သင်္ကြန်ကာလနောက်ပိုင်းတွင် ပြည်တွင်းဆန်စျေးနှုန်းများ ရုတ်ခြည်းမြင့်တက်လာပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငါးထောင်ကျော်၊ ဆန်ချောတစ်အိတ်လျှင် ကျပ်တစ်သောင်းကျော် မြင့်တက်လာ

သင်္ကြန်ကာလနောက်ပိုင်းတွင် ပြည်တွင်းဆန်စျေးနှုန်းများ ရုတ်ခြည်းမြင့်တက်လာပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငါးထောင်ကျော်၊ ဆန်ချောတစ်အိတ်လျှင် ကျပ်တစ်သောင်းကျော် မြင့်တက်လာ
Published 25 April 2023

သင်္ကြန်ကာလနောက်ပိုင်းတွင် ပြည်တွင်း ဆန်စျေးနှုန်းများ ရုတ်ခြည်းမြင့်တက်လာပြီး ဆန်အရောင်းအဝယ်ပြုလုပ်သည့် ဆိုင်အချို့ အရောင်းရပ်ထားရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆန်စျေးကွက်အတွင်းမှ သိရသည်။

သင်္ကြန်ကာလမတိုင်မီက ဆန်ကြမ်းများဖြစ်သည့် ရက် ၉၀ အမျိုးအစားဆန်မှာ တစ်အိတ်လျှင် ကျပ်ခြောက်သောင်းခွဲသာရှိရာမှ သင်္ကြန်အပြီးနောက်ပိုင်းတွင် တစ်အိတ်လျှင် ကျပ် ၇၂၀၀၀ သို့ မြင့်တက်သွားကြောင်း၊ ဆန်ချောအမျိုးအစားဖြစ်သည့် ရွှေဘိုထိပ်စမှာ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် တစ်အိတ်လျှင် တစ်သိန်းနှစ်သောင်းကျော်အထိ မြင့်တက်သွားကြောင်း ဆန်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောကြားသည်။

“ဒီစျေးတွေဆိုတာက လက်ကားယူရတဲ့ စျေးတွေပေါ့။ သင်္ကြန်မတိုင်ခင်က နည်းနည်းချင်းပဲ တက်သေးတာ။ သင်္ကြန်ပြီးတော့ ဆန်ကြမ်းတစ်အိတ်ကို ငါးထောင်ကျော်တက်တယ်။ ဆန်ချောက တစ်သောင်းနီးနီးလောက် တက်သွားတယ်။ စျေးစတက်တာက တိတိကျကျ ပြောရမယ်ဆိုရင် ဧပြီ ၂၀ ရက်နောက်ပိုင်းမှာ စျေးတွေတက်ကုန်တာ” ဟု ဆန်လက်လီအရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆန်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဆန်လက်ကားရောင်းချသည့်ဆိုင်များမှာ လတ်တလောတွင် အရောင်းရပ်ထားရခြင်းများရှိလာကြောင်း ဆန်စျေးကွက်အတွင်းမှ သိရသည်။

“သင်္ကြန်မတိုင်ခင်တုန်းက ဆန်ချောရော ဆန်ကြမ်းရော သိန်း ၅၀ ဖိုးလောက် ဝယ်ထားလိုက်တာ။ အခုအဲဒီစျေးနဲ့ဝယ်မရတော့ဘူး။ ဆိုင်ဆိုတာက လိုတာနဲ့ ထပ်ဖြည့်ရတာလေ။ ကျွန်တော်ဆို အရင်ဝယ်ထားတာကို အမြတ်တင်ရောင်းထားတာတောင် နောက်ထပ်ဝယ်ရမယ့်ဆန်ကို ဘယ်လိုလုပ်ဝယ်နိုင်မလဲ။ စျေးတက်ရောင်းနေရတယ်။ အခုမြတ်တဲ့ငွေက နောက်ထပ်ကုန်အတွက် အရင်းဖြစ်သွားတာပဲရှိတယ်။ စျေးက ထိုးတက်သွားတော့ ဘယ်လိုလုပ် ကိုက်မလဲ။ လုပ်ငန်းမပျက်အောင်ပဲ လုပ်ရတဲ့သဘောဖြစ်သွားတယ်။ ဒီမနက်စျေးကွက်ထဲ လိုက်စုံစမ်းတော့ တချို့ဆန်ဒိုင်တွေက အရောင်းခဏဆိုင်းထားတယ်။ မှာလို့မရတာတွေဖြစ်နေတယ်” ဟု မြို့နယ်တစ်ခုအတွင်း ဆန်လက်လီရောင်းချသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆန်ချောအမျိုးအစားများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင်သာ ထွက်ရှိပြီး ဧရာဝတီတိုင်းဘက်မှထွက်ရှိသည့် ဆန်အများစုမှာ ဆန်ကြမ်းအမျိုးအစားများသာဖြစ်ကြောင်း ဆန်စျေးကွက်အတွင်းမှ သိရသည်။

“အခုက စပါးစျေးကလည်း ထပ်တက်နိုင်တယ်ဆိုပြီး ခန့်မှန်းနေကြတယ်။ နွေစပါးက ပေါ်တော့မယ်လေ။ အခုစပါးစျေးတက်တာက တောင်သူလက်ထဲမှာ စပါးမရှိတဲ့အချိန်မှာ စပါးစျေးတက်တာ။ နွေစပါးပေါ်လာတဲ့အချိန်မှာလည်း စျေးက တက်မယ်ခန့်မှန်းနေကြပေမဲ့ နည်းနည်းလောက်ပဲ တက်နိုင်မယ့်သဘောမှာပဲရှိတယ်” ဟု ဆန်စျေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

ထို့ပြင် နွေစပါးအထွက်ကျခြင်း၊ သွင်းအားစုများစျေးနှုန်းကြီးမြင့်လာခြင်း၊ လျှပ်စစ်မီး မမှန်မှုကြောင့် ဆန်စက်အချို့ မလည်ပတ်နိုင်ခြင်း၊ စက်သုံးဆီစျေးမြင့်တက်နေခြင်း အစရှိသည့် အခြေအနေများမှာလည်း ဆန်စျေးကွက်အတွင်း သက်ရောက်မှုများရှိနိုင်သည်ဟု ဆန်စျေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ပြင်ပတွင် ဆန်စျေးများ မြင့်တက်နေသဖြင့် ဆန်စျေးမြင့်တက်စေရန် စျေးကစားနေသူများကို စိစစ်ဖော်ထုတ်မည်ဖြစ်ပြီး ပစ္စည်းမှန်/စျေးမှန်ဖြင့် ဆန်ဝယ်ယူလိုသူများ ကုန်စည်ဒိုင်သို့ ဆက်သွယ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူများ စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော်ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွားစေရန် မမှန်သောစျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက်တင်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ၀ိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန်နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါရန် အသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent