Logo အမှတ်တံဆိပ်သစ်နှင့် တွစ်တာ X

Logo အမှတ်တံဆိပ်သစ်နှင့် တွစ်တာ X
Photo:Variety
Photo:Variety
Published 25 July 2023
TRANSLATED- ခက်ဝေ

အီလွန်မတ်စ်က သူပိုင်ဆိုင်သည့် တွစ်တာလူမှုကွန်ရက်၏ လိုဂိုအမှတ်တံဆိပ်ကို ဇူလိုင် ၂၄ ရက်တွင် ပြောင်းလဲလိုက်ပြီဖြစ်သည်။ ယခုအခါ တွစ်တာအမှတ်တံဆိပ်အဖြစ် ကမ္ဘာကသိခဲ့သည့် အပြာရောင်ငှက်ကလေးသည် အဖြူရောင် X နှင့် အစားထိုးခံလိုက်ရသည်။

လိုဂိုပြောင်းလဲမည့်အကြောင်းကို ပိုင်ရှင် မတ်စ်နှင့်ကုမ္ပဏီ၏အလုပ်အမှုဆောင် အရာရှိချုပ်သစ် လင်ဒါယက်ကာရီနိုတို့က တစ်ရက်စောကြေညာခဲ့သော်လည်း လွန်ခဲ့သည့်ကိုးလက တွစ်တာကို မတ်စ်လွှဲပြောင်း ဝယ်ယူလိုက်ပြီးနောက်ပိုင်း အပြောင်းအလဲများစွာထဲကမှ ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်ဟု ဆိုရမည်။

အပြာရောင်ငှက်ကလေးနေရာကို အစားဝင်ယူလိုက်သည့် အမဲရောင်နောက်ခံပေါ်တွင် အဖြူရောင် X ပါ အမှတ်တံဆိပ်က တွစ်တာ၏ Desktop ဗားရှင်းတွင် မြင်တွေ့ရပြီဖြစ်သော်လည်း မိုဘိုင်းအပလီကေးရှင်းတွင်မူ မပြောင်းလဲသေးပေ။

ထို့ပြင် အီလွန်မတ်စ်အဆိုအရ တွစ်တာလူမှုကွန်ရက်ပေါ်မှ ပို့စ်များကိုလည်း “Tweets” ဟု မခေါ်တော့ဘဲ “X’S” ဟု ပြောင်းလဲခေါ်ဝေါ်တော့မည်ဖြစ်သည်။ဘီလျံနာသူဌေးမတ်စ်ကိုယ်တိုင်က သူ့ပရိုဖိုင်ဓာတ်ပုံနေရာ တွင် လိုဂိုအမှတ်တံဆိပ်သစ်ကို ပြောင်းလဲတင်ထားပြီး bio နေရာတွင် “X.com” ဟု ညွှန်ထားသည်။

ဆန်ဖရန်စစ္စကိုရှိ တွစ်တာရုံးချုပ်မျက်နှာစာတွင်မူ ဇူလိုင် ၂၃ ရက်ညပိုင်းက လိုဂိုသစ် X ကို ဆလိုက်ထိုးပြထားသည်။ ကုမ္ပဏီ အမည်ကို X Crop ဟုလည်း ပြောင်းလဲထားသည့် အီလွန်မတ်စ်က  ယခုအပြောင်းအလဲမျိုး လုပ်ခဲ့သင့်သည်မှာ ကြာပြီဟုပင် ဆိုသည်။

 

ဂုဏ်ပြုငှက်ငယ်

နဂိုလိုဂို အပြာရောင်ငှက်ကလေးကို လယ်ရီဟုခေါ်သည်။ တွစ်တာပူးတွဲတည်ထောင်သူ ဘစ်စတုန်း ၂၀၁၁ ခုနှစ်တွင် ပြောပြခဲ့ပုံအရ Boston Celtics ဘတ်စကက် ဘောအသင်း၏စတား လယ်ရီဘတ်ကို ဂုဏ် ပြုမှည့်ခေါ်ထားသည့် နာမည်ဖြစ်သည်။

လိုဂိုငှက်ကလေး မရှိတော့သည်ကို တွစ်တာအသုံးပြုသူများက ပို့စ်တင်ဝမ်းနည်းနေကြပြီး ထိုအထဲတွင် အပြာရောင်ငှက်ကလေးကို ၂၀၁၂ ခုနှစ်က ဒီဇိုင်းဆွဲခဲ့သည့် မာတင်ဂရက်ဆာလည်း ပါခဲ့လေသည်။ “ဒီကနေ့မှာ ငါတို့ဟာ အပြာရောင်ငှက်ငယ်ကို နှုတ်ဆက်လိုက်ရပြီပေါ့”ဟု ဂရက်ဆာက ရေးတင်ခဲ့သည်ကို တွစ်တာပူးတွဲတည်ထောင်သူ နောက်တစ်ဦးဖြစ်သည့် ဂျက်ဒေါ်ဆီက ပြန်လည်မျှဝေခဲ့သည်။

