ပါဘူး။ ကျောင်းက ဆရာပြောပြတဲ့သမိုင်းကိုသိရ၊ ဖတ်ရှုမိသမျှ ဖြစ်စဉ်အကြောင်းအရာရုပ်ပုံလွှာတွေအရပဲ ဗိုလ်ချုပ်ကိုသိလာခဲ့ရတာပါ။ ကလေးဘဝ လူငယ်ဘဝမှာ ရင်းနှီးခဲ့ရတာက ငွေအကြွေစေ့နဲ့ ငွေစက္ကူပေါ်က ဗိုလ်ချုပ်ရဲ့ပုံ။ အိမ်တို့ ကျောင်းတို့မှာလည်း အလေးဂရုပြုရာမှာ ချိတ်ဆွဲခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေ။ ဒီလိုကလေး သိနားလည်ရသလောက်၊ ရင်းနှီးရသလောက်နဲ့ပဲ ကျွန်တော်တို့ ကျောင်းသားကျောင်းသူတွေ (သူငယ်ချင်းတွေပေါ့) ဗိုလ်ချုပ်ကို လေးစားချစ်ခင်ခဲ့ကြတာဗျာ။
အခုဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်ရာပြည့်ကာလမှာ ဒီရှုထောင့်ကို ပြန်ပြန်သတိရနေမိပါတယ်ဗျာ။ “ကလေးတို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း” ပါတဲ့။ မျက်နှာဖုံးပန်းချီက ဆရာပေါ်ဦးသက်ရဲ့လက်ရာ။ အနီရောင်ရဲရဲနောက်ခံနဲ့ မြင်းစီးရုပ်ပုံ၊ ကျောဖုံးက ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းခန်းမနောက်ခံမှာ တက္ကသိုလ်တံဆိပ် ဖော်ထားတဲ့ လက်တန်းကုလားထိုင်ပေါ်မှာ ဗိုလ်ချုပ်ကခြေချိတ်ထိုင်နေတဲ့ပုံ။ အဲဒီစာအုပ်ပါးကလေးကို နောင်တော်ကဗျာဆရာ ပျဉ်းမနားမောင်နီသင်းက ၂ဝ၁၂ ဧပြီ ၂ မှာ လက်ဆောင်ပေးလို့ ဖတ်ရပြီး သတိရအောက်မေ့တာတွေ ဖြစ်နေခဲ့တာပါ။ ဒုတိယအကြိမ်ထုတ်၊ ပထမအကြိမ်က ၁၉၇၆ ဇူလိုင်မှာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သမိုင်း အသင်းကထုတ်ခဲ့တာ။
စာအုပ်ရေးသူက “လွန်းမြိုင်” ကလောင် အမည်ခံဆရာ ဦးဇော်ဝင်းပါ။ စာအုပ်မှာကဗျာ ဆရာကြီးတင်မိုးက “ကလေးငယ်အားလုံးသို့... ကလေး” တို့လို့ အစချီပြီး အမှာစကားကလေး ရေးရာမှာ လွန်းမြိုင်အမည်ခံတဲ့ ဦးဇော်ဝင်းဆိုတာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး၊ ကျောင်းသားလှုပ်ရှား မှုတွေထဲက ဖူးပွင့်ထင်ရှားလာခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ “အ” သုံးလုံးလှုပ်ရှားမှုတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့တဲ့ လူငယ်ခေါင်းဆောင်၊ ကလေးလူငယ်ကျောင်းသားတွေကို သိပ်ချစ်တတ်တဲ့သူဖြစ်တဲ့ အကြောင်းတွေကို ဆရာတင်မိုးထည့်ရေးထားတာ ဖတ်ရတော့ အမြဲတစေလိုပဲ ခပ်ပြုံးပြုံးနေတတ်တဲ့ ဆရာဦးဇော်ဝင်းကို သတိရမိသလို၊ ကျွန်တော့် ဆရာဦးလှဝင်း(ပခုက္ကူ)၊ ဆရာဦးဘကောင်း (ရှိမ်းမကား)၊ ဆရာဦးစိုးသိမ်း(နှုတ်ခမ်းမွှေး)၊ ဆရာ ဦးဝေလင်း(လူငယ်ရေးရာ)တို့ ဆရာဦးတင်ထွတ် တို့ကိုလည်း သတိရမိပါတယ်။ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ ကြသူတွေပါပဲ။
ဆရာလွန်းမြိုင်က စာအုပ်ကိုရေးတာ ဗိုလ်ချုပ်ရဲ့နိုင်ငံရေးထက် အကျင့်စာရိတ္တကို ကလေးတွေလူငယ်တွေ သိနားလည်အောင် တွေ့ဆုံမေးမြန်းတဲ့အထဲမှာ ဗိုလ်ချုပ်ရဲ့ဇနီး ဒေါ်ခင်ကြည်၊ အစ်ကိုဦးအောင်သန်း၊ နတ်မောက်ဘုန်းကျော်နဲ့ ရန်ကုန်တက္ကသိုလ် သမဂ္ဂစတင် တည်ထောင်ကတည်းက သမဂ္ဂအဆောက်အအုံနဲ့ ခြံဝိုင်းကိုစောင့်ရှောက်လာသူ ဘကြီးကံသိန်းတို့ကိုပါ တွေ့မေးထားတဲ့ အကြောင်းအရာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ကိုဖွားမြင်စဉ်က နတ်မောက်မြို့ဟာ မြေလတ်ဒေသက အလွန်သာယာတဲ့ ရွာကြီးဖြစ်တဲ့အကြောင်းနဲ့ စထားပါတယ်။ မောင်အောင်ဆန်းကလေး သုံးနှစ်သားမှာ စကားပြောတတ်ပေမယ့် သိပ်မပြော၊ ပြောမယ့် ပြောတော့လည်း တစ်နေ့သူ့မိခင်ကြီးက ကြွေးရှိသူကို ကြွေးယူထားတာကြာလို့ ပြန်ဆပ်ဖို့ ပြောတဲ့အခါ မောင်အောင်ဆန်းက “အစ်မရာ ရှိမှပေးနိုင်မှာပေါ့ဗျာ” လို့ ပီပီသသကြီး ဝင်ပြောလိုက်တော့ အားလုံးက အံ့အားသင့်သွားခဲ့ကြတယ်လို့ဆိုပါတယ်။ မရှိဆင်းရဲသူများကို အဲဒီလို ငယ်ကတည်းက သနားတတ်တဲ့ မောင်အောင်ဆန်း။
အဲဒီလိုပဲ တောကစပါးဝယ်သူတွေနဲ့ သူ့မိခင်အမေစု ပြောနေတဲ့စကားထဲမှာ စပါးကို ဈေးတင်ပြီး ပြောတာကြားရတော့ သူကဝင်ပြီး “အစ်မ မဟုတ်တာ ပြောရော့မယ်၊ ဒီစပါး ၅ဝ ဈေးနဲ့ ဝယ်ယူထားတာဗျ၊ ကျုပ်သိတယ်၊ ဟုတ်တာပြောမှ ဥစ္စာပေါတယ်။ လိမ်ပြောတာ မကောင်းဘူး” ပြောပြန်သတဲ့။ မောင်အောင်ဆန်းရဲ့ ထူးခြားတဲ့စိတ်ဟာ လိမ်ညာပြောတာကိုလည်း မကြိုက်ပါဘူး။ ဒါကြောင့် တစ်ခါမှာ သူ့အစ်မကြီး ဒေါ်ခင်ညွန့် ရက်ကန်းစင်က ပိုးယောလုံချည်စကို ဓားနဲ့ထိုးပြီး ကစားပစ်လို့ ပျက်စီးသွားတဲ့အတွက် အမေက ထင်လို့မေးတဲ့အခါ “အောင်ဆန်း မင်းလုပ်တာလား” ဆိုတဲ့အမေးကို “ဟုတ်တယ်” ဆိုပြီး တစ်ခွန်းတည်း ရိုးသားစွာပဲ ဝန်ခံလိုက်သတဲ့။ ကိုယ်လုပ်တာကိုယ် တာဝန်ယူစိတ်၊ သတ္တိပဲခင်ဗျာ။
မောင်အောင်ဆန်း ရှစ်နှစ်သားမှာ ဘုန်းကြီးကျောင်းသား ဖြစ်သွားတဲ့အခါ အားရင်စာဖတ်၊ ကျောက်သင်ပုန်းပေါ် လက်ရေးကျင့် ကျောင်းကိုစောစောလာဖို့ ဘုန်းကြီးက မှာလိုက်တဲ့အခါ ထမင်းတောင်စောင့်မစားဘဲ ကျောင်းကိုအရောက်သွား၊ နောက်ကျမခံ၊ ဘုန်းကြီးကျောင်းမှာ မြက်နှုတ်၊ ရေခပ်စတဲ့ ကျောင်းအလုပ်တွေကို ပြီးစီးအောင်လုပ်လေ့ရှိတဲ့ မောင်အောင်ဆန်း။
လူတွေက မိုးအခါမှာမိုးတွင်း၊ ဆောင်းအခါမှာ ဆောင်းတွင်းလို့ခေါ်ကြပြီး၊ နွေအခါကျတော့ ဘာဖြစ်လို့ နွေတွင်းလို့ မခေါ်တာလဲ။ လူကြီးတွေကို သူကရဲရဲတင်းတင်း မေးပါတယ်။ ဒီလိုပဲညီအစ်ကို တစ်ဝမ်းကွဲ၊ မောင်နှမတစ်ဝမ်းကွဲ ရယ်လို့ရှိပြီး လင်မယားတစ်ဝမ်းကွဲ ဘာလို့မရှိတာလဲ ဆိုပြီးတော့လည်း မေးဖူးပါသတဲ့။ သူကလေးက စဉ်းစားကြည့်တတ် တွေးကြည့်တတ်သလို ဘွင်းဘွင်းရှင်းရှင်း မေးတတ်တာမှာ အခုလိုလည်း လူကြီးတွေအဖြေရ ကျပ်တာတွေရှိခဲ့လို့ ရယ်ခဲ့ကြရပါတယ်တဲ့။
ဆရာဘုန်းတော်ကြီးက ကျောင်းသားတွေ နေ့ခင်းအလုပ်မရှိရင် အိပ်ကြလို့ အိပ်ခိုင်းပါတယ်။ မင်းတို့အားလုံး အိပ်ချင်ကြတယ် မဟုတ်လားလို့လည်းမေးတော့ ဘုန်းတော်ကြီးအလိုကျ အိပ်ချင်ကြပါတယ်လို့ ပြောကြတယ်။ “အောင်ဆန်းရော” လို့သူ့ကိုမေးတော့ “မအိပ်ချင်ပါဘူးဘုရား” လို့သူ့စိတ်ထဲရှိတဲ့အတိုင်း မှန်ရာကိုသာဖြေတော့ ဘုန်းတော်ကြီးလည်း ပြုံးနေတော့သတဲ့။ ငယ်စဉ်ကတည်းက အမှန်အတိုင်းပဲ ပြောတတ်သလို မျက်နှာလိုမျက်နှာရ လုပ်တာမျိုးကိုလည်း သူလုံးဝမနှစ်သက်ပါဘူး။ ဘုန်းကြီးက ကစားကြရင်း ကျောင်းသားချင်း ရန်ဖြစ်ကြလို့ ကြက်တောင်ရိုက် မကစားရဘူးဆိုပြီး တားမြစ်လိုက်ပေမဲ့ မောင်အောင်ဆန်းတို့က ရွာထဲမှာတော့ နဘူးသားကို ကြက်တောင်စိုက်ရိုက်ကစားတဲ့ ကြက်တောင်ရိုက်တာကို ကစားကြတယ်။ ဒီအခါ ဝမ်းကွဲညီအစ်ကိုတို့က ဘုန်းကြီးကို သွားတိုင်တဲ့အတွက် မိဘတွေရှေ့မှာကို ဘုန်းကြီးရိုက်တာ အောင်ဆန်းတို့ ခံကြရတယ်။ ဒီတော့ သူ့စိတ်ရင်းအတိုင်းနဲ့ ရိုးသားတယ်၊ မလိမ်ညာတတ်ဘူး၊ ပွင့်လင်းသတ္တိရှိသူဆိုတော့ မျက်နှာလိုမျက်နှာရ အပိုလုပ်တာကို ငယ်ကတည်းက မကြိုက်ခဲ့မှာ၊ မလုပ်ခဲ့မှာ အလွန်သေချာတာပေါ့။
ဆရာဦးဇော်ဝင်း (လွန်းမြိုင်) ရဲ့စာအုပ်ငယ်ထဲမှာ အစ်ကိုတွေနေတဲ့ ရေနံချောင်း အမျိုးသားကျောင်းမှာ ကျောင်းဆက်တက်ချင်လို့ ထမင်းမစားဘဲ ဆန္ဒပြခဲ့တာ၊ သူ့အလိုကျ ကျောင်းနေရတော့ အတန်းထဲမှာ အမြဲပထမရပြီး စာတော်ခဲ့တာ၊ အင်္ဂလိပ်၊ မြန်မာခုနစ်တန်း အောင်တာ၊ စကောလားရှစ်ရခဲ့တာ။ ၁၇ နှစ်သားမှာ ၁ဝ တန်းကို “က” အဆင့်နဲ့အောင်မြင်တော့ မြန်မာစာနဲ့ပါဠိဘာသာမှာ ဂုဏ်ထူးရခဲ့တာ၊ တစ်ပြည်လုံးမှာ သုံးလေးဆုသာချီးမြှင့်တဲ့ “ဦးရွှေခိုဆု” ကိုရခဲ့တာတွေ ဖတ်ရပါတယ်။ အမျိုးသားကျောင်း အထက်တန်းကျောင်းမှာ အဝတ်အစားကို ရိုးရိုးပဲဝတ်ဆင်တတ်ပြီး သူအနှစ်သက်ဆုံး လုံချည်အရောင်က ပိုးယောလုံချည်အနီ။
