Online Market Rate ဖြင့် Importer အမည်ခံပြီး နိုင်ငံခြားငွေဝယ်ယူ၍ တခြားသူများကို တရားမဝင်စျေးဖြင့်ညှိနှိုင်းပြီး ရောင်းချခြင်းမျိုးများ မဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောကြားသည်။
အမေရိကန်ဒေါ်လာလိုအပ်ချက်ကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်မှု သာမက ပုံမှန်ကုန်သွယ်မှုတွင်ပါ ယွမ်နှင့် ဘတ်တို့ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူစေရန် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် ထိုင်းဘတ်ငွေကို နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့်ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာလင်းအောင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေစီးဝင်မှု စီးထွက်မှုအခြေအနေများကို အမြဲလေ့လာဆန်းစစ်ပြီး စျေးကွက်လိုလားချက်အရ ဖြစ်သင့်သည့် ငွေလဲလှယ်နှုန်းကိုလည်း အမြဲတမ်းစိစစ်သုံးသပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေသည့်တိုင်အောင် ပြင်ပတွင် စျေးနှုန်းများမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြင့်မားနေရခြင်းသည် ကုန်သွယ်မှုနှင့် ပတ်သက်သော မှောင်ခိုရောင်းဝယ်မှုများ၊ တရားမဝင် တင်ပို့မှုများကြောင့်ဖြစ်ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံခြားငွေလဲလှယ်နှုန်းမဟုတ်ဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ရည်ရွယ်၍ စျေးကစားနေခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်မှုများပပျောက်ရေး၊ ပို့ငွေရငွေများ သတ်မှတ်ချက်နှင့်အညီ ပြန်လည်ဝင်ရောက်ရေး၊ တရားမဝင်ကုန်သွယ်မှုများတားဆီးရေး၊ Online Market Rate ဖြင့် Importer အမည်ခံပြီး နိုင်ငံခြားငွေဝယ်ယူ၍ တခြားသူများကို တရားမဝင်စျေးဖြင့် ညှိနှိုင်းပြီး ရောင်းချခြင်းမျိုးများ မဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
ထို့ပြင် ကုန်သွယ်မှုလိုငွေများလျှော့ချနိုင်မှုသွင်းကုန်များကို ကန့်သတ်ခြင်း၊ သွင်းကုန်အစားထိုးပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် သက်သာသော ချေးငွေများ ရရှိစေရန် ဆောင်ရွက်ပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တိုင်းပြည်စီးပွားရေး တိုးတက်မှုအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဘဏ်လုပ်ငန်း ကဏ္ဍတည်ငြိမ်ရေး၊ ငွေကြေးတည်ငြိမ်ရေး၊ ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးတို့ကို ချိန်ဆ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ကြရန်နှင့် အခြေအမြစ်မရှိသောသတင်းများကို မယုံကြည်ကြရန်၊ အခြေအမြစ်မရှိသည့် မမှန် သတင်းထုတ်ပြန်ခြင်းများကို သတိပြုကြရန် လိုအပ်ကြောင်း ဒေါက်တာလင်းအောင်က ပြောကြားခဲ့သည်။









