ခွေးရူးအန္တရာယ်နှင့် မွန်ပြည်နယ်

ခွေးရူးအန္တရာယ်နှင့် မွန်ပြည်နယ်
ဇင်းကျိုက်မြို့အတွင်း ခွေးရူးအကိုက်ခံရခြင်းကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသူများ၏ မိသားစုဝင်များကို တွေ့ရစဉ်  ( Photo  - ကိုဇော်မင်း (မိုးချယ်ရီ))
ဇင်းကျိုက်မြို့အတွင်း ခွေးရူးအကိုက်ခံရခြင်းကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသူများ၏ မိသားစုဝင်များကို တွေ့ရစဉ် ( Photo - ကိုဇော်မင်း (မိုးချယ်ရီ))
Published 5 March 2023
ဘိုဘိုမြင့်

ပြီးခဲ့တဲ့ ခြောက်လတာကာလအတွင်း မွန်ပြည်နယ်မှာ ခွေးရူးအကိုက်ခံရသူပေါင်း ၈၄ ဦးအထိရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရပါတယ်။ခွေးရူးအကိုက်ခံရတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်လျှင်လည်း လူအစုလိုက်အပြုံလိုက်ကို အကိုက်ခံရတာမျိုးတွေ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့မှာ လူ ၂၁ ဦး ခွေးရူးအကိုက်ခံခဲ့ရပါတယ်။    ခွေးရူးက ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာမှစတင်ကာ လမ်းသွားလမ်းလာများကို စကိုက်ခဲ့သည်ဟု သိရကြောင်း၊ ထိုမှ ရန်ကုန် - မော်လမြိုင်ကားလမ်းအတိုင်း သာယာကုန်းကျေးရွာ၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ဝတ်ကြီးရပ်ကွက် လမ်းတစ်လျှောက် လမ်းသွားလမ်းလာများကို ထပ်မံကိုက်ခဲ့ကြောင်း ဇင်းကျိုက်မြို့ခံတစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး ”အဲဒီကမှ ဆားဖိုစုရပ်ကွက် ရထားလမ်းနားမှာ လူတစ်ယောက်ကိုထပ်ကိုက်ခဲ့သေးတယ်။ အဲဒီလူက ရိုက်သတ်လိုက်မှ ခွေးရူးကသေသွားတာ။ အဲဒီခွေးရူးက အိမ်တွေပေါ်ကိုပါတက်ကိုက်တာလို့သိရတယ်။ အကိုက်ခံရတဲ့အထဲမှာ ကလေးတွေလည်းပါတယ်။ အရွယ်စုံပဲ။ ကိုရင်လေးတွေလည်းပါတယ်။ ဆိုင်ကယ်မောင်းနေတဲ့သူတွေပါ ပါတယ်လို့သိရတယ်” လို့ ပြောပါတယ်။

ခွေးရူးအကိုက်ခံရသူများကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးခဲ့ကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသူမရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း ဇင်းကျိုက်မြို့တွင် ကလေးငယ် ၁၁ ဦးနဲ့ လူကြီးနှစ်ဦး ခွေးရူးအကိုက်ခံရပြန်ပါတယ်။ အဲဒီခွေးရူးက ဖလပ်ရပ်ကွက် ရွာလယ်လမ်းမကြီးအတိုင်း ကလေးတွေကို လိုက်လံ ကိုက်ခဲသွားပြီး ဖလပ်ဈေးအနီးမှာလည်း ကလေးတချို့ကို ကိုက်ခဲသွားခဲ့ကြောင်း၊ ထို့နောက် ခွေးရူးကို ခလောက်အင်းရပ်ကွက်အတွင်းမှာ ထပ်မံတွေ့ရှိရတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ပေါင်မြို့နယ်အတွင်းမှာပဲ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ကဒိုင်ကျေးရွာမှာ လူခြောက်ဦးနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က ကျုံကကျေးရွာမှာ လူခြောက်ဦး ခွေးရူးအကိုက်ခံခဲ့ရပါတယ်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက် ကုလားဘီကျေးရွာမှ လူ သုံးဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ကွမ်လှာကျေးရွာမှာ လူလေးဦး၊ ဖေဖော်ဝါရီ ၁၇ ရက်က ကလွီကျေးရွာမှ လူနှစ်ဦးလည်း ခွေးရူးအကိုက်ခံခဲ့ရပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာဆိုရင်လည်း ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်များက ကြာအင်းကျေးရွာမှ လူ ၁၀ ဦး၊ ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်က ဖားအောက်ကျေးရွာမှာ လူ သုံးဦး ခွေးရူးအကိုက်ခံခဲ့ရပါတယ်။

