ကလေးသုံးဦး ရေနစ်သေဆုံးခဲ့ရတဲ့ မော်လမြိုင်မြို့ ရေကြီးရေလျှံမှု

ကလေးသုံးဦး ရေနစ်သေဆုံးခဲ့ရတဲ့ မော်လမြိုင်မြို့ ရေကြီးရေလျှံမှု
Published 23 July 2023

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကတည်းက မော်လမြိုင်မြို့မှာ မိုးကရွာနေပါတယ်။ ပုံမှန် မုတ်သုံရာသီ မိုးရွာနေသလိုပါပဲ။ ထို့အတူ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ်နဲ့ ပေါင် မြို့နယ်အတွင်းမှာလည်း မိုး ရွာသွန်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ညပိုင်းရောက်လာတော့ မိုးကပိုပြီး ရွာလာပါ တယ်။ လေမပါဘဲ မိုးချည်းသက်သက်ကို ရွာ ချခဲ့တာပါ။

အဲဒီအခြေအနေတွေကြောင့်လည်း ဇူ လိုင် ၁၈ ရက် နံနက်အစောပိုင်းမှာ မော်လ မြိုင် - သံဖြူဇရပ်ကားလမ်းမှာရှိတဲ့ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးက ထန်းပင်တန်း တံတားနေရာနဲ့ သံဖြူဇရပ်မြို့ ဖောင်စိန်ရပ် ကွက်ရှိ ချောင်းကူးတံတားနေရာတွေမှာ ကားလမ်းပေါ် ရေကျော်တဲ့အတွက် မော် တော်ယာဉ်များ သွားလာလို့မရတဲ့အနေအ ထားမျိုး ဖြစ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းလာတဲ့အတွက်ကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက် နံနက် ၃ နာရီအချိန်က စလို့ ဟံဂံကျေးရွာအတွင်းကို ရေတွေ စတင် ဝင်ရောက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ဖြစ်တဲ့ အပိုင်း (၂၊ ၃၊ ၇၊ ၈) နေရာတွေမှာ ရေ ကပိုပြီးများတယ်လို့ ဒေသခံတွေက ဆိုကြ ပါတယ်။

အလားတူပါပဲ မွန်ပြည်နယ် သံဖြူဇရပ် မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ ဖောင်စိန်၊ ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်မင်္ဂလာ ရပ်ကွက်၊ အောက်ကုသိုလ်ရပ်ကွက်များ အတွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပါ တယ်။

ထို့ပြင်ကို သံဖြုဇရပ်မြို့နယ် ပင - ကရုပ္ပိ သွားလမ်းမှာလည်း ရေတွေနဲ့ ဖုံးလွှမ်းသွားပြီး ဆားကွင်းတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့တယ်လို့ သိရပါတယ်။

“ပငကျေးရွာ ကော့ထော်အပိုင်းမှာ ရေ ကြီးရေလျှံမှုတွေဖြစ်နေလို့ အိမ်ခြေ ၂၅ လုံးက မိသားစု ၂၅ စုက ကျား ၆၄ ဦးနဲ့ မ ၅၇ ဦးကို ရေဘေးလွတ်ရာ ဓမ္မာရုံကို အရေးပေါ်ရွှေ့ ပြောင်းပေးခဲ့ရပါတယ်ဟု ပငကျေးရွာမှ လူ မှုကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။

မုဒုံမြို့ မြို့မ (၄) ရပ်ကွက်ရှိ အုတ်ကျင်း ရပ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ မုဒုံမြို့က အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တွေက ဒေသခံပြည်သူတွေကို အရေးပေါ်ရွှေ့ ပြောင်းမှုတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ စျေး ကြိုဖက်ခင်းလမ်း၊ တောင်ဝိုင်းရပ်ဥယျာဉ် လမ်း၊ ဇေယျာမြိုင်ရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်နဲ့ ဇေယျာသီရိရပ်ကွက် တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။

ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲကနေ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲအထိကို မွန် ပြည်နယ် မုဒုံမြို့မှာ မိုးရေချိန် ၉ ဒသမ ၆၅ လက်မအထိ ရွာသွန်းခဲ့ပြီး ရေးမြို့မှာ မိုးရေ ချိန် ၉ ဒသမ ၀၅ လက်မ၊ ကျိုက်မရောမြို့မှာ မိုးရေချိန် ၅ ဒသမ ၅၁ လက်မ၊ မော်လမြိုင် မြို့မှာ မိုးရေချိန် ၅ ဒသမ ၃၉ လက်မ၊ ချောင်း ဆုံမြို့မှာ မိုးရေချိန် ၄ ဒသမ ၇၂ လက်မ၊ ကျိုက္ခမီမြို့မှာ မိုးရေချိန် ၃ ဒသမ ၃၀ လက်မနဲ့ ပေါင်မြို့မှာ မိုးရေချိန် ၂ ဒသမ ၉၁ လက်မ ရွာသွန်းခဲ့တယ်လို့ ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန် ချက်များအရ သိရပါတယ်။

မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၈ ရက် မွန်းလွဲပိုင်းအချိန်ကစလို့ ညဘက်တွေမှာပါ မိုးက ရေသွန်ချသလိုမျိုးကို ရွာခဲ့တာပါ။ ကံ ကောင်းခဲ့ကြတာက လေမပါတဲ့အတွက် ကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုတွေ မဖြစ် တာပါ။ ထိုအခြေအနေမျိုးမှာ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းကတည်းက ရေကြီးရေလျှံမှုဖြစ် ပွားနေခဲ့တဲ့ ရပ်ကွက်တွေမှာ ရေကပိုပြီးတက် လာလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ မော်လ မြိုင်မြို့မှာရှိကြတဲ့ အရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအဖွဲ့တွေက ရေဘေးသင့် ရပ်ကွက် နေပြည်သူတွေကို ရေဘေးလွတ်ရာနေရာ များကို ပြောင်းရွှေ့ပေးခဲ့ကြရပါတယ်။

“ဇူလိုင် ၁၈ ရက်က မော်လမြိုင်မှာ ရေ ဘေးရှောင်စခန်း လေးနေရာဖွင့်လှစ်လိုက်ရ တယ်လို့ သိရတယ်။ စျေးကြိုရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်နဲ့ လှိုင်ရပ်ကွက်မှာ စခန်း နှစ်ခုဖွင့်လိုက်ရတယ်။ ရေဘေးရှောင်ပြည်သူ အရေအတွက်က ၆၀၀ ဦးလောက်ရှိတယ်လို့ သိရတယ်”ဟု မော်လမြိုင်မြို့အခြေစိုက် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲကနေ ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခွဲအထိကို မော်လမြိုင်မြို့မှာ မိုးရေချိန် ၂၂ ဒသမ ၇၅ လက်မအထိ ရွာသွန်းခဲ့ပြီးတော့ ဒီမိုးရေချိန် ဟာ နှစ်ပေါင်း ၇၁ နှစ်အတွင်းမှာ မိုးရေချိန် အများဆုံး စံချိန်သစ်လည်းဖြစ်ပါတယ်။

အလားတူ မုဒုံမြို့မှာလည်း မိုးရေချိန် ၁၄ ဒသမ ၀၉ လက်မအထိ ရွာသွန်းခဲ့ပြီးတော့ ဒီမိုးရေချိန်မှာလည်း နှစ်ပေါင်း ၄၂ နှစ်အ တွင်း မိုးရေချိန်အများဆုံး စံချိန်သစ်တစ်ခု လည်း ဖြစ်ပါတယ်။

