တမူးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ရက်အတွင်း ထပ်မံ၍ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း ဧပြီ ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တမူးမြို့တွင် ဧပြီ ၁၈ ရက်က အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်မှ အပူချိန်စံချိန်သစ်အဖြစ် ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် နှစ်ရက်အတွင်း (ဧပြီ ၂၀ ရက်)တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၄၄ ဒီဂရီစင်တီဂရိတ်ဖြင့် ထပ်မံ၍ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တမူးမြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သည့် ဧပြီ ၁၈ ရက်၌ ကလေးဝမြို့နှင့် ညောင်ဦးမြို့တို့၌ ၄၄ ဒီဂရီစင်တီဂရိတ်စီ၊ ကလေးမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ ချောက်မြို့နှင့် ပခုက္ကူမြို့တို့တွင်လည်း ၄၃ ဒီဂရီစင်တီဂရိတ်စီဖြင့် အပူချိန်များ မြင့်တက်ခဲ့သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကလည်း မိုးမရွာမချင်း နေ့အပူချိန်များ မြင့်တက်နိုင်ပြီး တစ်ပြည်လုံးတွင် လက်ရှိအပူချိန်ထက် နှစ်ဒီဂရီခန့် ထပ်တိုးနိုင်သေးကြောင်း ပြောကြားသည်။
လက်ရှိတွင် နေ့အပူချိန်များ တိုးလာပြီး အပူလျှပ်သတိလစ်ခြင်းကြောင့် သေဆုံးမှုများ ရှိလာသည့်အတွက် အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အပူဒဏ်၏ လက္ခဏာများမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ပင်ပန်းနုံးချည့်ခြင်း စသည်တို့ဖြစ်ပေါ်တတ်ကြောင်း၊ အပူဒဏ်ကြောင့် သတိလစ်သည့်လူနာကို ရှေးဦးသူနာနည်းဖြင့် ပြုစုရာတွင် လူနာကိုအရိပ်ရပြီး အေးမြသည့်နေရာကိုရွှေ့၍ လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားကာ ပက်လက်အနေအထားဖြင့် အဝတ်အစားများတင်းကျပ်ပါက သက်သောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးခြင်း၊ ရေပတ်တိုက်ပေးခြင်းနှင့် သတိပြန်ရပါက ဓာတ်ဆားရည်နှင့် ရေအေးအေးတိုက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အပူဒဏ်ကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများကြောင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူပြီးခြောက်သွေ့ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်း စသည့်အပူဒဏ်ကြောင့်ဖြစ်သည့် Heat Stroke များဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။















