အေစီမီလန်အသင်း ၀ါရင့်တိုက်စစ်မှူး ဂျရူးသည် စီးရီးအေတစ်ပတ်တာအကောင်းဆုံးအသင်းတွင် ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ အောက်တိုဘာ ၆၊ ၇၊ ၈ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေ ပွဲစဉ် (၈) အတွက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို စီးရီးအေပြိုင်ပွဲက ထုတ်ပြန်ရာ ဂျရူးက ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂျရူးသည် စနေနေ့ ညပိုင်းက ဂျီနိုအာအသင်းအား အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ဒုတိယ ပိုင်း ၆၆ မိနစ်တွင် လူစားလဲဝင်ရောက်ကစား ခွင့်ရခဲ့သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+ ၈ မိနစ်တွင် ဂိုးသမား မီနွန် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး အေစီမီလန်အသင်းမှာလည်း ကစားသမားငါးဦးစလုံး လူစားလဲပြီးဖြစ်သောကြောင့် ဂျရူးကို ဂိုးသမားအဖြစ် ပြောင်းလဲကစားစေခဲ့ခြင်းဖြစ်သည်။
ဂျရူးသည် ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် ဂျီနိုအာအသင်းမှ ဂျော့ချ်ပွတ်ကပ်စ်၏ ဂိုးသွင်းယူမှုကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အေစီမီလန်အသင်းမှာလည်း Clean Sheet ရလဒ်ဖြင့် အဝေးကွင်း၌ အဖိုးတန်နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့် စီးရီးအေပြိုင်ပွဲ၏ တစ် ပတ်တာအကောင်းဆုံးစာရင်းတွင် ဂျရူးကို ဂိုးသမားနေရာအတွက် ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အေစီမီလန်အသင်းကလည်း ၎င်းတို့၏လူစာရင်းတွင် ဂျရူးကို ဂိုးသမားနေရာ၌ ပြောင်းလဲဖော်ပြထားပြီး ၎င်းနာမည် နှင့် နံပါတ် ၉ ပါဝင်သည့် ဂိုးသမားအကျႌကို ရောင်းချရာ အချိန်ပိုင်းအတွင်းမှာပင် ရောင်းကုန်သွားကြောင်း သိရသည်။
အကောင်းဆုံးအသင်းကို (၃-၄-၃) ကစားကွက်ဖြင့် ရွေးချယ်ထားပြီး ဂိုး-ဂျရူး (အေစီမီလန်)၊ နောက်တန်း-စပင်နာဇိုလာ (ရိုးမား)၊ မွန်တာရီဆီ (ဖရိုဆီနိုနီ)၊ ဂတ်တီ(ဂျူဗင်တပ်စ်)၊ အလယ်တန်း-ရိုင်နီယာ (ဖရိုဆီနိုနီ)၊ ပါရေဒက်စ် (ရိုးမား)၊ ဘိုနာဗန်ကျူရာ (ဖီ အိုရင်တီးနား)၊ ဗက်စီနို (လာဇီယို)၊ ရှေ့တန်း-ဆူလီ (ဖရိုဆီနိုနီ)၊ လူကာကူ (ရိုးမား)၊ ကက်စတယ်လာနော့စ် (လာဇီယို) တို့ ရွေးချယ်ခံခဲ့ရသည်။