ထို့အတူ ကျိုက်မရောမြို့မှာ မိုးရေချိန် ၁၀ ဒသမ ၈၃ လက်မ၊ ပေါင်မြို့မှာ ၇ ဒသမ ၂၇ လက်မ၊ ချောင်းဆုံမြို့မှာ ၄ ဒသမ ၉၆ လက်မ၊ ရေးမြို့မှာ ၄ ဒသမ ၄၁ လက်မ၊ ကျို က္ခမီမြို့မှာ ၃ ဒသမ ၉၄ လက်မနဲ့ သထုံမြို့မှာ ၂ ဒသမ ၂၇ လက်မရွာသွန်းခဲ့တယ်လို့ ပြည် နယ် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက်က တည်းက ရေကြီးရေလျှံမှုဖြစ်ပွားနေခဲ့တဲ့ ရပ် ကွက်တွေမှာတော့ စံချိန်တင်မိုးရေချိန် ကြောင့် ဇူလိုင် ၁၉ ရက် နံနက်အစောပိုင်းမှာ ရေပိုတက်လာတဲ့အတွက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နဲ့ မော်လမြိုင်မြို့ပေါ်က အရေးပေါ်လူ မှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေး သင့်ပြည်သူတွေကို အရေးပေါ်ပြောင်းရွှေ့ မှုတွေ ထပ်မံလုပ်ဆောင်ပေးခဲ့ကြရပါတယ်။

ဒါပေမဲ့ ကံကောင်းချင်တော့ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းအချိန်မှာတော့ မော်လမြိုင် မြို့မှာ မိုးရွာသွန်းမှုက လျော့နည်းသွားပါ တယ်။

ထိုအခြေအနေမျိုးမှာ စိတ်မကောင်း စရာ သတင်းက ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီခန့်မှာ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ် ကွက် (၁၇) လမ်းအောက်ပိုင်းမှာ နေအိမ်တဲ့ နေအိမ်တစ်အိမ်က အသက် တစ်နှစ်ခွဲအရွယ် မဆုပန်ထွာဟာ နေအိမ်ရဲ့ အိမ်တံခါးမကြီး အနီးမှာ ကစားနေရင်းက နေအိမ်ပေါ်ကနေရေထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးမှုဖြစ် ပွားခဲ့ပါတယ်။

“ကလေးမိဘတွေက အလုပ်ကိစ္စနဲ့ အိမ် မှာမရှိကြဘူး။ ကလေးက အသက် ၈၀ နှစ်အ ရွယ် အဘွားဖြစ်သူနဲ့ နေအိမ်မှာကျန်ခဲ့တာ။ ကလေးရေထဲကျသွားတာကို သိသိချင်း လိုက် ရှာကြတဲ့အချိန်မှာ နေအိမ်မှာပဲ ကလေးကို တွေ့ရတယ်။ အဲဒါနဲ့ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်တဲ့အချိန်မှာ သေဆုံး သွားရတာပါ” လို့ သီရိမင်္ဂလာရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားပါတယ်။

ထို့အတူပါပဲ ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် (၈) လမ်းအောက်ပိုင်းမှာ ရေဆင်းကူးရင်း ပျောက် ဆုံးနေတဲ့ ကလေးနှစ်ဦးကို လူမှုကူညီကယ် ဆယ်ရေးအဖွဲ့တွေ၊ ရပ်ကွက်နေ ပြည်သူတွေ က ၀ိုင်းဝန်းရှာဖွေနေကြတယ်လို့ သိခဲ့ရပါ တယ်။

ကလေးနှစ်ဦးမှာ တစ်ဦးက သီရိမြိုင် ရပ်ကွက် (၉) လမ်းမှာနေတဲ့ အသက် ၁၃ နှစ် အရွယ် မောင်ဇွဲမာန်နဲ့ နောက်တစ်ဦးက စျေး ကြိုရပ်ကွက် ရန်အောင်လမ်းမှာနေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်အောင်ဆန်းမိုး တို့ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးကို ပြန်လည် ရှာဖွေတွေ့ရှိချိန်မှာတော့ အသက်မရှိကြ တော့ဘူးလို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ထံက သိရပါတယ်။

“ပြီးခဲ့တဲ့ မိုးမကျခင်အချိန်ကပဲ သီရိမြိုင် ရပ်ကွက်နဲ့ သီရိမင်္ဂလာရပ်ကွက်အတွင်းမှာ ရှိတဲ့ ရေမြောင်းတွေကို ရေစီးရေလာကောင်း စေဖို့ ပြန်ဆယ်ထားတော့ မြောင်းတွေက အရင်ကထက်စာရင် နည်းနည်း ပိုကျယ်သွား ပြီး ပိုနက်သွားတယ်။ နောက်ပြီး ရေကတက် နေတော့ ချောင်းတွေ မြောင်းတွေက ပိုပြီး တော့ နက်သွားတယ်။ ကလေးတွေက ရေ ဆင်းကူးကြရင်းနဲ့ ရေနစ်သေဆုံးခဲ့ကြရ တာပါ” လို့ သီရိမြိုင်ရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။

