
Money Changer အခု ၂၀ အား နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင် ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ်လ ၁၆ ရက်တွင် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ ၂၀ ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အရ မတ် ၁၄ ရက်မှစ၍ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ Money Changer ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
■ ရန်ကုန်တိုင်းလိုင်စင်ဖြင့် မှတ်ပုံတင်လိုသော လျှပ်စစ်ကားများ ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ-ဃ) လိုအပ်မည်
ရန်ကုန်တိုင်းလိုင်စင်ဖြင့် မှတ် ပုံတင်လိုသော လျှပ်စစ်ကားများ ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ် (ပုံစံ - ဃ) လိုအပ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
လျှပ်စစ်သုံးယာဉ်များနှင့်စပ်လျဉ်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ရုံးအမိန့်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေးမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းသို့လျှပ်စစ်သုံးယာဉ် (BEVs) များ ကနဦးမှတ်ပုံတင်ရာတွင် ယခင်ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညှိနှိုင်းချက်အရ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသော မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေး ရန် ညွှန်ကြားချက်အတိုင်း ဆက်လက် ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ရန်ကုန်တိုင်းလိုင်စင်ဖြင့် မှတ်ပုံတင် ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အိုယာဉ် ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်မည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့၌ လျှပ်စစ်သုံးယာဉ် (BEVs)ကားများ ရောက်ရှိနေပြီဖြစ်ပြီး EV Charging Station များကို Pilot Project အနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စုစုပေါင်း ၁၉ နေရာတွင် စတင်တည်ဆောက်နေပြီး မတ်လကုန်တွင် အပြီးတည်ဆောက်ရန် ညွှန်ကြားထားသည်။
လျှပ်စစ်မော်တော်ယာဉ်များ အားသွင်းရန် တည်ဆောက်နေသည့်နေရာများမှာ နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉ နေရာကို ဆောင်ရွက်နေပြီး ကုမ္ပဏီ ကိုးခုကို တာဝန်ခွဲဝေ သတ်မှတ်ပေးထားကာ မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း၊ ယင်းနေရာများမှာ Pilot Project များအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် Charging Station များမှာ ရန်ကုန်ဘူတာကြီး၊ ဒဂုံ-ဧရာအဝေးပြေးဝင်း၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံအနီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေးအနီး အစရှိသည့် နေရာများတွင် တည်ဆောက်လျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မစျေး၊ သပြေကုန်းစျေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေး ပြေးယာဉ်ရပ်နားစခန်း နေရာများ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေး ကားဝင်းများ၊ ရန်ကုန်-မန္တလေး အမြန် လမ်းတစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော်ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/၀) စကားအင်း ယာဉ်ရပ်နားစခန်း စသည့်နေရာတို့တွင် ဆောက်လုပ်လျက်ရှိသည်။
■ ရေအားလျှပ်စစ်စီမံကိန်းအသစ် လေးခုကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်းအကောင်အထည်ဖော်ရန် စိတ်ဝင်စားသူလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ
ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်း အကောင်အထည်ဖော်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်များအား လျှပ်စစ်စွမ်းအားဝန်ကြီ ဌာနက တင်ဒါခေါ်ယူထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်ကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေအားလျှပ်စစ်စီမံ ကိန်းအသစ်လေးခုမှာ ဖုန်အင်ခ ရေအားလျှပ်စစ်စီမံကိန်း၊ ကဆန် ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်မယ်ဆိုင် ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတို့ဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်သုံးစွဲရရှိနိုင်ရေးနှင့် အရည်အသွေး ပြည့်ဝသော လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ် ပါဝင်မှု အ ချိုအစား (Generation Mix) မှန်ကန်စေရေး အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားများကို အမြန်ဆုံး တိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။