၂၀၂၃ ဧပြီတွင် ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်၊ ရန်ကုန်မြို့တော်ခန်းမတွင် မဟာသင်္ကြန်မဏ္ဍပ်နှင့် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ တည်ဆောက်သွားမည်ဟုသိရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက်၊ နေ့လည်ပိုင်းက ရန်ကုန်မြို့တော်ခန်းမ၊ ပထမထပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်-နေ့စဉ်လှုပ်ရှားမှုများ Facebook Page ကတဆင့် ထုတ်ပြန်ထားသည်။
ထိုအစည်းအဝေးတွင် ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၏ မဏ္ဍပ်များ၊ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မဟာသင်္ကြန်မဏ္ဍပ်၊ ခရိုင်များတွင် ရေကစားမဏ္ဍပ်များ ထားရှိ တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက “ ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ ပြုလုပ်သွားမည့်အပြင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင်လည်း ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း” ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများ တင်ဆက်ခြင်း၊ တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေတင်ဆက်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။