ထို့အပြင် ဖေဖေါ်ဝါရီလ (၇) ရက်က မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာမှာ လူ (၄) ဦးနဲ့ ဖေဖေါ်ဝါရီလ (၂၀) ရက်နဲ့ (၂၁) ရက်တွေမှာ ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာ၊ မဟာမြိုင်ရပ်မှာ လူ (၁၁) ဦးမှာလည်း ခွေးရူးအကိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၉) ရက်က ဘီးလင်းမြို့နယ် ဇုတ်သတ်ကျေးရွာအုပ်စု မုသင်ကျေးရွာမှာ ကလေးငယ်နှစ်ဦး ခွေးရူးအကိုက်ခံရပြီး၊ တစ်ဦးက ကာကွယ်ဆေးအချိန်မီထိုးနှံနိုင်ခဲ့တဲ့ အသက်အန္တရာယ် မဖြစ်ခဲ့ပေမယ့်၊ ကျန်ကလေးငယ်တစ်ဦးကတော့ ကာကွယ်ဆေးကို အချိန်မီမထိုးနှံနိုင်ခဲ့တဲ့အတွက် အသက်သေဆုံးခဲ့ရပါတယ်။

“ခွေးရူးအကိုက်ခံခဲ့ရသူတွေကို ခွေးရူးပြန်ကာကွယ်ဆေး (RV) ရော၊ ခွေးရူးပြန်ကာကွယ်ဆေး ပဋိပစ္စည်း (RIG) ရော အချိန်မှီထိုးနိုင်ခဲ့တဲ့အတွက် (၆၇) ဦးကတော့ အသက်ရှင်ခဲ့ပေမယ့် ဘီးလင်းမြို့နယ်က ကလေးက ကာကွယ်ဆေးကိုအချိန်မီထိုးရကောင်းမှန်းမသိခဲ့တဲ့အတွက် သေဆုံးခဲ့ရတယ်လို့ သိရတယ်။ ဒီကိန်းဂဏန်းတွေက မွန်ပြည်နယ်အတွင်းမှာ ခွေးရူးရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်နေပြီးဆိုတာကို ဖေါ်ပြနေတယ်လို့ ဆိုလို့ရပါတယ်” လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနဦးစီးမှူး ဒေါက်တာနန္ဒဝင်း က ပြောပါတယ်။

ခွေးရူးအကိုက်ခံရသူများလာရခြင်းရဲ့အဓိက အကြောင်းအရင်းက မွန်ပြည်နယ်အတွင်းမှာ ခွေးလေခွေးလွင့်တွေများလာကြောင်း၊ အိမ်မွေးခွေးများအား မှတ်ပုံတင်ထားခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများ လုပ်ဆောင်ထားကြသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိကြောင်း၊ သို့သော်လည်း လမ်းပေါ်တွင် ခွေးလေခွေးလွင့် များလာသည့်တွက် ဇင်းကျိုက်မြို့ကအစပြုကာ အပေါ်ဘက်ဆိုပါက ဘီးလင်းအထိ၊ အောက်ဘက်ဆိုလျှင် ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံးနှင့် ယခုဆိုလျှင် မုဒုံ၊ ကျိုက်မရောအထိပါ ခွေးရူးအကိုက်ခံရသူများ တွေ့နေရကြောင်း ၎င်းက ဆိုသည်။

“ဒီကိစ္စကို တိ/မွေး/ကု ကတော့ အဓိက Focal ပေါ့။ ခွေးတွေကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက်ကို အဓိကလုပ်ဆောင်ရပါတယ်။ ဒါပေမယ့် တိ/မွေး/ကု ကလည်း ဝန်ထမ်းအင်အား အင်မတန်မှနည်းပါတယ်။ နောက် စည်ပင်သာယာအဖွဲ့တွေက ဒီလိုခွေးလေခွေးလွင့်တွေကို ဘယ်လိုမျိုးထိန်းသိမ်းမလဲပေါ့။ အဲ့ဒီအပြင်ကို ခွေးချစ်သူတွေအနေနဲ့ ခွေးလေခွေးလွင့်တွေကို ကိုယ့်အပိုင်နဲ့ ကိုယ် တာဝန်ယူပြီးတော့ ကာကွယ်ဆေးတွေထိုးပေးနိုင်ဖို့နဲ့ မှတ်ပုံတင်နိုင်ဖို့၊ နောက်လည်ပင်းမှာ လည်ပတ်လေးတွေ ပတ်ထားပြီး၊ ကာကွယ်ဆေးထိုးပေးထားရင် ခွေးရူးရောဂါကို ကာကွယ်ပြီးသားဖြစ်သလို သူတို့ဆီကနေတဆင့်လည်း ပြန်မကူးစက်နိုင်တော့ဘူးပေါ့။ အများအင်အားနဲ့ စုပေါင်းလုပ်ဆောင်မှ ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်” လို့ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။

