သမ္မတဦးသိန်းစိန်၏ အစိုးရ သက်တမ်းသုံးနှစ် အလွန်တွင် ပေါ်ပေါက်လာခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များမှာ အများပြည်သူ မျှော်လင့်သလောက် ဖြစ်မလာခဲ့ခြင်းကြောင့် အလုပ်မဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖြစ် ၂၀၁၄ ခုနှစ်အတွက် Weekly Eleven News ဂျာနယ်က ရွေးချယ်သော ထင်ရှားကျော်ကြားမှု ဖြစ်ရပ်တစ်ခု အနေဖြင့် ဖော်ပြလိုက်သည်။အစိုးရအဖွဲ့ကို သမ္မတဦးသိန်းစိန်က စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်စေရန် လုပ်ဆောင်မည်ဟု ပြည်သူလူထုအား ကတိစကား ပြောကြားခဲ့ပြီး ထိုကတိစကားအရ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများကို ထိရောက်စွာ အရေးယူလိမ့်မည်ဟု ပြည်သူများက မျှော်လင့်ခဲ့သည်။သို့သော် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်မည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလသို့ ရောက်ရှိမှသာ ပြဋ္ဌာန်းနိုင်ခဲ့သည်။ ဥပဒေအရ ဖွဲ့စည်းရမည်ဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာမူ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်ရှိမှသာ ပေါ်ပေါက်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း ဦးဆောင်ခဲ့သည်။ ကော်မရှင်အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ၁၅ ဦးအနက် ရှစ်ဦးမှာ တပ်မတော်အငြိမ်းစား အရာရှိများ ဖြစ်နေသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း ကိုယ်တိုင်ပင်လျှင် အငြိမ်းစားဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်ချိန်က အဂတိလိုက်စားခြင်းများ ရှိခဲ့သည်ဆိုသော ဝေဖန်မှုများ လူမှုကွန်ရက် စာမျက်နှာများ၌ ပျံ့နှံ့ခဲ့ကာ အတည်ပြု ထုတ်ဖော်ရေးသားသူများ မရှိခဲ့ပေ။ကော်မရှင်သက်တမ်း ခြောက်လအကြာ စက်တင်ဘာ ၁၉ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ပြီး ၎င်းတို့အနေဖြင့် တိုင်စာ ၅၃၃ စောင်ရရှိခဲ့ပြီး တိုင်စာ သုံးစောင် (တိုင်ကြားမှု စုစုပေါင်း၏ ၀ ဒသမ ၅ ရာခိုင်နှုန်း)ကို စုံစမ်းစစ်ဆေး အရေးယူခဲ့သည်ဟု ပြောကြားခဲ့သည်။ တိုင်ကြားစာ ၅၃၃ စောင်တွင် မြေယာကိစ္စအတွက် အစောင် ၁၇၀၊ တရားစီရင်ရေး ကိစ္စအတွက် ၉၅ စောင်၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ ၂၃၈ စောင်နှင့် အထွေထွေကိစ္စ အစောင် ၃၀ တို့ ပါဝင်သည်။ တိုင်စာအရေအတွက်နှင့် ဖြေရှင်းပေးနိုင်စွမ်းမျှ အလွန်ကွာဟသော အခြေအနေ ဖြစ်ခဲ့သည်။တိုင်ကြားမှုများ ရှိနေသည့်တိုင် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်မှု အားနည်းခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပေါ် လူထုယုံကြည်မှု ကျဆင်းစေခဲ့သည့် အချက်များ ဖြစ်ခဲ့သည်။ အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်များ၏ ခြစားမှုများကို ဖော်ထုတ်အရေးယူနိုင်စွမ်း မရှိဘဲ သာမန်ဝန်ထမ်းအဆင့် လက်အောက်ငယ်သားများကိုသာ အရေးယူမှု ပြုလုပ်နေကြောင်း ဝေဖန်မှုများ ထွက်ခဲ့သည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်မှု အားနည်းချက်ကို သိသာစေသော အချက်တစ်ခုကို Transparency International အဖွဲ့၏ ၂၀၁၄ ခုနှစ် ညွှန်းကိန်းက ဖော်ပြနေပြီး ခြစားမှုအများဆုံး နိုင်ငံများ စာရင်းတွင် အဆင့် ၁၅၆ ၌ မြန်မာက ရပ်တည်နေခဲ့သည်။ ယင်းမှာ အာဆီယံနိုင်ငံများထဲတွင် အဆိုးဆုံးအဆင့် ဖြစ်ခဲ့သည်။တိုင်ကြားသူများကို ထိရောက်သော အကာအကွယ်ပေးနိုင်မှု အားနည်းခြင်း၊ အစိုးရ ဝန်ကြီးဌာနများကို တိုင်ကြားပါက လျှို့ဝှက်စုံစမ်း စစ်ဆေးမှုများ ဦးစွာမပြုလုပ်ဘဲ တိုင်ကြားခံရသူများ သိရှိနိုင်သော နည်းလမ်းများဖြင့် ဖြေရှင်းမှုများ ရှိနေခြင်း၊ တိုင်စာပေးပို့သူများကို အခက်တွေ့စေသော ကန့်သတ်ချက်များ များနေခြင်းတို့က ကော်မရှင်၏ အားနည်းချက်များ ဖြစ်နေပြီး ထိုအချက်ကပင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ထိရောက်မှု မရှိခြင်းများကို ဆင့်ကဲဖြစ်ပေါ်စေခဲ့ပါသည်။









