‘အနောက်ဘက်ကမ်းကတော့ ညဆို ပစ်သံတွေ ပေါက်ကွဲသံတွေ ကျွန်တော်တို့ အရှေ့ဘက်ကမ်းက ကြားရတယ်။ ခုရက်ပိုင်းမှ အသံမကြားရတာ’ လို့ ညောင်ဦးမြို့ခံ ကိုဝင်းမင်းက ပြောပြပါတယ်။
ညောင်ဦးမြို့ရဲ့ အနောက်ဘက်ကမ်းဆိုတာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း တန့်ကြည့်တောင်အနီးတစ်ဝိုက်က ကျေးရွာတွေပါ။ ဒီကျေးရွာတွေမှာ ဇူလိုင်လ ပထမပတ်လောက်က နယ်မြေမတည်မငြိမ်ဖြစ်ခဲ့ပြီး ဒေသခံအများအပြား ပုဂံညောင်ဦးနဲ့ အခြားဘေးလွတ်ရာကို ပြောင်းခဲ့ရပါတယ်။ လက်ရှိတော့ နယ်မြေတည်ငြိမ်ပေမဲ့ သက်ကြီးတွေနဲ့ ကလေးတွေက ညောင်ဦးမြို့နဲ့ ပုဂံဒေသက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲပါ။
‘ ပြီးခဲ့တဲ့ရက်ကဆို ညတိုင်း သေနတ်သံ ပေါက်ကွဲသံကြားရတယ်။ အဲဒီဘက်က လူတွေလည်း ကျွန်တော်တို့ ပုဂံညောင်ဦးက ဘုန်းကြီးကျောင်းတွေမှာ လာနေရတာ။ ပြီးခဲ့တဲ့ သုံးရက်လောက်ကစပြီး အသံတွေ ငြိမ်သွားတယ်။ လူငယ်လူလတ်တွေကတော့ မနက်ဆို သူတို့ ရွာပြန်တယ်။ အလုပ်ပြီး ညနေမစောင်းခင် ကျွန်တော်တို့ဘက်ခြမ်း ပြန်ကူးလာကြတယ် ‘ လို့ အကူအညီပေးနေသူတစ်ဦးက ပြောပြပါတယ်။
ပခုက္ကူနယ်ဘက်က မြစ်အနီးကျေးရွာတွေမှာ ပြဿနာရှိသလို ကုန်းတွင်းဘက်ရွာတွေမှာလည်း နယ်မြေ မအေးချမ်းတာတွေ ရှိပါတယ်။ လက်ရှိကာလ ပဲနောက်ကောက်ချိန်ဆိုတော့ ကုန်းတွင်းက တောင်သူတွေမှာ လုပ်ငန်းခွင် အခက်အခဲတွေလည်း ရှိလာကြုံလာပါတယ်။
အညာမှာ ပဲတီစိမ်းကို ပဲနောက်လို့ ခေါ်ကြပါတယ်။ ပဲနောက်ကို ပြီးခဲ့တဲ့ မေလဆန်းက စိုက်ပျိုးခဲ့တာဆိုတော့ ခုဇူလိုင်လကုန်ပိုင်းမှာ ပဲဆွတ်နေကြပါပြီ။ အညာဒေသအခေါ်ကတော့ ပဲနောက်ကောက်တယ်လို့ ဆိုပါတယ်။ ခုလို မိုးလေမကင်းချိန် ပဲခင်းထဲ ပဲနောက်တွေ ခြောက်ပြီဆိုရင် အလုပ်သမားငှား၊ ထမင်းချိုင့်နဲ့ လှည်းမောင်းပြီး မနက်နေမထွက်ခင်ကနေ ယာခင်းဆီသွားပြီး ခပ်သွက်သွက် ပဲနောက်ကောက်တဲ့ အချိန်ပါ။ ယာခင်းတိုင်းနီးပါး တောင်သူတွေ ရှိနေတဲ့ အချိန်ဆိုလည်း မမှားပါဘူး။
