ကိယက်ဗ်ပီချာစကီလာဗရာ ကျောင်းတော်ဝင်းသည် ယူကရိန်းတွင် ရှေးရိုးစွဲခရစ်ယာန် (အော်သိုဒေါက်စ်)များ အထွတ်အမြတ်အထားဆုံး နေရာဖြစ်ပြီး ကျယ်ပြောလှသော ကျောင်းဝင်းအတွင်း ပြန့်ကျဲလျက် တည်ရှိသော ကျောင်းတော်များသို့ ပုံမှန်သွားသော သာမန်ဝတ်ပြုသူများထက် ပိုမိုများပြားကာ စည်ကားနေသည်။
မတ် ၂၉ ရက်တွင် ခြိမ်းခြောက်ခံရသော အုပ်ချုပ်ရေးအဖွဲ့ ဖယ်ရှားခြင်းမခံရမီ မတ် ၂၅ ရက်၌ အရပ်ဝတ် ဝတ်ထားသူများက ပလာစမာ ရုပ်မြင်သံကြားများ၊ ပရိဘောဂနှင့် အခြားပစ္စည်းများကို ကားများပေါ်သို့တင် ဆောင်ခြင်း၊ ယူကရိန်းအော်သိုဒေါက်စ် ခရစ်ယာန်အသင်းတော် (UOC)၏ ပိုင်ဆိုင်မှုများကို ဖယ်ရှားရာ၌ နေထိုင်သူ ဘုန်းတော်ကြီးများကို ကူညီခြင်းတို့ဖြင့် ကျောင်းတော်ဝင်းသည် အလုပ်ရှုပ်လျက်ရှိသည်။
ကျောင်းတော်ဝင်းကို ကြီးကြပ်သည့် ကိယက်ဗ်ပီချာစကီလာဗရာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပိုင်ဆိုင်သော ပစ္စည်းများကို မည်သူမျှယူဆောင်မသွားရေး သေချာစေရန် ရဲများကကားများကို စစ်ဆေး ခဲ့သည်။
ယူကရိန်းကို ရုရှားကျူးကျော် ဝင်ရောက်မှုသည် အင်္ဂလိပ်ဘာသာဖြင့် Monastery of the Caves (ဂူကျောင်းတော်)ဟု သိကြသော လာဗရာကို ထိန်းချုပ်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ တစ်ဟုန်ထိုးပြန်လည် လှုပ်ခတ်လာခဲ့သည်။ ကျောင်းတော်ဝင်းတွင် ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ပြတိုက်အဆောက်အအုံများ ပါဝင်သည်။ ၎င်း၏ ရှေးအကျဆုံး အစိတ်အပိုင်းများသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဤနေရာ၌ ခရစ်ယာန်ဘာသာ စတင်ခဲ့ရာ အထိမ်းအမှတ်များ ဖြစ်ကြသည်။
အငြင်းပွားမှုသည် စစ်ပွဲနှင့်အပြိုင် ပိုမိုကျယ်ပြန့်သော ဘာသာရေးပဋိပက္ခ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။
ယူကရိန်းအစိုးရသည် ရုရှားအော်သို ဒေါက်စ်ခရစ်ယာန်အသင်းတော်နှင့် သမိုင်းကြောင်းအရ ဆက်စပ်နေသော ယူကရိန်း အော်သိုဒေါက်စ် ခရစ်ယာန်အသင်းတော်ကို ဖြိုခွဲခဲ့ပြီးဖြစ်သည်။ ရုရှားအော်သိုဒေါက်စ် ခရစ်ယာန်အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ ပက်ထရီးယက်ချ်ကီရယ်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံခဲ့သူ ဖြစ်သည်။)
ပါလီမန်သည် ရုရှားဖက်ဒရေးရှင်းရှိ သြဇာလွှမ်းမိုးရာအချက်အချာများနှင့် ဆက်နွှယ်နေသည့် ယူကရိန်းဘာသာရေးအဖွဲ့ အစည်းများအတွင်း လည်ပတ်ရန် မဖြစ်နိုင်အောင် ပြုလုပ်မည့် ဥပဒေကြမ်းတစ်ရပ်ကို စဉ်းစားနေရာ ယင်းသည် အဓိပ္ပာယ်ဖွင့်ဆိုပုံပေါ်မူတည်၍ UOC ကို သက်ရောက်မှု ရှိနိုင် သည်။
