အာဆင်နယ်အသင်းသည် ဝက်စ်ဟမ်းအသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) ဖြင့် ခေါ်ယူရန် အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် လာမည့် ၂၀၂၃-၂၄ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားခြင်းကြောင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်သွားရန် စီစဉ်နေပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို နံပါတ် (၁) ပစ်မှတ်အဖြစ် ကြိုးစားနေခြင်းဖြစ်သည်။
Daily Mail ၏ ဖော်ပြချက်အရ အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံဆုများကို စိန်ခေါ်နိုင်ရန်အတွက် အသင်းကိုတည်ဆောက်သွားရန် စီစဉ်နေပြီး ကန့်သတ်ထားသည့် လစာစည်းမျဉ်းကိုပင် ပြင်ဆင်သွားရန်စီစဉ်နေကြောင်း သိရှိရသည်။
ထို့ပြင် အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် ဒက်ကလက်ရိုက်စ်အပြင် ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်ရန်အတွက် အသင်းရှိ ချာကာ၊ တီယာနေးတို့လို ကစားသမားများကိုပါ ရောင်းထုတ်ကာ ရန်ပုံငွေရှာဖွေသွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။
အာဆင်နယ်အသင်းသည် လက်ရှိတွင် ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်(၂၄ နှစ်)ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) ဖြင့် ကမ်းလှမ်းရန်နှင့် တစ်ပတ်လစာ ပေါင် (၃၀၀ç၀၀၀)ကျော်အထိ ပေးချေရန် အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်း၏ ယခင်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်မှာ အိုင်ဗရီကို့စ်တိုက်စစ်ကစားသမား ပေပေဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ပေါင် (၇၂) သန်း ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်းသည် ၂၀၂၄ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒက်ကလန်ရိုက်စ်အတွက် ပေါင်သန်း (၁၀၀) အထိ အလိုရှိနေသော်လည်း အာဆင်နယ်အသင်းက ပေါင်သန်း (၉၀) ဖြင့် ကနဦးကမ်းလှမ်းရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် ဒက်ကလန်ရိုက်စ်အပြင် ရီးယဲလ်နောက်ခံလူ ဖာလန်းမန်ဒီနှင့် ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုတို့ကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။















