UEC မှာ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ဘယ်နှပါတီရှိပြီလဲ

UEC မှာ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ဘယ်နှပါတီရှိပြီလဲ
ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်စဉ်
ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်စဉ်
Published 5 March 2023

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို နစကဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်မှာ အခန်းငါးခန်းနဲ့ ပုဒ်မ ၂၇ ခု ပါဝင်ပါတယ်။ နောက်ပြီး ဒီဥပဒေအသစ်မှာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ မှတ်ပုံတင်မယ်ဆိုရင် ပြည့်စုံရမယ့်စံနှုန်းတွေကို တိုးမြှင့်သတ်မှတ်ထားတဲ့အတွက် နိုင်ငံရေးပါတီတွေကြားမှာ ဝေဖန်မှုတွေက အနည်းငယ်ရှိခဲ့ပါတယ်။

အဓိကကတော့ အခန်း (၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းမှာပါတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။

နောက်တစ်ခုက လက်ရှိ တည်ဆဲပါတီအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအလျောက် ပါတီ ဖျက်သိမ်းပြီးသား ဖြစ်မယ်လို့ ဥပဒေသစ်က ဆိုပါတယ်။ ဒါကြောင့် ဥပဒေအသစ်အရ လက်ရှိတည်ဆဲ နိုင်ငံရေးပါတီ ၉၀ ကျော်အနေနဲ့ ဆက်လက်ရပ်တည်ချင်တယ်ဆို ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာပါ။

လက်ရှိမြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၉၀ ကျော်ရှိပါတယ်။ ဒီ ၉၀ ကျော်ထဲကမှ နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာတဲ့ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီနဲ့ ဒေသအလိုက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၃၈ ပါတီ ရှိတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီက ၇၄ ပါတီရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့်ပါတီက ၁၈ ပါတီရှိ တယ်လို့လည်း UEC က ဆိုပါတယ်။

နစက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်မှာ နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီ တည်ထောင်ချင်ရင် အနည်းဆုံး လူ ၁၅ ဦး ရှိရမှာဖြစ်ပြီး ပါတီဝင်တွေကို စည်းရုံးဖို့ UEC ကို တင်ပြရမှာ ဖြစ်ပါတယ်။ UEC က ခွင့်ပြုရင် ခေါင်းဆောင်တစ်ဦးနဲ့ ဒုတိယခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရမှာပါ။

ပါတီတည်ထောင်လိုသူတွေရဲ့ အရည်အချင်းနဲ့ ပတ်သက်လို့လည်း ပါတီတည်ထောင်သူဟာ ၂၅ နှစ် ပြည့်ရမယ်။ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ မဟုတ်ရဘူး။ သောင်းကျန်းသူအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်မဖြစ်ရဘူး။ မူးယစ်ဆေးပြစ်မှုနဲ့ ငြိစွန်းသူမဟုတ်ရမယ့်အပြင် နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒီဥပဒေအသစ်မှာ လက်ရှိ နိုင်ငံရေးပါတီတွေ အခက်တွေ့စေမယ့် ပုဒ်မက ၅ (စ) က စပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာ ဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တစ်ခု အတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။

ဥပဒေအဟောင်းနဲ့ အသစ်ကို ယှဉ်ကြည့်ရင် ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့် ပါတီဝင်အင် အားက ၁၀ ဆ ကွာနေတာကို တွေ့ရမှာပါ။ နောက်ပြီး တိုင်းနဲ့ ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီဖြစ်ပါက စည်းရုံးရမယ့်ပါတီ ဝင်အင်အားကို နှစ်ဆမြှင့်ထားပါတယ်။ ဒါကြောင့်လည်း ဒီအပေါ်မှာ လက်ရှိ တည်ဆဲ နိုင်ငံရေးပါတီတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

UEC ရဲ့ ထုတ်ပြန်မှုအရ လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ပါတီဝင်အင်အား လူဦးရေ တစ်သိန်းအထက် စည်းရုံးနိုင်တဲ့ ပါတီက လေးပါတီပဲ ရှိပါတယ်။ နောက်ပြီး လူဦးရေတစ်သောင်းအထက် စည်းရုံးနိုင်တဲ့ပါတီက လေး ပါတီ၊ လူဦးရေ ငါးထောင်ကနေ တစ်သောင်းအတွင်း စည်းရုံးနိုင်တဲ့ ပါတီက ခြောက်ပါတီ၊ လူဦးရေ တစ်ထောင်ကနေ ငါးထောင်အတွင်း စည်းရုံးနိုင်တဲ့ပါတီက ၇၀ နဲ့ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ အကြား စည်းရုံးနိုင်တဲ့ပါတီက ရှစ်ပါတီရှိပါတယ်။

နောက်ထပ် ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန်ပုံငွေကို သတ်မှတ်ရာမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ် သိန်း ၁ဝဝဝနဲ့ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီ ဆိုရင်တော့ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကတော့ အသစ်ဖြစ်ပြီး ဥပဒေဟောင်းမှာ မပါပါဘူး။ 

