မေ ၉ ရက်က ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင်မြန်မာနိုင်ငံမှ မြို့ခြောက်မြို့ ပါဝင်ကြောင်း နိုင်ငံတကာ မိုးလေဝသသတင်းအချက်အလက်များဖော်ပြသည့် El Dorado Weather ၏ထုတ်ပြန်ချက်အရ သိရသည်။
မေ ၉ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦးမြို့၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ဖြစ်သည်။
အဆိုပါ El Dorado Weather က ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့အား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ မေ ၉ ရက်တွင် မြန်မာနိုင်ငံမှ ချောက်မြို့မှာ အပူဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။
ချောက်မြို့မှာ အပူချိန် ၄၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် ပထမနေရာတွင်လည်းကောင်း၊ မကွေးမြို့မှာ ၄၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၅ နေရာတွင်လည်းကောင်း၊ မင်းဘူးမြို့မှာ ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ဖြင့် အဆင့် ၈ နေရာတွင်လည်းကောင်း၊ ညောင်ဦးမြို့မှာ ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၉ နေရာတွင်လည်းကောင်း၊ တောင်ငူမြို့မှာ ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၀ နေရာတွင်လည်းကောင်း၊ ပြည်မြို့မှာ ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၄ နေရာတွင်လည်းကောင်း အသီးသီးရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။
အခြားသောမြို့များမှာ ဆီနီဂေါနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ပါကစ္စတန်၊ နိုက်ဂျာနှင့် ချဒ်နိုင်ငံတို့မှ မြို့များဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့များမှာ ဧပြီလပိုင်းကလည်း ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် သုံးရက်ဆက်တိုက် ပါဝင်ခဲ့ဖူးသည်။
ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် တောင်အာဖရိကနိုင်ငံ Port St Johns က ၅၅ ဒသမ ၆ စင်တီဂရိတ်ဖြင့် ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှ မြို့တစ်မြို့ဖြစ်သည့် ချောက်မြို့မှာ ၄၂ ဒသမ ၉ စင်တီဂရိတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရောက်ရှိခဲ့သည်ဟု El Dorado Weather ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည့်အချက်အလက်များအရ အာဖရိကတိုက်နိုင်ငံတစ်ခုဖြစ်သည့့် နိုင်ဂျာနိုင်ငံမှာ ကမ္ဘာ့အပူဆုံးမြို့ အများအပြားရှိနေပြီး ၁၀ နေရာတွင် ခြောက်နေရာအထိ ပါဝင်နေသည်ကို တွေ့ရသည်။
ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့၊ ညောင်ဦးမြို့တို့မှာ ဆက်တိုက်ပါဝင်ခဲ့ပြီး ဧပြီ ၂၂ ရက်တွင်မူ ချောက်မြို့မှာ အဆင့် ၁၁ နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၁ ရက်က ကမ္ဘာ့အပူဆုံးမြို့များစာရင်းအဖြစ် El Dorado Weather (EDW) က ဖော်ပြထားချက်အရ နိုင်ဂျာနိုင်ငံ၏ N’Guig-mi မြို့မှာ ၄၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် ပထမနေရာ၊ Birni-N’Konni မြို့ ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် ဒုတိယ၊ မြန်မာနိုင်ငံ ချောက်မြို့မှာ ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် တတိယနေရာတွင်ရှိခဲ့ပြီး ညောင်ဦးမြို့က ၄၄ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၁၁) နေရာတွင် ရပ်တည်ခဲ့သည်။
ဧပြီ ၂၀ ရက်တွင် အမြင့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံများအနက် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာ ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ပြီး ဒုတိယနေရာတွင် ၄၅ ဒီဂရီစင်တီ ဂရိတ်နှင့် ညောင်ဦးမြို့က ရောက်ရှိခဲ့သည်။
ယင်းနောက် ဧပြီ ၂၂ ရက်တွင်မူ ကမ္ဘာ့အပူဆုံး ထိပ်ဆုံးမြို့ ၁၀ မြို့စာရင်းမှ မြန်မာနိုင်ငံ ချောက်မြို့မှာ လျော့ကျခဲ့ပြီး အဆင့် ၁၁ နေရာသို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ ဇောင်းတူမြို့မှာ နှစ်ရက်အတွင်း အပူချိန်စံချိန်သစ်တင်ခဲ့သည်။
ဇောင်းတူမြို့တွင် မေ ၆ ရက်က အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၄၂ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။