 

WeChat ပုံစံတူ

တွစ်တာဆိုရှယ်မီဒီယာကုမ္ပဏီကို လက်လွှဲဝယ်ယူလိုက်ခြင်းက မျိုးစုံသုံးအပလီကေးရှင်း X ဖြစ်မြောက်လာအောင် အရှိန်မြန်စေခဲ့သည်ဟု မတ်စ်ကပြောသည်။ လူမှုကွန်ရက် ပလက်ဖောင်းလည်းဖြစ်၊ ငွေပေးချေမှုများလည်း လုပ်ဆောင်နိုင်သည့် တရုတ်လူမှုကွန်ရက် WeChat ကဲ့သို့ဖြစ်လာအောင် မတ်စ်က X ကို စိတ်ကူးထားသည်။

“တရုတ်မှာဆို WeChat က နေ့စဉ်လူမှု ဘဝတွေမှာ သိပ်ကိုအသုံးတည့်၊ အထောက်အကူဖြစ်စေတယ်။ တကယ်လို့ ငါတို့ကလည်း အဲဒီအတိုင်းတွစ်တာမှာ လုပ်ပေးနိုင်မယ် (ဒါမှမဟုတ်) အနီးစပ်ဆုံး လုပ်ပေးနိုင်မယ်ဆိုရင် အကြီးအကျယ်အောင်မြင်မှာပဲ”ဟု မတ်စ်က ကုမ္ပဏီအစည်းအဝေးတစ်ခုတွင် ပြောကြား ခဲ့သည်။

တွစ်တာစီအီးအိုအဖြစ် ပြီးခဲ့သည့်လက အီလွန်မတ်စ် ခန့်အပ်လိုက်သည့်  ယက်ကာရီနို (NBC Unversal  မှ ကြော်ငြာအရောင်းပိုင်းအလုပ်အမှုဆောင်ဟောင်း)က သူတို့၏ လူမှုကွန်ရက်ပလက်ဖောင်းသည် နယ်ပယ် တိုးချဲ့မည့်ခြေလှမ်း ပြင်နေသည်ဟု ပြောသည်။

“X ဟာ  အသံ၊ ဗီဒီယို၊ စာပေးပို့မှု၊ ငွေအပေးအယူ၊ ဘဏ်လုပ်ငန်းမှအစ အတွေးအခေါ်၊ ဝန်ဆောင်မှု၊ အခွင့်အလမ်းများအတွက် ကမ္ဘာ့စျေးကွက်ကြီးတစ်ခုသဖွယ် အကန့်အသတ်မရှိ အပြန်အလှန်တုံ့ပြန်မှုတွေနဲ့ အနာဂတ်အခြေအနေတစ်ခုပါ”ဟုလည်း သူက ပြောသည်။

 

မတ်စ်၏ ချုပ်ကိုင်မှုအောက်ဝယ်

မနှစ်က အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၄၄ ဘီလျံဖြင့် တွစ်တာကို အီလွန်မတ်စ်က ဝယ်ခဲ့ပြီးကတည်းက တွစ်တာ၏ ကြော်ငြာကဏ္ဍမှာ ပြိုလဲသွားခဲ့သည်။ မတ်စ်၏စီမံအုပ်ချုပ်မှုပုံစံနှင့် ကုမ္ပဏီဝန်ထမ်းအများအပြားကို အလုပ်ထုတ်မှုစသည်တို့ကို အရောင်းအဝယ်သမားများက မနှစ်မြို့ကြပေ။

မတ်စ် စတင်အုပ်ချုပ်ပြီးနောက်ပိုင်း တွစ်တာ၏ ကြော်ငြာဝင်ငွေထက်ဝက်ခန့် နစ်နာဆုံးရှုံးခဲ့သည်ဟုလည်း မတ်စ်ကိုယ်တိုင်က ထုတ်ဖော်ကြေညာထားသည်။တွစ်တာ နေ့စဉ်အသုံးပြုသူ သန်း ၂၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြပြီး ဝန်ထမ်းအများစုကို အလုပ်ထုတ်လိုက်ပြီးနောက်ပိုင်းလည်း တွစ်တာတွင် အထစ်အငေါ့များ အဖြစ်များလာခဲ့သည်။

ကယ်လီဖိုးနီးယားရှိ တွစ်တာကုမ္ပဏီ၏ ဝန်ထမ်းအင်အား ၇၅၀၀ အနက် ထက်ဝက်ကို မတ်စ်က တွစ်တာကို ဝယ်လိုက်ပြီး ၁၀ ရက်အကြာတွင် ထုတ်ပစ်လိုက်သည်။ မတ်စ်သည် ကုမ္ပဏီ၏ တစ်ဦးတည်းသော ပိုင်ရှင် လည်း ဖြစ်လာသည်။

တွစ်တာတွင် တွင်ကျယ်စွာ ခွင့်ပြုပေးထားသည့် work-for-home ပေါ်လစီသည်လည်း မတ်စ်လက်ထက်တွင် ကွယ်ပျောက်သွားတော့သည်။