နိုင်ငံရေးပါတီအလိုက် ပါတီရန်ပုံငွေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ UEC က ထုတ်ပြန်ရာမှာ သိန်းထောင်ဂဏန်းအထက်ရှိတဲ့ပါတီက ၂၁ ပါတီ၊ သိန်းရာဂဏန်းရှိတဲ့ ပါတီက ၃၀၊ သိန်းရာဂဏန်းအောက်ရှိတဲ့ပါတီက ၂၀၊ ရန်ပုံငွေလက်ကျန် မရှိတဲ့ပါတီက ၁၄ ပါတီနဲ့ ပိုင်ဆိုင်မှု အတည်ပြုဖို့ကျန်တဲ့ပါတီက ခုနစ်ပါတီရှိတယ်လို့ သိရပါတယ်။

ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာနဲ့ပတ်သက်လို့ ပုဒ်မ ၅ (ဇ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ထက်ဝက်မှာ ဖွင့်လှစ်ဖို့နဲ့ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကလည်း အရင်ဥပဒေဟောင်းမှာ ပါဝင်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပြီး အသစ်ထည့်သွင်း ပြဋ္ဌာန်းထားတာလည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပါတယ်။

UEC က ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီအလိုက် ရုံးခန်းဖွင့်လှစ်နိုင်မှု အနေအထားမှာလည်း ရုံးခန်း ၁၀၀ နဲ့အထက် ဖွင့်လှစ်နိုင်တဲ့ ပါတီ လေးပါတီပဲ ရှိပါတယ်။ ရုံးခန်း ၅၀ နဲ့ ၁၀၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ သုံးပါတီရှိပြီး ရုံးခန်း ၂၀ နဲ့ ၅၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၂ ပါတီ ရှိပါတယ်။ နောက်ပြီး ရုံးခန်း ၁၀ နဲ့ ၂၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၄ ပါတီ၊ ရုံးခန်းနှစ်ခန်းနဲ့ ၁၀ ခန်းကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၄၄ ပါတီနဲ့ ရုံးခန်း တစ်ခန်းသာ ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၅ ပါတီရှိတယ်လို့ UEC က ဆိုထားပါတယ်။

လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ဒီလိုအခြေအနေတွေရှိနေလို့လည်း နစကက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မတွေကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ဖို့ အခက်အခဲရှိတယ်လို့ နိုင်ငံရေးပါတီအချို့က ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေမှာပဲ နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီ ၁ ရက်ကနေ လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၇ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ ပါတီ ၁၃ ပါတီ ရှိပြီလို့ သိရပါတယ်။ အဲဒီ ၁၃ ပါတီထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီက ငါးပါတီရှိပြီး တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီက ရှစ်ပါတီရှိတယ်လို့ UEC က ဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါ ရီ ၂၇ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားတဲ့ပါတီ လေးပါတီရှိ ပြီး ပုဒ်မ ၂၅ အရ လျှောက်ထားတဲ့ ပါတီ ကိုးပါတီရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားတဲ့ပါတီတွေထဲမှာ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီနဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်တယ်လို့ UEC က ကြေညာပါတယ်။

နောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လာရောက်လျှောက်ထားတဲ့ ပါတီတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် (NEW NATIONAL DEMOCRACY PARTY)၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနဲ့ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party(AFP)) တို့ ပါဝင်တယ်လို့ UEC က ဆိုပါတယ်။

လက်ရှိမှာတော့ လာရောက် လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီအမည်၊ အလံ၊ တံဆိပ်တွေနဲ့ ပတ်သက်လို့ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ UEC က ကြေညာနေပါတယ်။ ထပ်ပြီးတော့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဆီ  နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားမယ့် ပါတီတွေ ရှိနေပါသေးတယ်။

၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP)၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူရှေ့ဆောင်ပါတီ (PPP) နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျ ဦးဆောင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP) တွေဟာ UEC မှာ မှတ်ပုံတင်ပြန်တင်မယ်လို့ ကြေညာထားပါတယ်။

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို ပါတီဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၇ ရက်ကနေ ၂၈ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ဗဟိုကော်မတီအစည်းအဝေးကို နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် ကြေညာချက်ထုတ်ပြန်ရာမှာ နိုင်ငံရေးပြဿနာအဝဝကို ဖြေရှင်းရာမှာ ဒီမိုကရေစီ၊ ဖက်ဒရယ်အရေးပေါ် တစိုက်မတ်မတ် ခိုင်ခိုင်မာမာရပ်တည်မယ့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိဖို့ လိုအပ်တဲ့အတွက် ပြည်သူ့ပါတီက အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ပြည်သူ့ပါတီ (PP) နဲ့ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUDP) တို့ ပူးပေါင်းပြီး UEC မှာ ပါတီမှတ်ပုံပြန်တင်မယ်လို့ ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆိုပါတယ်။

