၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၁၂ သန်း နီးပါးဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၂၁ရက်အထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၆၀၆ ဒသမ ၆၇၉ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၀၁၈ ဒသမ ၆၄၈ သန်းရှိခဲ့ကာ ကုန်သွယ်မှု လိုငွေဒေါ်လာ ၄၁၁ ဒသမ ၉၆၉ သန်း ဖြစ်ပေါ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသ မ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှာ ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ၃ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ပမာဏဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသ မ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက် ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန် ဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း(၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်ဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ) ဖြင့် ကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။