အားလပ်ရင် ပန်းချီအရုပ်ကားရေးဆွဲ၊ စားပွဲစွန်းကို လက်နဲ့ပုတ်၊ ပါးစပ်ဆိုင်းတီးလေ့ရှိတဲ့ ဂီတအနုပညာ ဝါသနာပါတာ။ တစ်ခါတလေလည်း ဘောလုံးကစားတတ်ပြီး မှန်မှန်တည်တည်နေ၊ မိန်းကလေးများကိုလည်း နောက်ပြောင်တာ စတာတွေ မလုပ်တတ်တာတွေကို ပြန်ပြီးမှတ်သားရပါတယ်။ ကစားရင်လည်း ခဏပဲကစား၊ စာဖတ်ဝါသနာကြီးတဲ့အတိုင်း အထူးအားဖြင့် သမိုင်းစာအုပ်တွေဖတ်၊ အင်္ဂလိပ်လို အရေးလေ့ကျင့်တတ်တဲ့ အကျင့်တွေကို သိရပါတယ်။ အမှုသည်တစ်ဦးက ရှေ့နေကိုတရားသူကြီးကို ငွေပေးရင်လည်း ပေးရပါစေလို့ ပြောတဲ့အခါ ကိုအောင်ဆန်းက မမှန်တာ မကြိုက်သူပီပီ “မမှန်တာဘာလို့လုပ်မလဲ၊ လာဘ်ပေးဖို့မကောင်းဘူး၊ အမှုရှုံးချင် ရှုံးပါစေပေါ့” ဆိုပြီးဝင်ပြောခဲ့သတဲ့။ ငယ်ကတည်းကစွဲခဲ့တဲ့ မှန်ကန်ဖြောင့်မတ်တာကို သူသိပ်နှစ်သက်တာပါ။
ဒီလိုအပြုအမူ အပြောအဆိုတွေနဲ့ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ အဲဒီနောက် သခင်အောင်ဆန်း၊ နောက်ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး ခေါင်းစဉ်တွေနဲ့ အတ္ထုပ္ပတ္တိရုပ်ပုံလွှာများရဲ့အကျဉ်းချုပ်ကို ၁၉၄၇ ဇူလိုင် ၁၉ စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်၊ လုပ်ကြံခံရလို့ ကျဆုံးရတဲ့အထိ ရေးသားထားပါတယ်။ ဆရာ့ရည်ရွယ်ချက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ငယ်ဘဝကတည်းက အကျင့်စာရိတ္တကို နိုင်ငံကကလေးတွေနဲ့ လူငယ်တွေပေါ့ပေါ့ပါးပါးနဲ့ သိရှိနားလည်သွားအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီလိုအကြောင်း ဖြစ်ရပ်ဖြစ်စဉ်တွေကို ကလေးတို့ဖတ်ရှုပြီး မှတ်မိနေအောင် ပြန်ပြောကြည့်၊ ပြန်ရေးကြည့်၊ ပန်းချီပုံကလေးတွေလည်း ကူးဆွဲကြည့်ကြပါလို့ မှာထားပါတယ်။ ကလေးတို့ ပျော်ရွှင်ကြပါစေ...တဲ့။ ဆုတောင်းပေးသေးတယ်။ ကဲ-မကောင်းပေဘူးလားခင်ဗျာ။ ဒီလိုအကြောင်းတွေကို ကျွန်တော်တို့နိုင်ငံက ကျွန်တော်တို့လိုပဲ နောက်မှပေါက်ဖွားလာသူတွေ သိနေ ရင်းနှီးမနေသင့်ဘူးလားဗျာ။ ကျွန်တော်တို့တွေ ကလေးဘဝ၊ လူငယ်ဘဝက ချစ်ခင်လေးစားကြည်ညိုရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မချစ်တဲ့လူကြီးတွေများ ရှိနေကြသလားဗျာ။ ဒါကြောင့်မို့ပဲ ငွေစက္ကူပေါ်က ဗိုလ်ချုပ်ရဲ့ပုံကို ဖျောက်ပစ်လိုက်ကြတာလားဗျာ။ ဒီလိုသာ ဟုတ်တယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို ကလေးသူငယ်လူငယ်တွေ ချစ်ကြသလောက် ဟိုလူကြီးတွေ အသိုက်ကတော့ ထိတ်လန့်ကြောက်ရွံ့တယ်လို့ “မပြေးသော် ကန်ရာရှိ” ဆိုရပါလိမ့်မယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း နှစ်ရာပြည့်ပွဲ ဝှဲချီးဆင်ယင်နိုင်ကြပါစေဗျာ။
ကလေးတို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago