■ လက်ကျန် ၁၂ ပွဲအလိုတွင် El Clasico ပြိုင်ဘက် ရီးယဲလ်အသင်းကို ၁၂ မှတ်ဖြတ်ထားသော်လည်း ချန်ပီယံအဖြစ် မခံစားရသေးသလို ပွဲမပြီးသေးကြောင်း ဘာစီလိုနာနည်းပြ ဇာဗီ သုံးသပ်ပြောကြား

■ လက်ကျန် ၁၂ ပွဲအလိုတွင် El Clasico ပြိုင်ဘက် ရီးယဲလ်အသင်းကို ၁၂ မှတ်ဖြတ်ထားသော်လည်း ချန်ပီယံအဖြစ် မခံစားရသေးသလို ပွဲမပြီးသေးကြောင်း ဘာစီလိုနာနည်းပြ ဇာဗီ သုံးသပ်ပြောကြား
Photo : FC Barcelona Facebook
Photo : FC Barcelona Facebook
Published 21 March 2023

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက El Clasico ပြိုင်ဘက် ရီးယဲလ်အသင်းအား အိမ်ကွင်း၌ အနိုင်ယူပြီး လက်ကျန် ၁၂ ပွဲအလိုတွင် ၁၂ မှတ် ဖြတ်ထားနိုင်ပြီဖြစ်သော်လည်း ချန်ပီယံအဖြစ် မခံစားရသေးသလို ပွဲမပြီးသေးကြောင်း သုံးသပ်ပြောကြားသည်။

တနင်္ဂနွေနေ့ညပိုင်းက နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် El Clasico ပွဲစဉ်တွင် ဘာစီလိုနာအသင်းက နောက်မှလိုက်ကစားပြီးနောက် ပွဲပြီးခါနီး နာကျင်အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲအစ ကိုးမိနစ်မှာပင် ဘာစီလိုနာနောက်ခံလူ အာရူဟို ကိုယ့်ဂိုးကိုယ်သွင်းယူမိသဖြင့် ရီးယဲလ်အသင်း ဦးဆောင်ခွင့်ရရှိခဲ့ပြီး ၄၅ မိနစ်တွင် ဆာဂျီရောဘတ်တိုက ပြန်လည်ချေပခဲ့သည်။

ရီးယဲလ်အသင်းအတွက် အဆန်စီယို ဂိုးသွင်းယူနိုင်သော်လည်း VAR က လူကျွံသတ်မှတ်ခဲ့သောကြောင့် ဘာစီလိုနာအသင်း သက်သာခဲ့ရပြီး အဖိုးတန်အနိုင်ဂိုးကို လူစားဝင်ကစားသမား ကက်ဆီးက ၉၀+၂ မိနစ်တွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းသည် El Clasico ပြိုင်ဘက် ရီးယဲလ်အသင်းအား ပြိုင်ပွဲစုံ သုံးပွဲဆက် (စပိန်စူပါဖလားဗိုလ်လုပွဲ၊ စပိန်ဘုရင့် ဖလား ဆီမီးဖိုင်နယ်ပထမအကျော့၊ လာလီဂါ ဒုတိယအကျော့) အနိုင်ရခြင်းမှာ နည်းပြဟောင်း ဂွါဒီယိုလာလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် ၂၈ ပွဲကစား၊ ၂၂ ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ၆၈ မှတ်ရရှိထားပြီး လက်ကျန် ၁၂ ပွဲအလိုတွင် ဒုတိယနေရာမှ ရီးယဲလ်အသင်း ကို ၁၂ မှတ်ဖြတ်ထားနိုင်ပြီဖြစ်သောကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားပြီဖြစ်သည်။

သို့သော် ဇာဗီက '' ဘာမှမသေချာသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဖြစ်ပြီလို့လည်း ခံစားရသေးပါဘူး။ ဒါပေမဲ့ ဒါက ရှေ့ဆက်ဖို့အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုပါ။ ၁၂ ပွဲအလိုမှာ ၁၂ မှတ်ဖြတ်ထားနိုင်ပြီဖြစ်လို့ ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ပွဲမပြီးသေးပါဘူး။ ကျွန်တော်တို့ လာလီဂါချန်ပီယံဆုကို ဆုံးရှုံးနိုင်သေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရပ်တန့်လိုက်လို့မရပါဘူး။ ကျွန်တော်တို့ သက်သောင့်သက်သာ ဖြစ်နေလို့မရပါဘူး။ ကစားရမယ့်ပွဲတွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့ လာလီဂါမှာ ၁၀ မှတ်ပဲ လျော့ထားသေးတယ်။ ဒါက လုံလောက်ပြီလို့ ပြောလို့ရပြီမထင်ပါဘူး။ သူတို့(ရီးယဲလ်)ကလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာ ပြန်ကြည့်လိုက်ပါ။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့က ၁၃ မှတ်အကွာနဲ့ သူတို့နောက်မှာ ရပ်တည်ခဲ့တယ်။ ဒီရာသီ အောက်တိုဘာတုန်းက El Clasico မှာ ရှုံးနိမ့်ပြီးတော့ ကျွန်တော်တို့က သူတို့ရဲ့အနောက် သုံးမှတ်အကွာမှာ ရှိနေခဲ့တယ်။ အဲဒီအချိန်ကစကြည့်ရင် ၁၅ မှတ်အထိ ကွာခြားသွားတာပါ''ဟု ပွဲအပြီးတွင် သုံးသပ်ပြောကြားသည်။

Most Read

Most Recent