စတုတ္ထ ကမ္ဘာ 

စတုတ္ထ ကမ္ဘာ 
Photo – Colour Your Life
Photo – Colour Your Life
Published 30 July 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ပထမကမ္ဘာ (First World)၊ ဒုတိယကမ္ဘာ (Second World)၊ တတိယကမ္ဘာ (Third World) ‌ဟူသော ဝေါဟာရများကို ကြားဖူးကြလိမ့်မည်။ ပထမကမ္ဘာဆိုလျှင် အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများပါဝင်သည့် ချမ်းသာပြီးဖွံ့ဖြိုးတိုးတက်သော နိုင်ငံများဟုလည်းကောင်း၊ ဒုတိယကမ္ဘာဆိုလျှင် ဆိုရှယ်လစ်၊ ကွန်မြူနစ်နိုင်ငံများ၊ စီမံကိန်းချ စီးပွားရေးကျင့်သုံးသည့် နိုင်ငံများဟုလည်းကောင်း၊ တတိယကမ္ဘာဆိုလျှင် ဆင်းရဲနွမ်းပါးသော ဖွံ့ဖြိုးဆဲတိုင်းပြည်များဟုလည်းကောင်း ယေဘုယျအားဖြင့် သဘောပေါက်ကြ၏။ 

ပြင်သစ်လူမျိုးပညာရှင် အဲဖရက်ဆူဗီ (Alfred Sauvy) ၁၉၅၂ ခုနှစ်က ရေးသားခဲ့သည့် Three Worlds, One Planet ဆောင်းပါးထဲတွင် အမေရိကန်နိုင်ငံနှင့် အရင်းရှင်မဟာမိတ်များဖြစ်သည့် အနောက်ဥရောပ၊ ဂျပန်၊ သြစတြေးလျကဲ့သို့ နိုင်ငံများကို ပထမကမ္ဘာ၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ၎င်း၏အရှေ့ဥရောပ လက်အောက်ခံနိုင်ငံများကို ဒုတိယကမ္ဘာ၊ အမေရိကန်နှင့် ဆိုဗီယက်တို့  စစ်အေးကာလ အားပြိုင်မှုတွင် မည်သည့်ဘက်မှ မပါဝင်ဘဲ ကြားနေသည့်နိုင်ငံများကို တတိယကမ္ဘာဟု ဆိုထားသည်။ တတိယကမ္ဘာတွင် ဆင်းရဲနွမ်းပါးသော ဥရောပကိုလိုနီဟောင်းနိုင်ငံများနှင့် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနှင့် အာရှဒေသရှိ နိုင်ငံအားလုံးနီးပါး ပါဝင်သည်။

(၂) ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်းတွင် ဒုတိယကမ္ဘာဟူသော ဝေါဟာရ ပျောက်သွားခဲ့ပြီ။ ယခုအချိန်တွင် ပထမကမ္ဘာဟု ဆိုလိုက်ပါက စီးပွားရေး အင်အားကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ တတိယကမ္ဘာဟုဆိုလျှင် ဝင်ငွေနိမ့်၊ ဆင်ရဲနွမ်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြောင်း သိကြသည်။ ယခုတတိယကမ္ဘာ၏ နောက်ဆက်တွဲ စတုတ္ထကမ္ဘာ (Fourth World) ဝေါဟာရကို ကြားလာရသည်။ 

စတုတ္ထကမ္ဘာဝေါဟာရကို စီးပွားရေးရှုထောင့်အားဖြင့် ကျယ်ကျယ်ပြန်ပြန့်သုံးစွဲမှုကို မတွေ့ရသော်လည်း အဖွဲ့အစည်းအချို့၊ ပညာရှင်အချို့၏ အထူးဖွင့်ဆိုချက်များဖြင့် အသုံးပြုနေကြသည်ကို တွေ့ရသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် တန်ဇန်းနီးယား အဆင့်မြင့်ကော်မရှင်၏ ပထမအတွင်းဝန် အမ်ဘူတို မီလ်လန်ဒို (Mbuto Milando) ဆိုသူက အမျိုးသားအဆင့် အိန္ဒိယ ညီအစ်ကိုတော်များအဖွဲ့ အကြီးအကဲဖြစ်သူ ဂျော့ချ် မန်နူရယ် (George Manuel) နှင့် စကားပြောဆိုရာတွင် “စတုတ္ထကမ္ဘာ” ဟူသော ဝေါဟာရကို  အသုံးပြုခဲ့သည်။ မန်နူရယ်က ၎င်း၏ The Fourth World: An Indian Reality (၁၉၇၄) စာအုပ်ထဲတွင်လည်း  စတုတ္ထကမ္ဘာဟူသည် နိုင်ငံမဲ့သော၊ ဆင်းရဲနွမ်းပါးသော၊ အနည်းငယ်မျှသော လူမျိုးစုများနေထိုင်သည့် နိုင်ငံများနှင့် အဓိပ္ပာယ် ဆင်တူသည်ဟု ဆိုထားသည်။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ATD Fourth World ကို တည်ထောင်သူ ဂျိုးဇက်ရက်စ်ဇင်စကီ (Joseph Wresinski) ကလည်း “စတုတ္ထကမ္ဘာဟူသည် အလွန်အမင်း ဆင်းရဲနွမ်းပါးကြပြီး ၎င်းတို့အချင်းချင်း စုစည်းစွာ နေထိုင်နေကြသည့် သူများကို ရည်ညွှန်းထားသည်ဟုဆိုသည်။ ထို့ပြင်စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုများ ကြောင့် ခွဲခြားဆက်ဆံခံရပြီး လူအသိုက်အဝန်းမှ ဖယ်ကြဉ်ခံထားရသူများကိုပါ ညွှန်းဆိုသည်ဟုဆိုသည်။

