
ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့-ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းသစ် Kings Bank Channel ကို ရှာဖွေခဲ့ပြီးနောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့ စံချိန်တင် အကြီးဆုံး ကုန်သေတ္တာတင်သင်္ဘော ဆိုက်ကပ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်သည့်သတင်းများအရ သိရသည်။
ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံ ဝန်ဆောင်မှုပေးလာနိုင်ခြင်းဖြစ်သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းသစ် Kings Bank Channel ကို ရှာဖွေခဲ့ပြီးနောက် ရေလမ်းကြောင်းတိုးတက် ကောင်းမွန်ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရေလမ်းကြောင်း ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်သည့်သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခဲ့ပြီး ဇွန် ၂၂ ရက် နံနက်က အေးရှားဝေါလ်ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အခြေစိုက် SITC Shipping Line မှ LOA 185.99 မီတာ၊ GRT 29231 တန်နှင့် ကုန်သေတ္တာ ၂၆၉၈ TEU တင်ဆောင်နိုင်သည့် MV SITC Zhoming ကုန်သေတ္တာသင်္ဘောကြီးသည် ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ငါးလတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၆၄ စင်း ၂၁ ရက်နေ့အထိ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၄၀ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင် ၅၁ စင်း ဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းများတွင် ၂၀၂၂ နိုဝင်ဘာလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁ စင်း၊ ဒီဇင်ဘာတွင် သင်္ဘော ၅၄ စင်း၊ အောက်တိုဘာတွင် ကုန်သေတ္တာတင် သင်္ဘောစင်းရေ ၅၀၊ စက်တင်ဘာတွင် ၅၅ စင်း၊ သြဂုတ်တွင် ကုန်သေတ္တာတင် သင်္ဘော ၅၅ စင်း၊ ဇူလိုင်တွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း ဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်သည်။