နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ် နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ် နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Photo- ဦးထွန်း
Photo- ဦးထွန်း
Published 13 April 2023

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက်(ယနေ့) သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နေပြည်တော်မြို့တော်ဝန် ဦးတင်ဦးလွင်တို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များက ကပြဖျော်ဖြေမှုများပြုလုပ်ခဲ့သည်။ 

ထို့နောက် နေပြည်တော်လမ်းလျှောက် သင်္ကြန်ပွဲ အခမ်းအနားကို ယနေ့(ဧပြီ ၁၃ ရက်) နံနက် ၁၁ နာရီတွင်  ကျင်းပခဲ့ပြီး နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်မြို့တော်ဝန်ဦးတင်ဦးလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား- တောင်ညို လမ်းမပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်လေးဇုန် သတ်မှတ်ထားကြောင်း၊ ဇုန်(၁)အတွင်း သနပ်ခါးသင်္ကြန်၊ ဇုန်(၂)အတွင်း တိုင်းရင်းသားသင်္ကြန်၊ ဇုန်(၃)အတွင်း အလှပြဖျော်ဖြေရေး အစီအစဉ်များနှင့် ဇုန်(၄)အတွင်း လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များ ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။

ယင်းလမ်းလျှောက်သင်္ကြန်အား လာရောက်လည်ပတ်သူများအနေဖြင့် ဝင်ကြေး လူကြီးကျပ် ၃ဝဝဝ နှင့် ကလေးကျပ် ၁ဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ သင်္ကြန်မဏ္ဍပ်တို့တွင်လည်း သရုပ်ဆောင်များ၊ အဆိုတော်များ၏ တေးသီချင်း ဖျော်ဖြေမှုများနှင့် ဝန်ကြီးဌာနများမှ ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများပါဝင်မည်ဖြစ်ပြီး စတုဒိသာကျွေးမွေးခြင်း အစီအစဉ်များလည်း ပါဝင်ကြောင်းသိရသည်။



 

Most Read

Most Recent