ယခင်က အခမဲ့ဝန်ဆောင်မှုများအတွက် ကျသင့်ငွေသတ်မှတ်လိုက်ခြင်း၊ ကြည့်ရှုနိုင်သည့် ပို့စ်အရေအတွက် သတ်မှတ်ခြင်း၊ တားမြစ်အကောင့်များကို ပြန်သုံးခွင့်ပြုလိုက်ခြင်း စသည့်ပေါ်လစီများက တွစ်တာအသုံးပြုသူ များကိုရော၊ ကြော်ငြာရှင်များကိုပါ စိတ်ပျက်လာစေသည်။

 

ခေါင်းဆောင်သစ်ကို လက်မခံ

မတ်စ်၏ ကွပ်ကဲမှုစတင်ချိန်မှာပင် ကုမ္ပဏီ၏အဓိကကျသည့် လုံခြုံရေးပိုင်းဆိုင်ရာ အလုပ်အမှုဆောင်များ နုတ်ထွက်သွားခဲ့သည်။ တွစ်တာကို ကျောခိုင်းသွားသည့် အရေးပါသည့်ဝန်ထမ်းများထဲတွင် လုံခြုံရေးဆိုင် ရာအရာရှိချုပ် လီယာကစ္စနာလည်း ပါဝင်သည်။ ပိုမထင်မှတ်ထားရသည်က တွစ်တာ၏ စိတ်ချယုံကြည်မှုဆိုင်ရာအပိုင်းကို တာဝန်ယူရသည့် ခေါင်းဆောင် ယိုအယ်ရော့သ် အလုပ် ထွက်သွားမှုပင်ဖြစ်သည်။

တွစ်တာ၏ ဖရိုဖရဲအခြေအနေများကြောင့် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်က  ရှားရှားပါးပါးသတိပေးမှုပင် ပြုလုပ်ခဲ့ပြီး အမေရိကန်သုံးစွဲသူများ၏ ဘေးကင်းလုံခြုံမှုအပိုင်းကို ကြီးကြပ်စောင့်ကြည့်ရသည့် ၎င်း အာဏာပိုင်အဖွဲ့က တွစ်တာကို စောင့်ကြည့်မှုစာရင်းအောက် ထည့်လိုက်သည်။

ထို့ပြင် Facebook ၏ မိခင်ကုမ္ပဏီ မက်တာမှ ယခုလတွင် မိတ်ဆက်လိုက်သည့်  Threads အပလီကေးရှင်းကလည်း တွစ်တာအတွက် ခေါင်းကိုက်စရာပြိုင်ဘက် ဖြစ်လာနေသည်။ မတ်စ်၏ အပြောင်းအလဲသစ်များနှင့် တွစ်တာကို စိတ်ပျက်လာသူအများစုအတွက် Threads က ချိန်ကိုက်ပေါ်ထွက်လာခြင်းဖြစ်သည်။

အချို့ခန့်မှန်းချက်များအရ ထွက်လာသည်မှာ မကြာသေးသော်လည်း Threads အသုံးပြုသူ သန်း ၁၅၀ အထိ ရှိနှင့်နေပြီ။

Threads သည် Bluesky ၊ Mastodon နှင့် Spill တို့ပြီးလျှင် တွစ်တာကို ယှဉ်ပြိုင်လာသည့် နောက်ဆုံးပြိုင်ဘက်ဖြစ်သည်။

 

X ကို စွဲလမ်းခြင်း

အီလွန်မတ်စ်တွင် X ဆိုသည့်စာလုံးကို စွဲလမ်းမှုဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ အကြောင်းရင်းကိုမူ မည်သူမျှ မသိကြ။

၁၉၉၉ ခုနှစ်တွင် သူပထမဆုံးလုပ်ကိုင်ခဲ့သည့် စီးပွားရေးလုပ်ငန်းများထဲမှတစ်ခုက  အွန်လိုင်းဘဏ်လုပ်ငန်းလုပ်သည့် ပလက်ဖောင်းတစ်ခု ဖြစ်ပြီး X.com ဟု အမည်ရသည်။ နောက်သုံးနှစ်ကြာသည့်အခါ PayPal နှင့်ပေါင်းလိုက်သည့် X.com ကို eBay က ဝယ်လိုက်သည်။

အီလွန်မတ်စ်သည် ၂၀၀၂ ခုနှစ်တွင် စီးပွားဖြစ် အမေရိကန်လေယာဉ်၊ အာကာသယာဉ် တည်ဆောက်မှုနည်းပညာကုမ္ပဏီ SpaceX ကို ထူထောင်ခဲ့သည်။

မတ်စ်သည် ကနေဒါအဆိုတော် Grimes နှင့် ပထမဆုံးရသည့်ကလေးကို X Æ A-12 Musk ဟု  နာမည် ဆန်းဆန်းပြားပြား ပေးထားသည်။

Ref: AFP & BBC

Most Read

Most Recent