(၃) သေချာသည့်အချက်မှာ တတိယကမ္ဘာထက်အခြေအနေ ပိုဆိုးခြင်းဖြစ်သည်။ ထိုကြောင့် တတိယကမ္ဘာထက် ပိုမိုကျယ်ပြန့်သည့် ဆိုးရွားမှုများဖြစ်ပွားနေသော နေရာသည်  စတုတ္ထကမ္ဘာပင်ဖြစ်ပေလိမ့်မည်။ ဖွံ့ဖြိုးမှု အနည်းတကာ့ အနည်းဆုံး၊ ဆင်းရဲနွမ်းပါးမှု အဆိုးတကာ့အဆိုးဆုံး၊ ပဋိပက္ခများအမြဲတမ်း ပေါ်ပေါက်နေသော၊ နိုင်ငံသူနိုင်ငံသားတို့ စိတ်သောကဖိစီးမှု အမြဲမပြတ် ကြီးမားနေသောစသည့် မတည်ငြိမ်သောအခြေအနေအမျိုးမျိုးနှင့်အတူ ကုန်ထုတ်လုပ်မှု အရင်းအမြစ်များမှာလည်း အကန့်အသတ်ဖြင့် ရှိနေသည့်နိုင်ငံများပင်။ သို့သော် ထိုနိုင်ငံများသည် အခက်အခဲများနှင့် စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်နေရသည့်တိုင် ရှင်သန်ရပ်တည်နိုင်စွမ်း ရှိနေကြသည်ဟု သုတေသီအချို့က မှတ်ချက်ပြုသည်။

ဖွံ့ဖြိုးမှုနည်းပါးလွန်းသည့် ထိုနိုင်ငံများတွင် မကြာသေးမီနှစ်များက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် စီးပွားရေးတိုးတက်မှု နယ်ပယ်များ၌ တိုးတက်မှုများရှိလာခဲ့သည်။

ဥပမာအားဖြင့် မကြာသေးမီနှစ်များအတွင်းက ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုနှင့် အုပ်ချုပ်ရေး ကောင်းမွန်လာမှုများကြောင့် စီးပွားရေးတိုးတက်မှုများ ရှိလာခဲ့သည့် အာဖရိကနိုင်ငံများဖြစ်သည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအခြေအနေများတွင်လည်း နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့များကြောင့် အခြေအနေကောင်းများ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။

(၄) စတုတ္ထကမ္ဘာတွင် အဆက်မပြတ်ဖြစ်ပေါ်နေသည့် ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်၍ အကြောင်းရင်း တစ်ခုတည်းကိုသာ ရှာဖွေလက်ညိုးထိုး၍ ဖြေရှင်းရန်မှာ မဖြစ်နိုင်။ အဂတိလိုက်စားသော အစိုးရများကြောင့်လည်း ဖြစ်နိုင်သည်။ ကိုလိုနီပြု၍ ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ စစ်ပွဲဖြစ်ပွားနေခြင်းနှင့် လူမှုရေးမငြိမ်သက်မှုများရှိခြင်း၊ ဆိုးရွားသော ရာသီဥတုအခြေအနေ ကြုံနေရခြင်း၊  ရန်လိုသောအိမ်နီးချင်းနိုင်ငံများရှိခြင်း စသဖြင့် အခြေအနေအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ အားနည်းချက်၊ ခက်ခဲမှုများစွာ စုစည်းဖြစ်ပေါ်လာသည့် ဒဏ်များကို ကာလကြာရှည်ခံရသည့် နိုင်ငံတစ်နိုင်ငံသည် အဆက်မပြတ် ရုန်းကန်နေခဲ့ရပြီး ကြွေးမြီထူသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်။ ကြွေးမြီထူသည့်နိုင်ငံတွင် ကောင်းမွန်သော ပညာရေးကဏ္ဍ ပံ့ပိုးနိုင်ခြင်းမရှိ။ အရည်အချင်း ပြည့်ဝသော လုပ်သားအင်အား ပျိုးထောင်မှုများသည်လည်း အကန့်အသတ်များဖြင့် ရှိနေမည်။ ထို့ကြောင့် စတုတ္ထကမ္ဘာရှိနိုင်ငံများ၏အခြေအနေ၊ အဆင့်အတန်းကို မြှင့်တင်နိုင်ရန်မှာ နိုင်ငံတကာ ကူညီပံ့ပိုးမှုမရှိဘဲ မဖြစ်နိုင်ပေ။ 

 သို့သော် အဆိုပါနိုင်ငံများရှိ နိုင်ငံသားတို့၏စွမ်းရည်များ၊ ခံနိုင်ရည်များ၊ စိတ်ပါဝင်စားမှုများကိုလည်း လျစ်လျူရှုထား၍မရပေ။ နိုင်ငံသူ နိုင်ငံသားများ၏ ပကတိ အခြေအနေကို သဘောပေါက်လက်ခံ၍  အကူအညီ၊ အထောက်အပံ့ပေးသင့်သည်ကိုလည်း သတိပြုရပေမည်။ ထိုနိုင်ငံများရှိ  နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းစီသည်လည်းကောင်း၊ အဖွဲ့အစည်းများသည်လည်းကောင်း လူတစ်ဦးချင်းစီ၏ဘဝမြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်လုပ်ဆောင်လျက် ပိုမိုတောက်ပသော အနာဂတ်ကို  မျှော်လင့်နေကြသည်ကို ယုံကြည်ထားရမည်။

(၅) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ အဆင့်အတန်းသည် နိုင်ငံရေးအခြေအနေကဲ့သို့ ကျယ်ပြန့်စွာသက်ရောက်တတ်သည့် အကြောင်းရင်းအမျိုးမျိုးအပေါ်တွင် မူတည်နေသောကြောင့် စတုတ္ထကမ္ဘာရှိ နိုင်ငံများ၏ စီးပွားရေးနှင့်ပတ်သက်၍ မည်သည့်အချိန် ရောက်မှမြှင့်တင်နိုင်မည်ကို မှန်းဆရ ခက်ခဲနေသည်။

အရင်းအမြစ်များ ချို့တဲ့မှု၊ အကျင့်ပျက်ခြစားမှုများနှင့် ဖြစ်ပွားနေဆဲ ပဋိပက္ခအမျိုးမျိုးတို့ဖြင့်  သိသာထင်ရှားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် နိုင်ငံရေးအခြေအနေ တည်ငြိမ် ကောင်းမွန်မှုသည် အရေးအကြီးဆုံး ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ စီးပွားရေးတိုးတက်မှု၊ ပညာရေး နှင့် ကျန်းမာရေးကဲ့သို့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးမှုအတွက် အကောင်အထည်ဖော်နိုင်မည်။ နိုင်ငံတကာ အကူအညီနှင့် ပံ့ပိုးကူညီမှုများလည်း ထိထိရောက်ရောက်ရယူအလုပ်ဖြစ်နိုင်မည်။ 

(၆) နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်အစိုးရများက အဆိုပါနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရေးအား ထုတ်လျက်ရှိနေကြသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးကလည်း ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကဲ့သို့ အရေးကြီးအခြေအနေများကို အလေးထား ကိုင်တွယ်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (Sustainable Development Goals - SDGs) ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ တတိယကမ္ဘာ၏ တိုးချဲ့မှု ဖြစ်သော စတုတ္ထကမ္ဘာထဲတွင် တစ်ဦးချင်းဝင်ငွေ အလွန်နည်းသော၊ သဘာဝအရင်းအမြစ်အကန့်အ သတ်ဖြင့်သာရှိသော ဒေသများနှင့် လူများပါဝင်နေသကဲ့သို့ ကမ္ဘာ့စီးပွားရေး၊ လူမှုရေးနယ်ပယ်များနှင့် အဆက်အစပ်မရှိသော  ဌာနေတိုင်းရင်းသား လူမျိုးစုငယ်များ နေထိုင်ရာဒေသများလည်း ပါဝင်နေသည်။ အားလုံးသည် ကမ္ဘာပေါ်တွင် တည်ရှိသောဒေသများဖြစ်သဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောသည့်အခါတိုင်း စတုတ္ထကမ္ဘာကိုပါ ထည့်သွင်းစဉ်းစားရန်လိုသည်။

(၇) စတုတ္ထကမ္ဘာတွင်တိုးတက်မှု နှေးကွေးနိုင်သည်။ ညီညီညာညာ ဖြစ်ထွန်းမှုမရှိနိုင်။ သို့သော် အဆက်မပြတ် အားထုတ်လုပ်ကိုင်မှုများရှိနေပါက ရေရှည်ကာလတွင် အဆိုပါဒေသများရှိ လူတစ်ဦးချင်းစီ၏ လူနေမှုဆင့်အတန်းနှင့် ဘဝအရည်အသွေးသည်လည်းကောင်း၊ ဒေသဖွံ့ဖြိုးမှုသည်လည်းကောင်း မြင့်မားလာလိမ့်ဟု ယုံကြည်နေကြသည်။    

https://www.eurasiareview.com