“ကျန်းမာရေးဌာနအနေနဲ့ကတော့ ခွေးကိုက်ခံရပြီးဆိုရင် ခွေးရူးရောဂါကာကွယ်ဆေး နှစ်မျိုးကိုထိုးနှံပေးနေပါတယ်။ ပုံမှန် ခွေးရူးပြန်ကာကွယ်ဆေးအပြင်၊ ခွေးရူးရဲ့အဆိပ်ကို ပြေစေတဲ့ဆေးကိုလည်း နိုင်ငံတော်ရနေ ရရင်ရ၊ မရရင်လည်း ဝယ်ပြီးတော့ ထိုးပေးနိုင်အောင်၊ တတ်နိုင်တဲ့သူတွေကျတော့ ဆေးကို ဝယ်ယူပြီး ထိုးနှံနိုင်သလို၊ မတတ်နိုင်တဲ့သူတွေကိုလည်း သက်ဆိုင်ရာ ဆေးရုံရဲ့စီမံခန့်ခွဲမှု ရန်ပုံငွေတို့၊ ဆေးပဒေသာ ရန်ပုံငွေက ဝယ်ယူပြီးတော့ ထိုးနှံ ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးနေပါတယ်၏” လို့ ဒေါက်တာနန္ဒဝင်း ကဆက်လက်ပြောကြားပါတယ်။ခွေးလေခွေးလွင့်တွေကို အရင်ကတေ့ စည်ပင်သာယာရေးအဖွဲ့တွေက အဆိပ်ချရှင်းလင်းတာမျိုးတွေလုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရိစ္ဆာန်ချစ်သူတွေက ကန့်ကွက်ကြတဲ့အတွက် ထိုအစီအစဉ်တွေ အကောင်အထည်ဖေါ်တာမျိုး သိပ်မတွေ့ရတော့ပါဘူး။ပြီးခဲ့တဲ့ နှစ်က ဇင်းကျိုက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက် အပြုံလိုက် ခွေးရူးအကိုက်ခံရပြီးနောက်ပိုင်းမှ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နဲ့ မြို့ခံပြည်သူတွေပူးပေါင်ပြီးတော့ အိမ်မွေးတရိစ္ဆာန်တွေကို ကာကွယ်ဆေးထိုးနှံပေးတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အမြို့မြို့အနယ်နယ်တွေမှာလည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ခွေးရူးရောဂါနဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

ခွေးလေခွေးလွင့်များအား အဆိပ်ချရှင်းလင်းခြင်းမျိုးမလုပ်ဆောင်ပဲ၊ သက်ဆိုင်ရာဌာနများနှင့် တီချစ်သူများ ပူးပေါင်းကာ နည်းလမ်းတစ်ခုရှာဖွေကာ လုပ်ဆောင်သင့်သည်ဟု ယူဆပါကြောင်း မော်လမြိုင်မြို့မှ တီချစ်သူ တစ်ဦးဖြစ်သူ မနီနီ က ဆိုပါတယ်။

၎င်းကဆက်လက်ပြီး”ခွေးလေခွေးလွင့်တွေထဲက ဥပမာ ခွေးထီးပဲဖြစ်ဖြစ်၊ ခွေးမပဲဖြစ်ဖြစ် တားဆေးထိုးတာမျိုးကတော့ ခွေးတွေအတွက် အဆင်မပြေဘူး။ ရောဂါဖြစ်ကြတာများတယ်။ အဖြစ်သင့်ဆုံးက ခွေးတွေကို သင်းကွပ်ပေးတာမျိုးက အဆင်ပြေလောက်မယ်ထင်တယ်။ အဲ့ဒီအတွက်ကလည်း ကုန်ကျစရိတ်တွေက များနိုင်တော့ ကျန်းမာရေး၊ စည်ပင် နဲ့ တိရစ္ဆာန်ချစ်သူတွေပူးပေါင်းပြီးတော့ လုပ်ဆောင်မှ ရနိုင်မယ့် အနေအထားမျိုးရှိပါမယ်” ဟု သုံးသပ်ပြောကြားပါတယ်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တွက်ချက်မှုတွေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ခွေးကောင်ရေ (၃.၈) သန်းရှိကာ (၇၀) ရာခိုင်နှုန်းက ခွေးလေခွေးလွင့်များဖြစ်ကြတယ်လို့ သိရပါတယ်။

ထို့ကြောင့် ခွေးရူးရောဂါ မကူးစက်စေဖို့နဲ့ ခွေးရူးအကိုက်မခံရလေအောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ တီချစ်သူတွေက ဝိုင်းဝန်းရှာဖွေကြရင်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းတွေကို ရရှိကြမယ်လို့ ယုံကြည်ပါတယ်။

Most Read

Most Recent