ဧပြီလအတွင်း မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ၌ စံချိန်တင်အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာပြီး သုံးနှစ်ကျော်အတွင်း သုံးလဆက်တိုက် တိုးတက်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ

ဧပြီလအတွင်း မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ၌ စံချိန်တင်အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာပြီး သုံးနှစ်ကျော်အတွင်း သုံးလဆက်တိုက် တိုးတက်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
Published 4 May 2023

ဧပြီလအတွင်း မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ၌ စံချိန်တင်အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာပြီး သုံးနှစ်ကျော်အတွင်း သုံးလဆက်တိုက် တိုးတက်ခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သည့် S & P Global မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်းများအစီရင် ခံစာတွင် ဖော်ပြထားသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ဆုံးသုံးနှစ်အတွင်း အများဆုံး မြင်တွေ့ခဲ့ရသည့် ဆက်တိုက်ကျဆင်းလာမှု အစဉ်ကို စွန့်ခွာလျက် ဖေဖော်ဝါရီလမှစပြီး ကိန်းဂဏာန်းများက မြန်မာစက်မှုကဏ္ဍဟာ ဦးမော့လာနေတာကို အချက်ပြလိုက်ပြီး လုပ်ကိုင်မှုအခြေအနေများ တိုးတက်လာနေတာကို လစဉ်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဓိကအကျဆုံး PMI အညွှန်းကိန်းဟာ ဧပြီလမှာ စံချိန်တင်အမြင့်ဆုံးအဖြစ် နှစ်လဆက်တိုက်  မှတ်တမ်းတင်ခဲ့ကာ သုံးနှစ်ကျော်အတွင်း အမှတ် ၅၀.၀ အထက်မှာ သုံးလဆက်တိုက်မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ စစ်တမ်းထဲ ပါဝင်ဖြေဆိုကြသူတို့ရဲ့အဆိုအရ အော်ဒါအသစ်များရရှိမှုတစ်ဟုန်ထိုး မြင့်မားလာမှုကြောင့် ကုမ္ပဏီများအနေနဲ့ ၎င်းတို့ရဲ့ ထုတ်လုပ်မှုများကို တိုးမြှင့်စေခဲ့ပါတယ်။ ဒါ့အပြင် အလုပ်နေရာများမှာ ၁၀ လအတွင်း ပထမအကြိမ် မြင့်တက်လာခဲ့ပါတယ်”ဟု S&P Global market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသောအညွှန်းကိန်းမှာ ဖေဖော်ဝါရီလမှစပြီး ကြားနေအမှတ် ၅၀.၀ အထက်မှာ နှစ်လဆက်တိုက် မှတ်တမ်းတင်လိုက်ပြီး မတ်လ၏ ၅၅.၅ မှ ၅၇.၄ သို့ တက်လှမ်းလိုက်သည်။ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ စျေးဝယ်များဘက်မှ ဝယ်လိုအားကို ဗဟိုပြုခဲ့ရာ ထုတ်လုပ်မှု၊ ဝယ်ယူမှုနှင့် အလုပ်နေရာအရေအတွက်ကို မြှင့်တင်ပေးခဲ့သည်။

စက်မှုထုတ်လုပ်မှုနှင့်လုပ်ငန်းအသစ် ပမာဏများ တိုးလာသည့်နှုန်းမှာ ဧပြီလတွင် ပိုမြန်လာခဲ့သည်။ စင်စစ်တွင်နောက်ဆုံးဦးမော့မှုများမှာ စစ်တမ်းတွင် စတင်ခဲ့သည့် ၂၀၁၅ ဒီဇင်ဘာမှစပြီး မှတ်တမ်းတင်ခဲ့သည့် အမြန်ဆုံးနှုန်းများဖြစ်ကြောင်း ဖော်ပြထားသည်။

အနာဂတ်ကို မျှော်ကြည့်ပါက ထုတ်လုပ်သူတို့အကြားရှိ အကောင်းမြင်စိတ်မှာ သမိုင်းစဉ်အရ အားပျော့နေခဲ့သော်လည်း တစ်နှစ်အတွင်းမှာ မှတ်တမ်းတင်နိုင်ခဲ့သည့်အကောင်းဆုံးတစ်ခုဖြစ်သည်။ အော်ဒါများနှင့် ထုတ်လုပ်မှုတိုးလာမည့်မျှော်လင့်ချက်များက ယုံကြည်မှုကို ပံ့ပိုးပေးခဲ့ကြောင်း၊ သို့သော်လည်း ပါဝင်ဖြေခဲ့ကြသူ အများစု(၉၆ ရာခိုင်နှုန်း)တို့က လာမည့် ၁၂ လအတွင်း ထုတ်လုပ် မှုပြောင်းလဲမည်မဟုတ်ဟု မျှော်လင့်ထားကြကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent