KNDF နှင့် အပေါင်းပါအဖွဲ့အစည်းများအနေဖြင့် နန်းနိန်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာတော်သုံးပါးနှင့် ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ဘာသာရေးအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာများ ဖြစ်ပွားအောင် လုပ်ကြံဖန်တီးသည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က မတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အထူးဒေသ (၆) နယ်မြေဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စုအတွင်း ပအိုဝ်းလူမျိုးများ နေထိုင်သည့် တောင်မဲသင်းရွာ၊ လုံပြင်ရွာ၊ ပင်ပွံရွာနှင့် နန်းနိန်ရွာအတွင်းသို့ KNDF နှင့် အပေါင်းအပါ အဖွဲ့အစည်းများက ကျူးကျော်ဝင်ရောက်လာပြီး စစ်တလင်းနယ်မြေအဖြစ် ဖန်တီးကာ ဒေသခံပအိုဝ်းပြည်သူများကို လူသားဒိုင်းကာဓားစာခံအဖြစ်လည်းကောင်း၊ ဒေသခံများ၏ နေအိမ်များနှင့် ဘာသာရေးအဆောင်အအုံများကို ကာဗာကျင်းအဖြစ်လည်းကောင်း အသုံးပြုပြီး ဒေသခံများ၏ ဥစ္စာပစ္စည်းများကိုလည်း အတင်းအဓမ္မ ယူဆောင်သွားခဲ့ကြောင်း PNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNDF နှင့် အပေါင်းအပါ အဖွဲ့အစည်းများ ဝင်ရောက်ကျူးကျော်သည့်နေ့မှစ၍ တောင်မဲသင်းရွာနှင့် နန်းနိန်ရွာ ဒေသခံပအိုဝ်းပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နန်းနိန်ရွာရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ နန်းနိန်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာတော်သုံးပါးကို သတ်ဖြတ်ခြင်း စသည့် လူမျိုးရေးပြဿနာနှင့် ဘာသာရေးပြဿနာများ ဖြစ်ပွားအောင် လုပ်ကြံဖန်တီးကာ အကြမ်းဖက်သည့် လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း PNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ အကြမ်းဖက်လုပ်ဆောင်ချက်များဖြစ်သည့် ဒေသခံပအိုဝ်းပြည်သူများကို လူသားဒိုင်းကာဓားစာခံအဖြစ်နှင့် ဒေသခံများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို ကာဗာကျင်းအဖြစ် အသုံးပြုခြင်း၊ ဒေသခံများ၏ ဥစ္စာပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားခြင်း၊ ဒေသခံများ၏ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပအိုဝ်းပြည်သူများနှင့် သံဃာတော်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည့် လူသားမဆန်သည့်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း PNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် အထူးဒေသ (၆) နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ဆက်လက်၍ အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာများ မဖြစ်ပွားစေရန်နှင့် စစ်တလင်းနယ်မြေအဖြစ် ထပ်မံမဖြစ်ပွားစေရန် ပအိုဝ်းနှင့်အတူ ညီနောင်တိုင်းရင်းသားများအနေဖြင့် ၀ိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း PNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















