တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရန်အတွက် နိုင်ငံရေးပါတီ ၅၃ ခု ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရန်အတွက် နိုင်ငံရေးပါတီ ၅၃ ခု ဆွေးနွေး
Published 6 January 2015
စိုးမင်းထိုက်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတွင် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာစေရန်အတွက် ဇန်နဝါရီ ၅ ရက်တွင် နေပြည်တော်၌ နိုင်ငံရေးပါတီ ၅၃ ခု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ဒီခေါင်းစဉ်နဲ့ ဆွေးနွေးမယ် ဆိုတာတော့ ဒီဇင်ဘာလ နောက်ဆုံးပတ်တုန်းက အကြောင်းကြားတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ပြည်သူတစ်ရပ်လုံး တက်ကြွစွာ ပါဝင်လာစေရန် နည်းလမ်းရှာဖွေရေး ပါတီစုံ ညီလာခံကြီးလို့ သုံးထားတယ်။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဦးဆောင်တာပေါ့။ တက်ရောက်တဲ့ ပါတီက ၅၃ ပါတီ ရှိတယ်” ဟု ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲတွင် ရည်ရွယ်ထားသည့် အချက်သုံးခုကို ဆွေးနွေးကြောင်း၊ နိုင်ငံရေးပါတီများ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန်၊ ပြည်ထောင်စု တစ်ခုလုံးတွင် လူထုဆန္ဒ သဘောထားများကို လက်မှတ်ကောက်ယူရန်၊ ပြည်ထောင်စုတစ်ခုလုံးမှာ ငြိမ်းချမ်းရေးပြည်သူ့ ကော်မတီများ ဖွဲ့စည်းကာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို လူထုတစ်ခုလုံး နိုးနိုးကြားကြား သိမြင်လာစေရန် ပညာပေးရန် အချက်များကို ဆွေးနွေးကြောင်း၊ အဆိုပါ သုံးချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ဒေါက်တာအေးမောင်က “လူထုဆန္ဒ ကောက်ယူမယ်ဆိုရင် ငွေရေးကြေးရေးက လိုလာပြီ။ နောက်ပြီးတော့ ဘယ်လိုဟာမျိုးကို တိုက်တွန်းမှာလဲ။ လက်နက်ကိုင် ပဋိပက္ခနဲ့ ပြည်ထောင်စုက နပန်းလုံးလာတာ ကြာပြီ။ ဒီပြဿနာက ပြည်ထောင်စုရဲ့ ပြဿနာ။ အပစ်အခတ်ရပ်စဲဖို့ ဘုံသဘောတူညီချက် မရသေးလို့ လက်မှတ်မရေးထိုးနိုင်ကြသေးဘူး။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို သမ္မတကြီးကလည်း ဆော်သြတယ်။ လက်နက်ကိုင်အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီး မလုပ်နိုင်သေးဘူး။ ဆွေးနွေးဖို့ ရှစ်ချက်ကို ဆွေးနွေးနေတယ်လို့ ဦးအောင်မင်းကလည်း ပြောထားတယ်။ အဲဒီအထဲမှာ မပါတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်” ဟု ပြောကြားသည်။ထို့အပြင် အပစ်အခတ် ရပ်စဲရေးအတွက် ကျန်နေသည့် အဖွဲ့များ မည်သည့်အတွက်ကြောင့် လက်မှတ်မထိုးနိုင်တာလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်မှာ လက်မှတ်ရေးထိုးဖို့ရှိကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်သည့် ပါတီများက အဆိုပြုသည်များ ရှိကြောင်း၊ အဖွဲ့အားလုံးစုံမှ လက်မှတ်ရေးထိုးသင့်သည်ဆိုတာ တောင်းဆိုဖို့ လိုမည်ဟု အဆိုပြုကြကြောင်း၊ ကျန်နေသည့် အဖွဲ့များ မကျန်သည်အထိ ဆွေးနွေးညှိနှိုင်း သုံးသပ်ပြီးမှ လက်မှတ်ထိုးခြင်းကို လုပ်သင့်ကြောင်း၊ လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့များအား တစ်ဖက်သတ် အပစ်အခတ် ရပ်စဲပြီးမှ ဖိတ်ခေါ်ပေးသင့်ကြောင်း၊ အဲဒီ ကာလတွင် တပ်ရွှေ့ပြောင်းတာတွေ မလုပ်ဘဲ ဆိုင်းငံ့ထားရန် တောင်းဆိုသင့်သည်ဟု ဆွေးနွေးမှုများ ရှိကြောင်း သိရသည်။“အခု ဆွေးနွေးတဲ့ ၅၃ ပါတီက ငြိမ်းချမ်းရေး ရစေချင်တယ်။ အဲဒီလို ငြိမ်းချမ်းရေးလုပ်ဖို့ နိုင်ငံရေးပါတီတွေမှာ အခက်အခဲတစ်ခု ရှိတယ်။ အဲဒါက နိုင်ငံရေးပါတီတွေနဲ့ မတရားအသင်း ဥပဒေက ခြားထားတယ်။ ဘာလို့လဲဆိုတော့ ဆွေးနွေးဖို့ သွားတာတွေ ရှိလာမှာပဲ။ အဲဒီတော့ ပုဒ်မ ၁၇ (၁) ကို ပယ်ဖျက်ရင် ပယ်ဖျက်။ မဖျက်ရင်တော့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ခက်ပါတယ်။ အမ်ပီစီကတော့ လုပ်နိုင်တာပေါ့။ နိုင်ငံရေးပါတီတွေက လုပ်မယ်ဆိုရင် ခွင့်ပြုချက်တွေ အများကြီး လိုတယ်။ တွေ့ဆုံမှု၊ သွားလာလှုပ်ရှားမှု မရှိဘဲနဲ့ ဒီလုပ်ငန်းက မအောင်မြင်နိုင်ဘူး။ နိုင်ငံရေးပါတီများ စုပေါင်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ပေါ်လာရင်  အမ်ပီစီနဲ့ လုပ်ငန်းအပြိုင် မဟုတ်ရင်တောင် လုပ်ငန်းဆင်ဆင်လေးတွေ ဖြစ်လာတာပေါ့။ နိုင်ငံရေးပါတီတွေရဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါလာရင်တော့ ကောင်းတာပေါ့” ဟု ၎င်းက ပြောကြားသည်။ဒေါက်တာအေးမောင်က “ပြည်တွင်းငြိမ်းချမ်းမှု၊ အပစ်အခတ်ရပ်စဲမှုကို ပြောတိုင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုတာပေါ့။ ဘာကြောင့် ဒီပဋိပက္ခ ဖြစ်လာသလဲပေါ့။ အကြောင်းအရင်းကို မဖြေရှင်းသမျှတော့ မည်သည့်ပြဿနာမှ မပြေလည်နိုင်ဘူး။ လက်နက်ကိုင် ပဋိပက္ခ ဘာကြောင့်ဖြစ်သလဲ။ ဖြစ်လာတဲ့ အကြောင်းအရင်းကို အခု ၆၇ နှစ်ထဲကို ဝင်လာခဲ့ပြီ။ ဖြေရှင်းနိုင်ခဲ့သလားဆိုရင် မဖြေရှင်းနိုင်သေးဘူး။ ပဋိပက္ခတွေကြောင့် ဘာအကျိုးကျေးဇူးတွေ ရသလဲ။ ပဋိပက္ခပြေလည်ဖို့ တပ်မတော်ဘက်ကလည်း ဖြေရှင်းပြီးပြီ။ မပြေလည်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆိုရင်လည်း နှစ်ပေါင်း ၆၀ ကျော်လာပြီ။ အမှန်က တဖြည်းဖြည်းနဲ့ ငယ်ပြီး ပပျောက်သွားရမှာ။ အခုဟာက ကြာလေ အင်အားတောင့်လာလေ ဖြစ်နေတယ်။ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းလာတာ မဟုတ်သေးဘူး ဆိုတာ တပ်မတော်ဘက်ကလည်း သဘောပေါက်ရမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း ဒါကို သတိပြုရမှာပေါ့” ဟု သုံးသပ်သည်။ငြိမ်းချမ်းရေး ရရှိရန် ဖြေရှင်းမှ ဖြစ်မည်ဆိုသည့် ခံယူချက် လိုကြောင်း၊ ဘာကြောင့် ဒီပြဿနာတွေ ဖြစ်လာသလဲဆိုရင် နိုင်ငံရေးအားဖြင့် တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ လိုအပ်ကြောင်း၊ ယင်းမှာ ဖွဲ့စည်းပုံ ပြဿနာဖြစ်ကြောင်း၊ နိုင်ငံတော်ဘက်က သဘောထားကြီးမှုကို ပြဖို့ လိုလာပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လိုလားကြောင်းကို ပြရမည်ဖြစ်ကြောင်း၊ တပ်မတော်ဘက်နှင့် အစိုးရဘက်မှ လျှော့ရမည်ဖြစ်ကြောင်း၊ ပြေပြေလည်လည် ညှိနှိုင်းသွားပါက ပဋိပက္ခက ငြိမ်းချမ်းသွားမည် ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ပြဿနာကို မဖြေရှင်းလို့တော့ မရကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။နိုင်ငံရေးပါတီ ၅၃ ခု တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများစုပေါင်းပြီး ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပရန်၊ ပြည်ထောင်စု တစ်ခုလုံးတွင် လူထုသဘောထားဆန္ဒ လက်မှတ်များ ကောက်ယူသွားရန်၊ ပြည်ထောင်စု တစ်ခုလုံးတွင် ငြိမ်းချမ်းရေး ပြည်သူ့ကော်မတီများ ဖွဲ့စည်းကာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ပြဿနာကြီးအပေါ် လူထုများ နိုးနိုးကြားကြား ဖြစ်လာစေရန် အသိပညာပေးရေးများကို ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲသို့ တိုင်းရင်းသားကိုယ်စားပြု ပါတီများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။