လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို သမ္မတဖွဲ့စည်းခဲ့သည့်ကော်မတီက ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည်ကိုတွေ့ရှိရကြောင်းနှင့် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခတွင် လူသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်တိုက်တွန်းကြောင်း NLD ပါတီမှ ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်ရာမှ ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ပဋိပက္ခဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လူ ၄၀ ခန့် ဒဏ်ရာများရရှိခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက်တွင် လက်ပံတောင်းတောင်ပဋိပက္ခ ပိုမိုကြီးထွားလာပြီး မြန်မာဝမ်ပေါင်နှင့် ရဲတပ်ဖွဲ့မှထပ်မံဖြိုခွင်းရာ ဒေသခံနှစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့သည်။
၎င်းပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ NLD ပါတီမှ ကြေညာချက်ထုတ်ပြန်ရာတွင် "လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်း၍ စစ်ဆေးခဲ့ပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ၁၁-၃-၂၀၁၃ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံတင်သွင်းခဲ့ပြီး ၁၂-၃-၂၀၁၃ ရက်တွင် အစီရင်ခံစာအပြည့်အစုံကို အများပြည်သူသို့ အသိပေးတင်ပြခဲ့ပါသည်။ တင်သွင်းသည့်နေ့တွင်ပင် စီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ပါသည်။
ကော်မတီသည် ယခုအချိန်အထိ ကော်မရှင်၏အကြံပြုချက်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့မြင်နေရပါသည်။ ယခုဖြစ်ပွားလျက်ရှိသောပဋိပက္ခများမှာ ကော်မရှင်၏အကြံပြုချက်များကို ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိခြင်း၊ ရုန်းရင်းဆန်ခတ်မှုများကိုဖြေရှင်းရန်နည်းလမ်းများ အတိအကျရှိသော်လည်း လိုက်နာမှုမရှိခြင်းတို့ကြောင့် နိုင်ငံသားတို့၏အသက်အန္တရာယ်ကို ထိခိုက်စေသည့်အဖြစ်များ ဖြစ်ပျက်ရခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ရှိမှု၊ တာဝန်ယူမှုကိုအလေးထားပြီး ပြည်သူများထိခိုက်နစ်နာစေသည့် အပြုအမူများမဖြစ်ပေါ်စေရန် အထူးသတိဖြင့် ဆောင်ရွက်သင့်ပါသည်။ ယခုဖြစ်ရပ်များနှင့်ပတ်သက်၍ တိကျမှန်ကန်စွာလေ့လာစုံစမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးမူများနှင့်အညီ အမြန်ဆုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်" ဟုပါရှိသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာအပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့်ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်သည့်ကော်မတီအနေဖြင့် ထိရောက်စွာဆောင်ရွက်ခြင်းမရှိသည်ကိုတွေ့ရကြောင်း၊ ကော်မတီ၏ဆောင်ရွက်ချက်အားနည်းမှုကြောင့် ယခုကဲ့သို့ပဋိပက္ခများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိတို့တင်သွင်းခဲ့သည့်အစီရင်ခံစာတွင် လယ်ယာမြေလျော်ကြေးကိစ္စများ၊ လယ်ယာမြေများပြန်လည်ထုတ်ဖော်အစားထိုးချထားပေးရေးကိစ္စများ စသည်တို့ပါဝင်ကြောင်း ပြောကြားသည်။
လက်ပံတောင်းတောင်ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမည်ဖြင့် ကြေညာချက်တစ်စောင်သည် ဒီဇင်ဘာ ၂၂ ရက်တွင်ထွက်ရှိခဲ့ပြီး ၎င်းကြေညာချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ အတုသာဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးကပြောကြားသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးကာ အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
၎င်းကော်မရှင်၏အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လတွင်ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာတွင် "လယ်ယာမြေသိမ်းဆည်းခံရသူများ၊ ကျေးရွာပြောင်းရွှေ့ခံရသူများအတွက် တည်ဆဲဥပဒေ (မြေသိမ်းအက်ဥပဒေ) အရ အမိန့်ကြေညာစာထုတ်ပြန်သည့်နေတွင် ထိုမြေ၏ကာလတန်ဖိုးဖြင့် မြေလျော်ကြေးပေးအပ်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် အမှန်တကယ်စိုက်ပျိုးနိုင်သော လယ်မြေ ၃၉ ဒသမ ၉ ဧက၊ ယာမြေ ၅၀၁၇ ဒသမ ၁ ဧကနှင့် ဦးပိုင်မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ဧက၊ စုစုပေါင်း ၆၇၈၄ ဧကကို သင့်လျော်သောကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည်ပေးသင့်ပါကြောင်း" အကြံပြုထားသည်။
ထို့ပြင် ယင်းရွာများပတ်ဝန်းကျင်တွင် မြေလွတ်၊ မြေလပ် ၁၉၀၀ ဧကခန့်ရှိသဖြင့် စိုက်ပျိုးနိုင်သောမြေဖြစ်အောင် ဖော်ထုတ်ပြုပြင်၍ လယ်ယာမြေဆုံးရှုံးမှုများအတွက် အစားထိုးပြန်လည်ချထားပေးသင့်ပါကြောင်း အကြံပြုထားသည်။