မန္တလေးမြို့ရှိ ယာယီပိတ်သိမ်းထားသည့်ပုဂ္ဂလိကဆေးရုံငါးရုံအနက် နန်းတော်ဆေးရုံ ၊ ကံ့ကော်ဆေးရုံနှင့် မြို့တော်ဆေးရုံတို့ကို ဆေးရုံလုပ်ငန်းလိုင်စင်များ အပြီးပယ်ဖျက်

မန္တလေးမြို့ရှိ ယာယီပိတ်သိမ်းထားသည့်ပုဂ္ဂလိကဆေးရုံငါးရုံအနက် နန်းတော်ဆေးရုံ ၊ ကံ့ကော်ဆေးရုံနှင့် မြို့တော်ဆေးရုံတို့ကို ဆေးရုံလုပ်ငန်းလိုင်စင်များ အပြီးပယ်ဖျက်
Published 18 May 2023

ယာယီပိတ်သိမ်းထားသည့် မန္တလေးမြို့မှ နာမည်ရ ပုဂ္ဂလိကဆေးရုံငါးရုံအနက်မှ ဆေးရုံသုံးရုံအား ဆေးရုံလုပ်ငန်းလိုင်စင်များကို ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။

ဆေးရုံလုပ်ငန်းလိုင်စင် ပယ်ဖျက် ပိတ်သိမ်းလိုက်သည့် ဆေးရုံသုံးရုံမှာ နန်းတော်၊ မြို့တော်နှင့် ကံ့ကော်ဆေးရုံတို့ ဖြစ်ပြီး အဆိုပါ ဆေးရုံသုံးခု၏ လုပ်ငန်းလိုင်စင်ပယ်ဖျက်ခြင်းကို ပုဂ္ဂလိကဆိုင်ရာကျန်းမာရေးဗဟိုအဖွဲ့မှ မေလ ၁၅ ရက်​​နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်

ယင်းထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းပိတ်သိမ်းထားရှိသည့် နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံ လိုင်စင်ရရှိသူတို့သည် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဥပဒေ ပုဒ်မ ၁၉(က)ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် ၁၃-၂-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါဆေးရုံသုံးခု၏ လုပ်ငန်းလိုင်စင်ကို ၁-၁-၂၀၂၃ ရက်နေ့မှစတင် ပယ်ဖျက်လိုက်သည်ဟု တွေ့ရှိရသည် ။

ယာယီပိတ်ထားရန် ညွှန်ကြားခဲ့သည့် မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံငါးခုမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်ခြင်းမရှိတော့ပဲ ယခုအခါ ဆေးရုံးသုံးခု၏ လုပ်ငန်းလိုင်စင်များကို အပြီးပယ်ဖျက်ပိတ်သိမ်းခဲ့ခြင်းဖြစ်သည် ။

"၁၅ ရက်နေ့ ရက်စွဲနဲ့ ဆေးရုံလိုင်စင်ပယ်ဖျက်တဲ့ထုတ်ပြန်ချက်ကို ၁၆ ရက်နေ့မှာ သိရတယ်။ အဲ့လို လိုင်စင်ပယ်ဖျက်တဲ့ အစည်းအဝေးက ၂ လပိုင်းကတည်းကဆိုပေမယ့် ဘယ်သူမှ မသိကြဘူး။ အခု မေလထဲမှာကို ဆေးရုံပြန်ဖွင့်ပေးဖို့ စာတင်ထားသေးတာ" ဟု ပုဂ္ဂလိကဆေရုံတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောကြားသည် ။

ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံ ၊ ပုဂ္ဂလိကအထူးကုဆေးရုံများတွင် လိုင်စင်ရရှိသူ တာဝန်ခံပုဂ္ဂိုလ်နှင့် ပြုစုကုသမှုပေးအပ်နေသော ဆရာဝန်များ သူနာပြုများ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များသည် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေများနှင့် နိုင်ငံတော်၏တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း ၊ ထို့ပြင် မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများသည် ပြည်သူလူထု၏ကျန်းမာရေးလိုအပ်ချက်များကို သင့်တင့်မျှတသော စရိတ်ရယူ၍ တည်ဆဲဥပဒေများကို လိုက်နာလျက် ဘေးကင်းလုံခြုံ စိတ်ချရသောဆေးဝါးကုသမှုများကို  ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည် ။

ယင်းသို့ ဆေးဝါးကုသမှုနှင့် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းကာ လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံရသည့် ပုဂ္ဂလိကဆေးရုံအချို့မှာ CDM ပြုလုပ်ထားသည့် ဆေးဝန်ထမ်းများ ခန့်အပ်ထားခြင်းကြောင့်ဖြစ်သည်ဟု ဆေးပညာအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆေးရုံအချို့တွင်  အထူးကုဆရာဝန်အချို့ အပါအဝင် သူနာပြုအချို့ ဖမ်းဆီးခံရသည့် သတင်းများ ထွက်ပေါ်ခဲ့သည် ။

Most Read

Most Recent