ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။
“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ် လာဝယ်ရောင်းစျေးက ၃၀၀၀ ကျော်မှာ ရှိနေပါတယ်။ Black Market မှာတော့ တစ်ဒေါ် လာ ၃၃၀၀ ကနေ ၃၆၀၀ ဝန်းကျင်ထိ ပြန်ရောင်းနေတယ်လို့ သိရပါတယ်။ စျေးကတော့ ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးပါပဲ။ ငွေလဲကောင်တာတွေကတော့ ဗဟိုဘဏ်စျေးနှုန်းနဲ့ပဲ ဖွင့်လှစ်နေတာများပါတယ်”ဟု နိုင်ငံခြားငွေကြေးရောင်းဝယ်သူတစ်ဦးက ဆိုသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခု နှစ် ဇူလိုင် ၂၄ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၆၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၆၀ ကျပ်၊ မလေးရှားရင်းဂစ်ကျပ် ၆၅၅၊ ထိုင်း ဘတ် ကျပ် ၉၀.၆၅၊ တရုတ်ယွမ် ၄၁၈ ကျပ်၊ ဂျပန်ယန်း ၂၁.၂၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။
ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။