FA ထံ ပေးရသည့်ဒဏ်ကြေးများ မည်သည့်နေရာသို့ ရောက်သွားသည်ကို သိလိုကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် မေးခွန်းထုတ်

FA ထံ ပေးရသည့်ဒဏ်ကြေးများ မည်သည့်နေရာသို့ ရောက်သွားသည်ကို သိလိုကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် မေးခွန်းထုတ်
Photo: Twitter
Photo: Twitter
Published 22 May 2023

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ထံ ပေးဆောင်ရသည့်ဒဏ်ကြေးများ မည်သည့်နေရာသို့ရောက်သွားသည်ကို သိရှိလိုကြောင်း သောကြာနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းထုတ်ခဲ့သည်။

ယာဂန်ကလော့ပ်သည် ဧပြီလကုန်ပိုင်းက စပါးအသင်းနှင့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင် ပေါလ်တီယာနေးကို ဝေဖန်ခဲ့သောကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၇၅၀၀၀ ဒဏ် ကြေးချမှတ်ခံထားရသည်။

ပွဲပယ်ပြစ်ဒဏ် နှစ်ပွဲအနက် တစ်ပွဲကို ချက်ချင်းကျခံရမည် ဖြစ်သောကြောင့် စနေနေ့က ဗီလာအသင်း နှင့်ကစားသည့် အိမ်ကွင်းနောက်ဆုံးပွဲကို ကွင်းအတွင်း ကြီးကြပ်ခွင့်မရဘဲ လွဲချော်ခဲ့ပြီး ကျန်တစ်ပွဲမှာမူ ၂၀၂၃-၂၀၂၄ ရာသီကုန်အထိ ဆိုင်းငံ့အဖြစ် ချမှတ်ထားခြင်းဖြစ်သည်။

ယာဂန်ကလော့ပ်သည် စပါးအသင်းနှင့်ပွဲ၌ ပွဲပြီးခါနီးနာကျင်အချိန်ပိုတွင် အနိုင်ဂိုးရရှိပြီးနောက် စတုတ္ထဒိုင်အရှေ့သို့သွား၍ အောင်ပွဲခံခဲ့သောကြောင့် အဝါကတ်ပြခံခဲ့ရပြီး နိုဝင်ဘာတွင်လည်း မန်စီးတီးအသင်းနှင့်ပွဲ၌ အနီကတ်ပြခံရသဖြင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသည်။

သို့ဖြစ်ရာ ၎င်းက "ပြစ်ဒဏ်ချခံရမယ်လို့ မျှော်မှန်းထားပြီးသားပါ။ အဲဒါက အဆင်ပြေပါတယ်။ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျွန်တော်သိချင်တယ်။ ကောင်းတဲ့နေရာဆီ ရောက်သွားရင် ကျွန်တော်လည်း ပျော်ပျော်ပဲ ပေးလိုက်မှာပါ။ တကယ်လို့ FA က ထိန်းသိမ်းထားတာဆိုရင်တော့ ကျွန်တော်တို့ စကားထပ်ပြောဖို့ လိုပါပြီ။ ပွဲပယ်ခံရပေမဲ့ ကျွန်တော်က ပိုကောင်းတဲ့နေရာကနေ ကြည့်ခွင့်ရပြီး နည်းပြအဖွဲ့နဲ့လည်း အဆက်အသွယ် ရှိနေမှာပါ။ ဗီတို (နည်းပြအဖွဲ့ဝင် ဗစ်တာမာတော့စ်) နဲ့ ကျွန်တော် အဆက်အသွယ်ရှိနေမှာပါ။ လူစားလဲတဲ့ကိစ္စအပါအဝင် အားလုံးကို ကျွန်တော်တို့ ပြောလို့ရပါတယ်။ ပက် (လက်ထောက်နည်းပြ ပက်လင်ဒါ) ကလည်း မယုံနိုင်အောင်တော်တဲ့ နည်းပြတစ်ဦးပါ။ အဲဒီနေရာမှာ သူလည်းရှိနေမှာပါ" ဟု ပြောကြားသည်။

Most Read

Most Recent