ကလေးနှစ်ဦးရဲ့ အလောင်းတွေကိုတော့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ရင်ခွဲရုံကို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို မိုးသည်းထန်စွာရွာသွန်းပြီး ရေ စီးကြမ်းတဲ့အချိန်၊ ချောင်းတွေ၊ မြောင်းတွေ ရေလျှံနေတဲ့အချိန်မှာ မိဘအုပ်ထိန်းသူတွေ အနေနဲ့ မိမိတို့ရဲ့ရင်သွေးတွေကို အထူးဂရု တစိုက်ရှိနေသင့်တယ်လို့ ယူဆမိပါတယ်။

အလားတူ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တားကျေးရွာ တိုက်ကျောင်းအပိုင်းမှာနေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် ကိုဇော်လတ် ဆိုသူမှာလည်း ရန်ကုန် - မော်လမြိုင်ကား လမ်း တံတားအမှတ် (၃^၁၇၀) ချောင်းအ တွင်းမှာ တောင်ကျရေနဲ့ မျောပါလာတဲ့ ထင်း တွေကို လိုက်ဆယ်နေရင်နဲ့ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။

ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းအချိန်မှာတော့ မိုးရွာသွန်းမှုတွေဟာ တဖြည်းဖြည်း လျော့ပါး လာမှ ညနေပိုင်းမှာတော့ မိုးရွာသွန်းမှုက ရပ်သွားပါတယ်။ ဒါပေမဲ့ ညပိုင်းမှာ မိုးပြန်ရွာ လာတဲ့အတွက်ကြောင့် ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေမလားဆိုပြီး စိုးရိမ် စိတ်ဝင်ခဲ့ကြရပေမဲ့ ဇူလိုင် ၂၀ ရက် မနက် အစောပိုင်းမှာတော့ မိုးမရွာတော့ဘဲ နေပြန် ပွင့်လာပါတယ်။

ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်အတွင်းမှာ သဘာဝဘေးနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တာ တွေက မြန်ဆန်လွန်းပါတယ်။ သဘာဝဘေးနဲ့ ပတ်သက်လို့ ထိခိုက်ဆုံးရှုံးမှုတွေ၊ ဒဏ်ရာ ဒဏ်ချက်တွေ အများအပြားရထားဖူးတဲ့ မွန် ပြည်နယ်အတွင်းက ပြည်သူတွေအနေနဲ့ အတွေ့အကြုံအဟောင်းတွေကို သင်ခန်းစာ ယူပြီး သေချာပြင်ဆင်နေခဲ့ကြပေမဲ့ မော်လ မြိုင်မြို့က ကလေးသုံးဦး အဖိတ်အစင်ဖြစ်ခဲ့ ရတာကို အထူးစိတ်မကောင်းဖြစ်မိပါတယ်။

အခုက မြန်မာသက္ကရာဇ်အရ ပထမ ၀ါဆိုလကွယ် လွန်လာလို့ ဒုတိယဝါဆို တစ် နည်းအားဖြင့် ၀ါဆိုကြီးက မကြာခင် ရောက် ရှိလာပါတော့မယ်။ လတ်တလော မွန်ပြည် နယ်အတွင်းမှာ ရာသီဥတုက သာသာယာယာ ရှိနေပေမဲ့ ဘယ်လိုအချိန်မှာ ရာသီဥတုက ထဖောက်မလဲ မသိရသေးပါဘူး။

ပြည်သူတွေအနေနဲ့ကလည်း မိုးလေ ဝသသတင်းတွေကို နားစွင့်ရင်း အကယ်၍ များ သဘာဝဘေးကျရောက်လာခဲ့ရင်လည်း အောင်မြင်စွာ ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင် မှုတွေ အသင့်လုပ်ဆောင်ထားကြဖို့ တိုက် တွန်းပါရစေ။

Most Read

Most Recent