၂၀၁၄ ခုနှစ်အတွင်း တရားရေးမဏ္ဍိုင်ကြောင့် နယ်ပယ်အသီးသီးရှိ ပြည်သူများသည် ပိုမိုနစ်နာသည်ဟု ယူဆလာသဖြင့် ဝေဖန်မှုများ၊ သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ကြားမှုများ၊ ဆန္ဒပြ တောင်းဆိုမှုများအပြင် နောက်ဆုံး တရားသူကြီးနှင့် ပြည်သူအကြား ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားမှုများပါ ရှိလာသဖြင့် Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။တရားရေးမဏ္ဍိုင်၏ ပြစ်ဒဏ်စီရင်မှု အချို့ကြောင့် ၂၀၁၄ ခုနှစ်အတွင်း သတင်းထောက်များ၊ တောင်သူလယ်သမားများ၊ ဆန္ဒပြသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ငွေဒဏ်၊ ထောင်ဒဏ် စသည့်ပြစ်ဒဏ်များ အသီးသီး ကျခံခဲ့ကြရသည်။တရားမဝင် ဗီဒီယို ငှားရမ်းသည့်အပေါ် သတင်းသွားရောက်ရယူသည့် ကိစ္စနှင့် ပတ်သက်၍ ထောင်ဒဏ်သုံးလ ချမှတ်ခြင်း ခံခဲ့ရသော Eleven Media Group မှ လွိုင်ကော်သတင်းထောက် မခိုင်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။မခိုင်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းသည် တရားမျှတမှု မရှိသည့် စီရင်ချက်မျိုး ဖြစ်သဖြင့် ထောင်ဒဏ် ချမှတ်ခဲ့သည့်အပေါ် အလိုမရှိကြောင်းနှင့် ထိုသို့ ပြစ်ဒဏ်ချမှတ်သည့် တရားရေး မဏ္ဍိုင်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၇ ရက်တွင် သတင်းသမား ၁၀၀ ကျော်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်အချို့တွင်လည်း မခိုင်ထောင်ချခံရမှုအပေါ် တရားရေးမဏ္ဍိုင်အား ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံ သတင်းစာဆရာများကွန်ရက်၏ တရားစီရင်ရေး မဏ္ဍိုင်အပေါ် မေးခွန်းထုတ် ဆန္ဒဖော်ထုတ်မှုများတွင် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့မှပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။ထို့ပြင် ယူနတီဂျာနယ်လစ်များအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခြင်းများကို တရားရေးမဏ္ဍိုင်မှ ဆုံးဖြတ်ခဲ့သဖြင့် အစိုးရက မီဒီယာများအား တရားစွဲဆိုမှုများ အားလုံးကို တရားရုံးများမှ လက်ခံနေခြင်းသည် တရားစီရင်ရေး မဏ္ဍိုင်အား အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးနေခြင်း ဟုတ်မဟုတ် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၄ ရက်တွင်ပြုလုပ်သည့် မဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲတွင် မီဒီယာသမားများက မေးခွန်းထုတ်ခဲ့ကြသည်။အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ တောင်သူများအား တရားစွဲဆို ထောင်ချမှုများ၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ လယ်သိမ်းခံ တောင်သူများအား ထောင်ချမှု၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ တောင်သူများအား ထောင်ချမှုများ အပါအဝင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်လာပြီးနောက် တစ်နိုင်ငံလုံးတွင် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ တရားစွဲခံရမှုပေါင်း ၇၀၀ ကျော်ရှိခဲ့ပြီး တရားစွဲခြင်းဖြင့် ထောင်ဒဏ်ကျခံရသည့် တောင်သူပေါင်း ၃၀၀ ခန့်အထိ ရှိခဲ့သဖြင့် တောင်သူလယ်သမားများသည် တရားစီရင်ရေးမဏ္ဍိုင်အပေါ် မယုံကြည်မှုများနှင့် ကြောက်ရွံမှုများ ၂၀၁၄ ခုနှစ်အတွင်း ပိုမိုလာခဲ့ကြသည်။ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိ ဆန္ဒဖော်ထုတ်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သော ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် မြို့နယ်တရားရုံး ၁၁ ရုံးမှ ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အစိုးရအဖွဲ့က တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့မှုအပေါ် အတိုက်အခံ အဖွဲ့အစည်းနှင့် ပါတီများမှ တာဝန်ရှိသူများက ဝေဖန်ခဲ့ကြသည်။သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးဆိုင်ရာ ကော်မတီသို့ ၂၀၁၄ ခုနှစ် သြဂုတ်ကုန်အထိ ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော်အနက် အများစုမှာ တရားစီရင်ရေး မဏ္ဍိုင်နှင့် ပတ်သက်သည့် တိုင်ကြားစာများ ဖြစ်ကြသည်။
တရားရေးနယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ တချို့က လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလို ဖြစ်နေတယ်။ တရားရုံး အဆင့်ဆင့်ကလည်း အထက်အောက် အပြန်အလှန် ချိတ်ဆက်ပြီး အကာအကွယ်ပေးနေကြတယ် . . . . .