‘၂၀၂၁ ကတော့ ရွာမှာ နေဖြစ်လုပ်ကိုင်ဖြစ်သေးတယ်။ တောင်သူလည်း လုပ်တယ်။ ပဲ၊ နှမ်း အကုန်စိုက်တယ်။ ၂၀၂၂ ရောက်တော့ ရွာမှာ နေရတာ သိပ်အဆင်မပြေတော့ဘူး။ ရှောင်ရတိမ်းရတာတွေ လုပ်ရတယ်။ တောင်သူလုပ်ငန်းကလည်း စိုက်သာ စိုက်လိုက်ရတယ်။ ကိုယ်ပြန်သိမ်းရပါ့မလားဆိုတာကို မသေချာဘူး။ အခုရွာမှာ မနေတော့ဘူး။ မြို့ကို ပြောင်းနေရတယ်။ အိမ်လည်း ထားခဲ့တယ်။ ယာခင်းလည်း လုပ်ချင်တဲ့သူရှိ ပေးလုပ်လိုက်တယ်။ ရွာမှာပဲ အေးအေးဆေးဆေး တောင်သူလုပ်ပြီး နေချင်တာ‘ လိုု့ မြိုင်မြို့နယ်မှ တောင်သူ ကိုဖိုးဌေးက သူ့အခြေအနေကို ပြောပြပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကစပြီး အညာမြေမှာ မျှော်လင့်မထားတဲ အခြေအနေတွေ ကြုံလာပါတယ်။ တချို့က ရွာမှာ မနေရဲတော့လို့ အရပ်တစ်ပါး ပြောင်းသူက ပြောင်း၊ တချို့ အခြားအရပ်ပြောင်းဖို့ မလွယ်လို့ ရွာမှာပဲ အခြေအနေ နားစွင့်ပြီး ယာလုပ်ငန်း လုပ်ရပါတယ်။ လက်ရှိဇူလိုင်လမှာဆိုရင် ပဲနောက်ကောက်ပြီမို့ မကြာမီ မြို့တက် ပဲရောင်းရင်း ဆန်ဆီဆား နဲ့ တောင်သူလုပ်ငန်း လိုအပ်တာတွေ ဝယ်ကြတော့မှာပါ။
လတ်တလော မြိုင်မြို့ကနေ ပခုက္ကူသွားဖို့လည်း မလွယ်သလို ပခုက္ကူကနေ ပေါက်မြို့ဆီ သွားဖို့ကလည်း မလွယ်သေးပါးဘူး။ ‘တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပစ်ကြပြီဆိုရင် တောထဲ သွားရှောင်နေရတာ။ ရွာနားတစ်ဝိုက် ပစ်သံကြားရင်လည်း ရှောင်ဖို့ ပြင်နေရတာ။ တူတူပုန်းတိုင်း ဆော့သလိုပဲ။ အခြေအနေ မကောင်း တောထဲသွား။ အသံမကြားရတော့ဘူးဆို ရွာပြန်။ ယာအလုပ်လုပ်ဖို့ အမြန်ပြီးအောင် ထွန်စက်နဲ့ မောင်းချင်လို့ ထွန်စက်ခေါ်တာတောင် လိုက်မယ့်သူ မရှိဘူး။ ဒီနှစ်တောင်သူလုပ်ရတာ မလွယ်ဘူး ‘လို့ ရေစကြိုမြို့နယ်မှ ကိုလူချော ကပြောပါတယ်။
အခက်အခဲတွေကြားကနေ စိုက်ပျိုးလုပ်ကိုင်နေရတဲ့ တောင်သူတွေအတွက် ပဲအထွက်နှုန်းက လုပ်ပျော်တဲ့ အခြေအနေ မဖြစ်သေးပါ။ မိုခါမုန်တိုင်းကြောင့် မိုးဦး ကောင်းကောင်းရခဲ့ပေမဲ့ နောက်မိုးပါးလို့ ပဲတီစိမ်းတွေ အသီးနည်းနေပါသေးတယ်။ လက်ရှိ အသီးအခြေအနေက ပုံမှန်အထွက်နှုန်း တစ်ဝက်အောက်မှာပဲ ရှိနေသေးတယ်လို့ သီးနှံဆွတ်ခူးနေတဲ့ တောင်သူတွေက ပြောပြပါတယ်။