“ဆရာဦးစိန်ဝင်းတို့ ပါတီကိုယ်၌ကလည်း ဒီလိုနိုင်ငံရေး အကျပ်အတည်းမှာ နိုင်ငံရေးပါတီချင်းပူးပေါင်းပြီး ဆောင်ရွက်တာက ပြည်ထောင်စုအဆင့် ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် သူတို့ ပင်ပန်းကြီးစွာ တည်ထောင်ဖွဲ့စည်းထားတဲ့ ပါတီကို သူတို့တော်တော်ကို ခဲရာခဲဆစ် ဆုံးဖြတ်ပြီးတော့မှ ပါတီဖျက်သိမ်းပြီး ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပြီးတော့ ဆရာ ဦးစိန်ဝင်းတို့နဲ့ ပူးပေါင်းပြီးတော့ မကြာခင်ဖြစ်ပေါ်လာမယ့် ပြည်သူ့ပါတီအသစ် အဲဒီမှာတစ်သားတည်း ဆရာ့စကားနဲ့ ပြောရရင် တစ်ကိုယ့်တစ်စိတ် ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့အတွက် ဗဟိုကော်မတီအစည်းအဝေးမှာပါ အားလုံးစုံညီ သဘောတူဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒီလိုနှစ်ပါတီပူးပေါင်းမှုနဲ့ပတ်သက်လို့ ပြည်သူ့ပါတီ အင်အားကြီးထွားဖို့အတွက် ပူးပေါင်းခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) ဥက္ကဋ္ဌ ဦးစိန်ဝင်းက မှတ်ချက်ပြုပါတယ်။

“ပါတီနှစ်ခု ပေါင်းတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် ပြည်သူ့ပါတီ အင်အားကြီးထွားဖို့ ကျွန်တော်တို့ပေါင်းတာ။ ဒီအင်အားကြီးထွားဖို့အတွက် လက်ရှိရဲ့ပေါင်းတဲ့အလွယ်ကူဆုံးနည်းက ဘာလဲ။ အလွယ်ကူဆုံးနည်းသည် လက်ရှိပကတိအခြေနေပေါ်မှာ လိုက်လျောညီထွေ ပေါင်းသွားဖို့လိုတယ်”လို့ ဦးစိန်ဝင်းက ပြောပါတယ်။ 

လက်ရှိထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်တဲ့အခါမှာ ပြည်သူ့ပါတီအနေနဲ့ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ တစ်ခုအဖြစ် မှတ်ပုံတင်သွားမယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

“ပါတီ စတည်ထောင်လာကတည်းက ကျွန်တော်တို့ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုတစ်ခုလုံးအတွက် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြန်လည်ပြီး မှတ်ပုံတင်တဲ့အခါမှာလည်းပဲ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ တစ်ခုအဖြစ်နဲ့ မှတ်ပုံတင်သွားမှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီကလည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ထဲမှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ သတ်မှတ်ချက်အသစ်တွေက လတ်တလောနိုင်ငံရေး အခြေအနေများအရ စိန်ခေါ်မှုတွေ အများအပြားရှိနေပေမဲ့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် အချိန်မီမှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP) အမည်နဲ့ ပါတီမှတ်ပုံတင်မယ်လို့ ဆိုပါတယ်။

“မှတ်ပုံတင်ကတော့ ဥပဒေအတိုင်းပေါ့။ Founder အနည်းဆုံး ၁၅ ယောက်နဲ့ ပါတီမှတ်ပုံတင်ခွင့် တင်ရမှာပေါ့။ Founder ကတော့ ဖွဲ့ပြီးပြီ။ ပါတီမှတ်ပုံတင်က ရက် ၆၀ အတွင်း တင်ရမှာကိုး။ အဲဒီအချိန်တော့ ကျွန်တော်တို့တင်မှာပဲ။ နာမည်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီဆိုပြီး တင်မှာ UPUP ပေါ့”လို့ ဦးကျော်ဇေယျက ပြောပါတယ်။

လက်ရှိမှာ ပါတီတွေနဲ့ ပေါင်းစည်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး လတ်တလောအချိန်အထိ ပါတီဝင်အင်အား သုံးသောင်းဝန်းကျင်ရှိပြီလို့ သူကဆိုပါတယ်။

“ဥပဒေအတိုင်းလိုက်နာပြီး လူတစ်သိန်းမပြည့်ဘူးဆိုရင်တော့ အန်ကယ်တို့က တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်မယ့်ပါတီပဲ ဖြစ်သွားမှာပေ့ါနော်။ ပြည့်ရင်တော့ ပြည့်တဲ့ အလျောက်ပေါ့” လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံပြန်တင်ဖို့ ဒီလိုမျိုး အသံထွက်နေတဲ့ ပါတီတွေ ရှိသလို အသံတိတ်နေတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိနေပါသေးတယ်။ လက်ရှိမှာ UEC ဆီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ပါတီ ၁၃ ပါတီသာ ရှိနေသေးပေမဲ့ နိုင်ငံရေးပါတီများ ပြန်လည်လျှောက်ထားခွင့်က မတ်လကုန်အထိ အချိန်ရှိနေသေးတဲ့အတွက် ဘယ်နိုင်ငံရေးပါတီတွေ ထပ်မံလျှောက်ထားဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Most Read

Most Recent