မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်း

မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်း
Published 28 December 2014

အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်းကို ၂၀၁၄ ခုနှစ်၏ သမိုင်းဝင်အောင်ပွဲ ရယူနိုင်သည့် အသင်းအဖြစ် ရွေးချယ်တင်ပြလိုက်ရခြင်း ဖြစ်သည်။မြန်မာဘောလုံးအသင်းများ အနေဖြင့် အရှေ့တောင်အာရှနှင့် အာရှအဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ်မျှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ ကမ္ဘာ့အဆင့် ပြိုင်ပွဲအဖြစ် ၁၉၇၂ ခုနှစ်က ကျင်းပခဲ့သော မြူးနစ်အိုလံပစ် ပြိုင်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယင်းပြိုင်ပွဲတွင် အောင်မြင်မှု မရရှိခဲ့သော်လည်း အသန့်ရှင်းဆုံး အသင်းဆုကို ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိရန်အတွက် ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ပြီး အထိရောက်ဆုံး ဆောင်ရွက်မှုမှာ ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိရန် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သောကြောင့် မြန်မာအသင်းမှာ ခြေစစ်ပွဲ ဝင်စရာမလိုဘဲ နောက်ဆုံးအဆင့် ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ထို့ပြင် အာရှထိပ်သီး အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် MFF အနေဖြင့် မြန်မာ ယူ-၁၉ အသင်းကို ကာလရှည် စခန်းသွင်းခဲ့သလို နိုင်ငံတကာ ပြိုင်ပွဲများ၊ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များကိုလည်း ဆက်တိုက်ပြုလုပ်စေခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းကို ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်အား ကိုင်တွယ်စေခဲ့ပြီး ၂၀၁၂ ခုနှစ်ကတည်းက ကာလရှည်လေ့ကျင့်စေခဲ့ကာ အထိရောက်ဆုံး ပြင်ဆင်မှုအဖြစ်၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ဂျာမနီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံများသို့ စေလွှတ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ပြိုင်ပွဲများကိုလည်း ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး အာရှ ယူ-၁၉ ပြိုင်ပွဲ မတိုင်မီ ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲနှစ်ခုက မြန်မာ ယူ-၁၉ အသင်း ကမ္ဘာ့ဖလားဝင်ခွင့် ရရှိစေရန် အဓိက အရေးပါခဲ့သည်။ အာဆီယံဒေသတွင်းမှ လူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းက မြန်မာကစားသမားများကို ယုံကြည်မှု ရှိစေခဲ့ပြီး ယင်းပြိုင်ပွဲအပြီး ဆက်လက်ယှဉ်ပြိုင်သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒေသတွင်းပြိုင်ဘက် ဗီယက်နမ်နှင့် ထိုင်းကို ရှုံးနိမ့်ပြီး စတုတ္ထနေရာသာ ရရှိစေခဲ့ခြင်းက ယုံကြည်မှု မလွန်ကဲရန်နှင့် ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်ဖြင့် ယှဉ်ပြိုင်ရန် သတိပေးခဲ့သည့် ပြိုင်ပွဲလည်း ဖြစ်ခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာ ယူ-၁၉ အသင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အုပ်စုတွင်း၌ ယီမင်နှင့် ဂိုးမရှိ သရေ၊ ထိုင်းကို သုံးဂိုးပြတ်ဖြင့်နိုင်ပြီး နောက်ဆုံးပွဲစဉ်၌ အာရှထိပ်သီး အီရန်အသင်းကို (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ရမှတ်လေးမှတ်ဖြင့် ကွာတားသို့ တက်ရောက်နိုင်ခဲ့သည်။ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည့် ယူအေအီးအသင်းနှင့်ပွဲတွင် တိုက်စစ်မှူး သန်းပိုင်၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ယူကာ သမိုင်းဝင် အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသားအားလုံး၏ နိုင်လိုစိတ်ပြင်းထန်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကို ယခုပွဲတွင် တွေ့ခဲ့ရပြီး မြန်မာဘောလုံး ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုကလည်း အဓိကကဏ္ဍမှ ပါဝင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ကာတာအသင်းကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသော်လည်း ပြောင်းလဲလာသော မြန်မာ ယူ-၁၉ အသင်း၏ ကစားပုံ၊ ကစားဟန်၊ ကစားသမား တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး မြန်မာဘောလုံးပရိသတ် အားလုံး၏ ချီးကျူးအသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။လာမည့် ၂၀၁၅ ခုနှစ် မေ ၃၀ ရက်တွင် စတင်ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ရှိ အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အောင်မြင်မှုရရှိရန် မလွယ်ကူသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းက မြန်မာကစားသမားများကို အတွေ့အကြုံကောင်းများ ရရှိစေမည် ဖြစ်သည်။ 

Most Read

Most Recent