တရားသူကြီးများ မှားယွင်းစွာ ဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟုဆိုကာ တိုင်စာများ အများဆုံး ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အများစုသည် တရားရေးဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်မှုများအား တိုင်ကြားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဥပဒေအရာရှိ (အစိုးရရှေ့နေ) များကိုပါ ပြည်သူများက တိုင်ကြားမှုများ ရှိလာသည်။တရားစီရင်ရေး မဏ္ဍိုင်အား အပြန်အလှန် ထိန်းကျောင်းရမည့် လွှတ်တော်တရားစီရင်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုပင်လျှင် ၎င်းကော်မတီထံ ပေးအပ်ထားသည့် တာဝန်များအပေါ် ရာခိုင်နှုန်း ၉၀ မအောင်မြင်ကြောင်း ဝန်ခံပြောကြားလာခဲ့သည်အထိ တရားစီရင်ရေး မဏ္ဍိုင်သည် ပြုပြင်ပြောင်းလဲမှုပိုင်းဆိုင်ရာ အားနည်းခဲ့သည်။“တရားရေးနယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ တချို့က လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလို ဖြစ်နေတယ်။ တရားရုံး အဆင့်ဆင့်ကလည်း အထက်အောက် အပြန်အလှန် ချိတ်ဆက်ပြီး အကာအကွယ်ပေးနေကြတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။ကော်မတီသို့ ရောက်ရှိလာသည့် တရားစီရင်ရေးဆိုင်ရာ တိုင်ကြားစာများမှ အထောက်အထား ခိုင်လုံသည့် တိုင်စာများအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ သက်ဆိုင်သည့် တရားလွှတ်တော်များသို့ လွှဲပြောင်းပေးပို့ကာ တရားမျှတမှု ရှိစေရေး တိုက်တွန်းမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူဆောင်ရွက်မှုမှာ လွန်စွာအားနည်းခဲ့သည်ဟု သူရဦးအောင်ကိုက ဆိုသည်။နောက်ဆုံး ၂၀၁၄ ခုနှစ်အတွင်း လွှတ်တော်တွင်းရှိ တပ်မတော်သားများကပါ တရားစီရင်ရေး မဏ္ဍိုင်အပေါ် ဝေဖန်ခဲ့ကြပြီး တရားစီရင်ရေးမဏ္ဍိုင် အနေဖြင့် မှန်မှန်နှင့် မြန်မြန်ဆန်ဆန် စီရင်ဆုံးဖြတ်ပေးခြင်းကို ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က သတိပေးခဲ့ရသည်။လာဘ်စားသော တရားသူကြီးများအား စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူပြီး ဥပဒေကြောင်းအရ အရေးမယူသဖြင့် တရားစီရင်ရေး မဏ္ဍိုင်မှာ ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုကာ လွှတ်တော်သို့ တရားရေးမဏ္ဍိုင် တည့်မတ်ရေးဆိုင်ရာ မေးခွန်းများ ၂၀၁၄ ခုနှစ်အတွင်း မေးမြန်းခဲ့သော်လည်း တရားစီရင်ရေး မဏ္ဍိုင်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှု မရှိခဲ့ပေ။ထို့နောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း မိုးညှင်းခရိုင် တရားသူကြီး၏ အမိန့်ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့် လူအုပ်က တရားသူကြီးအိမ်ကို ခဲဖြင့်ပစ်ပေါက် ဆူပူနေသဖြင့် ရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက်ကာ တားဆီးမှုများ ပြုလုပ်ခဲ့ရသည်အထိ တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးနှင့် လူထု ထိပ်တိုက်ပဋိပက္ခ ဖြစ်ပေါ်မှု ရှိလာခဲ့သည်။တရားရုံးများသို့ ကွင်းဆင်း၍ တရားရုံး အသုံးပြုသူများ၏ စိတ်ကျေနပ်မှု အခြေအနေများကို ဆန်းစစ်လေ့လာမည့် တရားစီရင်ရေးဆိုင်ရာ သုံးနှစ်တာ မဟာဗျူဟာ စီမံကိန်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။၎င်း မဟာဗျူဟာ စီမံကိန်းအရ လာမည့် ၂၀၁၅ ခုနှစ်အတွင်း တရားစီရင်ရေး မဏ္ဍိုင်ကို မည်မျှတည့်မတ် မှန်ကန်အောင် ထိန်းကျောင်းနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း တရားရေး မဏ္ဍိုင်အပေါ် ပြည်သူများ၏ ယုံကြည်မှုသည် အတိုင်းအတာတစ်ခုအထိ လျော့ကျလာခဲ့ပြီး နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်နိုင်သည်အထိ တရားရေးမဏ္ဍိုင်သည် ချို့ယွင်းလာခဲ့သည်ဟု သုံးသပ်မှုများ ရှိနေသည်။









