ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေသည့် အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း ဝေါလ်ကော့က အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ရာသီထက် တိုးတက်လာပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိကြောင်း ထောက်ခံပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက အမှတ် ပေးဇယားထိပ်ဆုံးတွင် တစ်ရာသီလုံးနီးပါးဦးဆောင်ခဲ့သော်လည်း ရာသီကုန်ခါနီးတွင် ခြေချော်ကာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည်။ အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးတွင် ရှုံးပွဲမရှိသေးဘဲ (၆) ပွဲ နိုင်၊ (၂) ပွဲ သရေ၊ ရမှတ် (၂၀) မှတ် ရရှိထားပြီး ဇယားထိပ်မှ စပါးအသင်းနှင့် ရမှတ်တူ သွင်းဂိုးလျော့နည်းမှုဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ထို့ကြောင့် ဝေါလ်ကော့က "အာဆင်နယ်က မန်စီးတီးကို ၂၀၁၅ ခုနှစ် ကတည်းက အနိုင်မရတာကို ရပ်တန့်နိုင်ခဲ့ပါပြီ။ သူတို့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ချန်ပီယံလိဂ်ကြောင့် အာဆင်နယ်အနေနဲ့ အခက်တွေ့နိုင်ပေမဲ့ ပြီးခဲ့တဲ့ရာသီ အတွေ့အကြုံက သူတို့အတွက် အားဖြစ်လာမှာ သေချာပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် အများကြီးတိုးတက်လာပါတယ်" ဟု ပြောကြားခဲ့သည်။















