ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း MoU လုပ်သားများအား အကြောင်းပြချက်ခိုင်လုံစွာမရှိဘဲ အလုပ်ထုတ်ခံရမှု ပိုမိုများပြားနေပြီး MoU လုပ်သားများမှာ အလုပ်မရှိဖြစ်ကာ သောင်းနှင့်ချီပြီး အခက်အခဲဖြစ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ MoU စာချုပ်ဖြင့်လာသည့် မြန်မာနိုင်ငံသားများမှာ လေးရက်အတွင်း ၁၀၀၀ ကျော်အထိ အလုပ်ထုတ်ခံရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး တင်ပြပေးနေသည့် Migrant Time တွင် ဧပြီ ၃ ရက်က ဖော်ပြထားကြောင်း သိရသည်။
ထောင်နှင့်ချီသည့် မြန်မာနိုင်ငံသားများကို အလုပ်ထုတ်ပယ်မှုများ လုပ်ဆောင်နေပြီး မတ် ၃၀ ရက်က မဟာချိုင်ဒေသတွင်ရှိသော လျှပ်စစ်စက်ရုံ၌ မြန်မာ MoU လုပ်သား ၁၀၆၀ ဦး လုပ်ငန်းခွင်လိုအပ်ချက်အရ လူလျှော့ရသည်ဟုဆိုကာ အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။
MoU စာချုပ်တွင် ယခုကဲ့သို့ အလုပ်ထုတ်ပယ်မှုမျိုးမလုပ်ရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အလုပ်ရှင်ဘက်က နစ်နာကြေးပေးမည်ဆိုပါကလည်း အလုပ်သမားများမှာ လုပ်ငန်းခွင်တည်မြဲရေးကိုသာ လိုအပ်ခြင်းဖြစ်ကြောင်း၊ MoU ဖြင့် အလုပ်လာရောက်လုပ်ကိုင်သူများကိုပင် လူကုန်ကူးနေသူများရှိနေကြောင်း၊ ယခုကဲ့သို့ အလုပ်ပါထုတ်ခံရမှုများက အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကူညီပေးနေသည့် AAC (မဟာမိတ်) မှ သတင်းပြန်ကြားရေးတာဝန်ခံဦးနေလင်းသူက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် မြန်မာနှိုင်ငံသားများအတွက် အလုပ်အကိုင် တဖြည်းဖြည်းရှားပါးလာနေကြောင်း၊ တချို့စက်ရုံများမှာ ပိတ်သိမ်းရမည့်အနေအထားဖြစ်နေကြောင်း၊ အလုပ်အမှာစာများလည်း မရှိတော့သည့် အနေအထားဖြစ်လာနေကြောင်း သိရသည်။
ထိုင်းနိုင်ငံသား အလုပ်အကိုင်နေရာများကို မြန်မာရွှေ့ပြောင်းလုပ်သားများက လုယူနေသည်ဟုဆိုကာ မြန်မာနိုင်ငံသားများကို အလုပ်ထုတ်မှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်က ပန်းရောင်ကတ်ဖြင့် နေထိုင်အလုပ်လုပ်နေသူများကို အလုပ်မှထုတ်ပယ်နေခြင်းဖြစ်ပြီး ယခုအခါ MoU လုပ်သား များကိုပါ အလုပ်ထုတ်ပစ်လာခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး စောင့်ကြည့်နေသူများက ဆိုသည်။
ထိုင်းနိုင်ငံဘက်ရှိ စက်ရုံများမှ စာချုပ်ချိုးဖောက်မှုများ၊ တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းများ၊ နှစ်နိုင်ငံအေဂျင်စီများက ဥပဒေလိုက်နာမှုမရှိခြင်းများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားသောင်းနှင့်ချီကာ အခက်အခဲမျိုးစုံ ဖြစ်ပေါ်လာနေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးမှာ ထိုင်းရဲကိုတွေ့ပြီး ထိတ်လန့်ထွက်ပြေးရာမှ အမောဆို့သေဆုံးမှုဖြစ်စဉ်ဖြစ်ပွားခဲ့မှုမှာ လတ်တလောအခြေအနေကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း ထိုင်းနိုင်ငံသားများကို အလုပ်လက်မဲ့ဖြစ်စေသည်မှာ ရွှေ့ပြောင်းလုပ်သားများကြောင့်ဟုဆိုကာ အမှုပေါင်းနှစ်သိန်းကျော်ကို စစ်ဆေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ နေရာတချို့ကို ရှောင်တခင်ဝင်ရောက်ပြီး နိုင်ငံခြားသား ၂၄၀၉၁၈ ဦးကို စစ်ဆေးပြီး ၁၅၅၀ ဦးကို တရားစွဲခဲ့ကာ ၈၈၃ ဦးမှာ ထိုင်းနိုင်ငံသားများ၏ အလုပ်ကို လုယူသူများဖြစ်ကြောင်း သုံးသပ်ခဲ့သည်ဟု သိရသည်။
စစ်ဆေးခံရသည့် နိုင်ငံခြားသားနှစ်သိန်းကျော်တွင် မြန်မာနိုင်ငံသား ၁၇၇၁၃၄ ဦးပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံသားများ အလုပ်နေရာကို လုယူသည့်စာရင်းထဲတွင် မြန်မာနိုင်ငံသားများက အများဆုံးဖြစ်နေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။