UOC သည် ယူကရိန်းအပေါ် သစ္စာခံကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ရုရှား၏ကျူးကျော်မှုကို အစကတည်းက ရှုတ်ချခဲ့သည့်အပြင် မော်စကိုထံမှ ၎င်း၏ လွတ်လပ်ရေးကိုပင် ကြေညာခဲ့သည်။
ယူကရိန်းခရစ်ယာန်အသင်းတော်ရှိ အချို့သည် မော်စကိုနှင့် နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲ ရှိနေသည်ဟု ယူကရိန်းလုံခြုံရေးအေဂျင်စီများက အခိုင်အမာဆိုသည်။ ယူကရိန်းလုံခြုံရေး အေဂျင်စီများက ဘုရားကျောင်း၏အထွတ် အမြတ်နေရာအများအပြားကို ဝင်ရောက်စီး နင်းခဲ့ပြီးနောက်ပိုင်းတွင် ရုရှားနိုင်ငံအပေါ် သစ္စာစောင့်သိကြောင်း အထောက်အထားအဖြစ် ရူဘယ်များ၊ ရုရှားနိုင်ငံကူးလက်မှတ်များနှင့် မော်စကိုဂိုဏ်းအုပ်ဘုန်းတော်ကြီးများထံမှ မက်ဆေ့ချ်များပါသည့် လက်ကမ်း စာစောင်များတို့၏ ဓာတ်ပုံများကို အင်တာနက်ပေါ် တင်ခဲ့သည်။
ယူကရိန်းအော်သိုဒေါက်စ်ဘုန်းကြီး တစ်ပါးက နိုဝင်ဘာ ၁၂ ရက်က ပီချာစကီလာ ဗရာ ကျောင်းတော်ဝင်းအတွင်း “ရုရှားနိုင်ငံ နိုးထခြင်း”အကြောင်း ဟောပြောနေပုံကို ရုပ်ရှင်ရိုက်ကူးခဲ့ပြီးနောက် စီးနင်းမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
UOC ၏ စာသင်ကျောင်းနှင့် ရုံးခန်းများ အပါအဝင် လာဗရာသည် “ရုရှားကမ္ဘာ”၏ ၀ါဒဖြန့်ရာ အချက်အချာနေရာဖြစ်သည်ဟု ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။ “ရုရှားကမ္ဘာ”ဟူသည် ယူကရိန်းကဲ့သို့သော အိမ်နီးချင်း ဆလာဗစ်နယ်မြေများအပေါ် မော်စကို၏ နိုင်ငံရေးနှင့် စိတ်ဓာတ်ရေးရာ လွှမ်းမိုးမှုကို ဖော်ညွှန်းနေသည့် အိုင်ဒီယိုလို ဂျီတစ်ရပ်ဖြစ်သည်။
ယူကရိန်းအစိုးရသည် မော်စကိုကို ထောက်ခံသည့် လှုပ်ရှားမှုများကို လိုလားသည်ဟူသော စွပ်စွဲချက်ဖြင့် လာဗရာ၏ ဆရာတော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည်။ အစိုးရက ခရစ္စမတ်ဝတ်ပြု ဆု တောင်းမှုအတွက် လာဗရာ၏ ဘုရားကျောင်းများထဲမှ တစ်ခုကို အသုံးပြုရန် ယူကရိန်းမှ ပြိုင်ဘက် အော်သိုဒေါက်စ် ခရစ်ယာန်အသင်းတော် (ခေါ်) OCU ကို ခွင့်ပြုထားပြီးဖြစ်သည်။
ယခုမူ အစိုးရသည် UOC အား ဥပစာမှနေ၍ လုံးလုံးလျားလျား ဖယ်ရှားရန် အမိန့်ပေးလိုက်သည်။
အဆိုပါနေရာသည် အစိုးရပိုင်ဖြစ်ပြီး အဆောက်အအုံကို ကြီးကြပ်သည့် အေဂျင်စီက မတ် ၂၉ ရက်မှ စတင်ကာ ဘာသာရေးအဆောက်အအုံအဖြစ် အခမဲ့ငှားရမ်းအသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ကြောင်း UOC ကို ယခုလအစောပိုင်းတွင် အကြောင်းကြားခဲ့သည်။ ဘုန်းတော်ကြီးများက သမိုင်းဝင်နေရာဆိုင်ရာနှင့် အခြားနည်းပညာဆိုင်ရာ ချိုးဖောက်မှုများ ပြုလုပ်ခြင်းဖြင့် ငှားရမ်းခွင့်ကို ချိုးဖောက်ခဲ့သည်ဟု အစိုးရက အခိုင်အမာ ဆိုသည်။
“အဲဒီမှာ အဆောက်အအုံအသစ်တွေ အများကြီးရှိပြီး ဒါဟာ သက်ဆိုင်ရာ စာရွက်စာတမ်းနဲ့ ခွင့်ပြုချက်မရှိတဲ့ ယူနက်စကို နေရာတစ်ခုပါ။ ဒီလို အဆောက်အအုံအသစ်တွေရဲ့ တရားဝင်မှုကလည်း တရားဝင် မေးခွန်းတွေ ပေါ်ပေါက်လာစေပါတယ်” ဟု ယူကရိန်း ယဉ်ကျေးမှုဝန်ကြီး အိုလက်ဆန်ဒရာ တီကာချန်ကိုက ယူကရိန်း ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။ “နိုင်ငံတော်က ဒါနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုကို စီမံခန့်ခွဲရမယ်”ဟု ၎င်းက ဆိုသည်။
UOC မှ ဘုန်းတော်ကြီးများက ယင်းနှင့် ပတ်သက်၍ အငြင်းပွားခဲ့ပြီး ဤအဆိုများသည် မူမမှန်သော အကြောင်းပြချက်များ ဖြစ်သည်ဟုဆိုကာ ထွက်ခွာရန် ငြင်းဆိုခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့သည် အတင်းအဓမ္မနှင်ထုတ်ရန် ဖြစ်နိုင်ခြေရှိသည့် အတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ပိုင်ဆိုင်မှုများကို တတ်နိုင်သမျှ ဖယ်ရှားလျက်ရှိသည်။
“ကျွန်တော်တို့ကို ကောင်းကောင်း လုပ်ဆောင်နိုင်အောင် အခွင့်အရေးပေးမှာ မဟုတ်တာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် တချို့အရာတွေကို ဖယ်ရှားပြီး သူတို့ရဲ့ဖျက်ဆီးမှုကို တားဆီးဖို့ လိုအပ်ပါတယ်” ဟု UOC ၏ ပြန်ကြားရေးရုံး အကြီးအကဲ မက်ထရိုပိုလီတန်ကလီးမင့်က ပြောကြားခဲ့သည်။
အစောပိုင်းက ဘုန်းကြီးများက ၎င်းတို့သည် မည်သည့်အခြေအနေမျိုးတွင်မဆို လာဗရာကို ထားခဲ့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မက်ထရိုပိုလီတန်ကလီးမင့်က AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် UOC မှ ရှေ့နေများက သဘောတူညီချက်ကို ချိုးဖောက်ရသည့် အကြောင်းရင်းများကို ရှင်းပြထားသည့် စာရွက်စာတမ်းများ ပေးရန် ယဉ်ကျေးမှုဝန်ကြီးဌာနထံ အယူခံဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် ကလီးမင့်၏ အဆိုအရ ဝန်ကြီးဌာနက ယင်းစာရွက်စာတမ်းများမှာ အမျိုးအစားခွဲခြားထားသကဲ့သို့ ရုံးသုံးအတွက် အမှတ်အသားပြုထားသောကြောင့် ပေးအပ်မည်မဟုတ်ဟု အသိပေးထားကြောင်း သိရသည်။
အစိုးရ၏ နှင်ထုတ်မှုအမိန့်က ကျောင်းတော်အား OCU သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားခြင်း မရှိပေ။
သို့သော် OCU ၏ ခေါင်းဆောင် မက်ထရိုပိုလီတန် အပီဖန်နီက လာဗရာ ဘုန်းကြီးများအား နောင်လာမည့် အပြောင်းအလဲများကို သိရှိစေရန် ညွှန်ပြသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
နှင်ထုတ်ခြင်းသည် ဘုန်းကြီးကျောင်းရှိ ဝတ်ပြုရေးနှင့် ဘုန်းတော်ကြီးများ တည်ရှိမှုကို ရပ်တန့်စေမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မက်ထရိုပိုလီတန် အပီဖန်နီက ဝတ်ပြုဆုတောင်းမှုများကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ပြီး ခေတ်သစ်ယူကရိန်းဘာသာ စကားနှင့်အတူ ၎င်းတို့၏ ရှေးခေတ် ဆလာဗစ် ဘာသာစကားဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဘုန်းကြီးကျောင်းရဲ့ လက်ရှိအရေးကို ဘုန်းကြီးကျောင်းရဲ့ ဓလေ့ထုံးတမ်းနဲ့ဘဝကို သိတဲ့သူတွေက စီမံခန့်ခွဲသွားမှာပါ… ရုရှားကမ္ဘာကို သစ္စာခံခြင်းနဲ့ သူတို့ကိုယ်ကိုယ်ညစ်နွမ်းသွားစေသူတွေတော့ မဟုတ်ပါဘူး” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။
အပီဖန်နီက UOC သည် “ယူကရိန်းအပေါ် ဖက်စပ်ရန်လိုမှု၏ လက်နက်တစ်ခု” ဟု အခိုင်အမာဆိုသည်။
ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာနက လာဗရာ၏ ဘုန်းတော်ကြီးများ ဆက်လက်တည်ရှိနေမှုနှင့်ပတ်သက်၍ အလားတူ အာမခံချက်ပေးရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း ကရင်မလင်သည် UOC ၏ ငှားရမ်းမှု ရပ်စဲခံလိုက်ခြင်းအား ယူကရိန်းတွင် လွန်ခဲ့သည့်နှစ်အတွင်း ရုရှား၏ လုပ်ဆောင်မှုများသည် တရားမျှတကြောင်း ထပ်လောင်းအထောက်အထား အဖြစ် ကိုးကားဖော်ပြခဲ့သည်။ (ရုရှားသည် နှိပ်ကွပ်ခံနေရသော အော်သိုဒေါက်စ်လူထုကို ခုခံကာကွယ်နေခြင်းဖြစ်သည်ဟု ဆိုသည်။)
လွန်ခဲ့သည့်နှစ်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံခဲ့သူ ရုရှားအော်သို ဒေါက်စ်ခရစ်ယာန်အသင်းတော်၏ ခေါင်းဆောင် ပက်ထရီးယက်ချ်ကီရယ်က လာဗရာ အငြင်းပွားမှုတွင် ကြားဝင်ဆောင်ရွက်ပေးရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် အခြားဘာ သာရေးခေါင်းဆောင်များအား တောင်းဆိုခဲ့သည်။
ယူကရိန်း အော်သိုဒေါက်စ်ခရစ်ယာန် အသင်းတော်သည် ၁၇ ရာစုကတည်းက မော်စကိုဂိုဏ်းချုပ် ဘုန်းတော်ကြီးအပေါ် သစ္စာစောင့်သိခဲ့သော်လည်း ၎င်းသည် ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး ရုရှား၏ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
ယူကရိန်းနိုင်ငံရှိ လွတ်လပ်သော OCU သည် အော်သိုဒေါက်စ်ဘာသာ၌ ထိပ်ဆုံးနေရာတွင် ရှိသော်လည်း ပုပ်ရဟန်းမင်းကြီးတစ်ဦး၏ ကမ္ဘာလုံးဆိုင်ရာ အာဏာကို ရရှိမထားသည့် အသင်းပေါင်းချုပ်ဆိုင်ရာ ကွန်စတန် တီနိုပယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီးထံမှ တရားဝင် အသိအမှတ်ပြုမှုအား ၂၀၁၉ ခုနှစ်တွင် ရရှိထားသည်။ သို့သော် ရုရှားအော်သို ဒေါက်စ်ခရစ်ယာန်အသင်းတော်၏ ခေါင်းဆောင် ပက်ထရီးယက်ချ်ကီရယ်က OCU ကို တရားဝင်အဖြစ် အသိအမှတ်မပြုပါ။
UOC ကိုယ်တိုင်သည် လွန်ခဲ့သည့်နှစ်က မော်စကိုထံမှ လွတ်လပ်ရေးကို အပြည့်အဝ ကြေညာထားသည်။ သို့သော် OCU နှင့် ၎င်းင်း၏ထောက်ခံသူများက UOC သည် မော်စကိုအတွက် ခိုင်မာသော ဆက်ဆံရေးနှင့် ထောက်ခံအားပေးမှုတို့ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ဆိုသည်။
လာဗရာရှိ အပြောင်းအလဲများသည် သောကြာနေ့က ဝင်းအတွင်း ရှိနေသည့် ဧည့်သည်များထံမှ မတူညီသော တုံ့ပြန်မှုအမျိုးမျိုး ရရှိခဲ့သည်။
အသက် ၃၂ နှစ်အရွယ်ရှိ အိုလက်ဆန်းဒါးအတွက် ယင်းကိစ္စမှာ စိတ်မသက်မသာ ဖြစ်စရာပင်။ UOC သည် ရုရှားနိုင်ငံနှင့် သိသိသာသာ အဆက်အသွယ်ရှိကြောင်း၊ သို့သော် သူ့အနေနှင့်မူ မည်သည့်အသင်းတော်၏ ၀ါဒဖြန့်မှုကိုမျှ မကြားခဲ့ရကြောင်း၊ အခြားမည်သည့်နေရာ၌ဖြစ်စေ UOC ၏ ဝတ်ပြုဆုတောင်းပွဲများကို တက်ရောက်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် လာဗရာကျောင်းတော်ဝင်းအတွင်းရှိ အကယ်ဒမီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော အုက်ဆာနာနျူမန်ကိုကမူ အပြောင်းအလဲများကို ကြိုဆိုခဲ့သည်။ ယူကရိန်းဘာသာစကားဖြင့် လာဗရာတွင် သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ရခြင်းက သူ၏ ဘဝတစ်သက်တာ အိပ်မက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒါဟာ ကျွန်မတို့ရဲ့ သမိုင်းမှာ အလွန်ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တစ်ခုပါ။ ဒါကို လူတိုင်း သဘောပေါက်ဖို့က မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။ “ဒါပေမဲ့ ကျွန်မတို့ရဲ့ သားသမီးတွေကတော့ ကျွန်မတို့ရဲ့ ဘာသာတရားနဲ့ ဘာသာစကားအတွက် ဘယ်လောက်ပေးဆပ်ခဲ့ရတယ်ဆိုတာ သိလာနိုင် ပါတယ်။” Ref: AP










