မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲ ဒုတိယအကျော့အတွက် မကာအို၌ ပြင်ဆင်ချိန်ပိုမို ရရှိရန် အောက်တိုဘာ ၁၃ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့်တွင် မကာအိုအသင်းနှင့် တွေ့ဆုံနေပြီး အောက်တိုဘာ ၁၂ ရက်တွင် ပထမအကျော့ ယှဉ်ပြိုင်ပြီး နောက်ရက်မှာပင် မကာအိုနိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေး စင်အသင်းနည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာ သည် ကမ္ဘာ့ဖလားပထမအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦးရွေးချယ်ထားပြီး မကာအိုအသင်းနှင့်ပွဲအတွက် ကစားသမား ၂၃ ဦး ပြန်လည်ရွေးချယ်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပထမအကျော့ပွဲစဉ်ယှဉ်ပြိုင်သည့် လူစာရင်းဖြင့်သာ သွားရောက်မည်ဖြစ်ပြီး ဒဏ်ရာနှင့် ပွဲပယ်ကစားသမားရှိမှသာ လူစာရင်းအပြောင်းအလဲ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်သောကြောင့် မကာအိုနိုင်ငံတွင် လေ့ကျင့်ပြင်ဆင်ချိန် သုံးရက်ရရှိမည်ဖြစ်သည်။
မကာအိုလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ခြေစစ်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် Macau Olympic Complex ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မကာအို အသင်းကို ကျော်ဖြတ်နိုင်မှသာ ဒုတိယအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကစားထားပြီး မြန်မာ့လက်ရွေးစင်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရထားသည်။ မြန်မာ့လက်ရွေး စင်အသင်းသည် စက်တင်ဘာလအတွင်းက နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပြီး ပထမပွဲတွင် ဂိုးမရှိသရေကျကာ ဒုတိယပွဲတွင် (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။