လာမယ့်ရက်များ မိုးရွာရင်တော့ အသီးထပ်သီးနိုင်လို့ မိုးမျှော်နေတယ်လို့ ဆိုကြပါတယ်။ သြဂုတ်လလယ်လောက်အထိ ပဲတီစိမ်းဆွတ်ခူးကြမှာဖြစ်လို့ ကြားကာလထဲ မိုးရဖို့ အရေးကြီးပါတယ်။
‘နောက်မိုး မလိုက်တော့ အသီးမတင်ဘူး။ တင်တဲ့အခင်းလည်း တင်ပါတယ်။ အများစုက အထွက်မကောင်းဘူး။ ပဲတီစိမ်းက တစ်ဧက မိုးကောင်းရင် တင်းဆယ်ချိီထွက်တယ်။ အထွက်ကောင်းလို့ အကျိုးအမြတ်များများ ရဖူးသလို မိုးမကောင်းလို့ စိုက်ခင်းဖျက်လိုက်ရပြီး စိုက်စရိတ်ရှုံးတာလည်း ရှိတယ် ‘ လို့ ပခုက္ကူမြို့နယ် မှ ဦးမောင်ညွန့်က ပြောပြပါတယ်။
ပဲတီစိမ်း အထွက်ကောင်းဖို့ မိုးမျှော်ရသလို သီးသမျှ အသီးဆွတ်ခူးနိုုင်ဖို့ နယ်မြေအေးချမ်းဖို့လည်း လိုပါတယ်။ မိုးကောင်းလို့ ပဲသီးပေမဲ့ မဆွတ်ခူးနိုင်ရင် အက်ကွဲကြွေကျမှာဖြစ်ပါတယ်။ ပဲတီစိမ်းဟာ မိုးဦးသီးနှံမို့ တောင်သူတွေအတွက် အရေးပါတယ်။ ဒီသီးနှံအကျိုးအမြတ်ရရင် စက်တင်ဘာလမှာ စိုက်မယ့် နှမ်းနက် အထွက် စိုက်အားရှိတယ်လို့ တောင်သူတွေကေ ပြာပြပါတယ်။ မိုးနှောင်းမှာစိုက်တဲ့ နှမ်းနက်က မြေဆီမြေသြဇာ ထည့်သွင်းမှု များပြားတာကြောင့် စိုက်စရိတ်မြင့်ပါတယ်။ ပဲတီစိမ်းအမြတ်ရရင် မြေဆီမြေသြဇာထည့်ဖို့ ပိုအားရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။
စိုက်စရိတ်မြင့်၊ စားစရိတ်ကြီးတဲ့ ကာလကြီးမှာ စိုက်သမျှ ရိတ်သိမ်း ရောင်းချရပါမှ စားဝတ်နေရေး အလျင်မီမှာပါ။ စိုက်သမျှ မရိတ်ရရင် ၊ ရိတ်သမျှ မရောင်းရရင်လည်း ပိုပြီး ကျပ်တည်းလာဖို့ပဲ ရှိပါတယ်။ လက်ရှိတော့ ပဲတီစိမ်းတစ်တင်း ကျပ် ၆၀၀၀၀ အထက်ရှိတော့ စျေးတန်းကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဝယ်လက်ကောင်းရင် ကောင်းသလို စျေးထက် မြင့်ဦးမှာပါ။ လက်ရှိတော့ အညာမှာ မိုးပြန်ရွာလို့ တောင်သူများ ပဲထပ်ဆွတ်ရဦးမှာပါ။ ပဲဆွတ်ချိန်မှာ
တောင်သူများ အတောင့်တဆုံးက အေးချမ်းမှုသာဖြစ်ပါတော့တယ်။










