(၁)
ထုံးစံအတိုင်း ဘလောက်ပူရမလဲဆို ပြီး သွေးတိုးစမ်းနေဦးမယ့် ရာသီဥတု၊ ဘယ်လိုနေနေ ပူပြင်းမယ်လို့ ဆုံးဖြတ်ပြီးသား မနှစ်ကလို နွေရာသီတစ်ခုပါပဲ။ ဘာဖြစ်လာမယ်ကြိုမသိပေမဲ့ အတိတ်နိမိတ်တွေကတော့ အ ဆင်မပြေမှုတွေဆီပဲ ဦးတည်နေခဲ့တယ်။ ကောင်းကင်ဟာ ကြည်လင်လာလိုက် ပြန်ပြီး မှုန်၀ါးသွားလိုက်နဲ့ ဘာပဲဖြစ်နေနေ ဆွေးမြည့်ရဦးမယ်ဆိုတဲ့ အရိပ်အယောင်တွေချည်း သာ မြင်နေရတယ်။ ဘာပဲလုပ်နေနေ၊ ဘယ်အရပ်ဒေသပဲ ရောက်နေနေ ဝမ်းနည်းမှုတွေ ချည်းသာကြုံရမယ်။ ပူဆွေးမှုကသာ အုံကြွ လာလိမ့်မယ်။ ဒီလိုသာ ထင်နေမိတော့တယ်။ ဒီအချိန်ဆို မပျော်တဲ့စိတ်ဟာ သေချာပေါက် တံခါးလာခေါက်တော့မယ်ဆိုတာကိုလည်း ကြိုသိနေခဲ့မိတာပါပဲ။ ထားပါတော့။
ဘာမှ ထူးခြားတဲ့အကြောင်းတွေလည်း မဟုတ်ပါဘူး။ ဖန်တစ်ရာတေနေတဲ့ခံစားချက် ကို ကြားဖူးနေကျ ပြောဖူးနေကျပုံစံအတိုင်း ရေးမိတယ်ဆိုရုံလောက်။ လွမ်းစိတ်တစ်ခုနဲ့ တစ်ခုကြား ဖျတ်ခနဲ ထပွက်သွားတဲ့ ရေပွက်ကလေးတစ်ခုပမာ အတိတ်ဆိုတာမျိုးက လည်း ပြန်လည်တမ်းတစရာတစ်ခုအဖြစ်တွေချည်းပဲ မဟုတ်လား။ ဒီလို့နေ့ရက်တွေဆို တာ ကျွန်တော့်အဖို့တော့ တကူးတကလိုက်တွေးစရာမလို တမင်ဟန်လုပ်နေစရာလည်း မလိုတဲ့ အချိန်တွေကို လက်ခံရရှိနေတယ်ဆို လည်း ဟုတ်ပါလိမ့်မယ်။ ထစ်ခနဲတိုက်ဆိုင်တာနဲ့ သူ့အလိုလို ကျကွဲနေကျဖြစ်ခဲ့တဲ့ အရာတွေဖြစ်နေနှင့်ပြီးသား။ အခါခါပြန်ရေးနေမိပေမဲ့ အက်ကြောင်းထပ်လာတဲ့အကြောင်း အရာတွေ ဆိုပါတော့။ ဆေးယဉ်ပါးတဲ့ရော ဂါလို ကျွန်တော့်ဘက်ကရိုးမသွားခဲ့ဘူးဆိုပေ မဲ့ တခြားသူတစ်ယောက်အတွက်တော့ ဖတ်ဖူးတဲ့စာ၊ ကြည့်ဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်လို အခါခါပြန်ရစ်ကြည့်ချင်မယ်လို့တောင် မထင်ပါဘူး။ ကျွန်တော်ကသာ အဖန်ဖန်ငိုချင်းချ ကပြချင်နေမိတာပါတဲ့။ ပြန်ခေါ်လို့မရတဲ့အ တိတ်ကို ပြန်ငေးနေရရုံနဲ့လည်း မဖြေနိုင်ဘူး ဆိုရင် ဘာလို့များ ဆက်တွေးနေဦးမှာလဲဆို တာတော့ ကျွန်တော်လည်း မပြောပြတတ်ဘူး။ ဒါတွေ ရေးနေလို့လည်း ကျွန်တော့်တစ်ယောက်တည်း သက်သာသွားရုံရှိမယ်။ တ ခြားသူတွေအတွက်တော့ အသစ်ပြန်ဖြစ်မ လာတော့တဲ့ သတိရစိတ်တစ်ခုနဲ့ သက်ပြင်း ချမိရုံကလွဲရင် ဘာများတတ်နိုင်ကြမှာမို့လဲ။
ဒါပေမဲ့ ကျွန်တော်တို့ဘဝထဲက အဖေ ထွက်ခွာခဲ့တာ ကြာခဲ့ပြီမဟုတ်လား။ တကယ်လည်း အဖေဟာ နေရာအသစ်တစ်ခုဆီမှာ ခန္ဓာအသစ်တစ်ခုနဲ့ ဘဝသစ်တစ်ခုပြန်စ အ သားကျသွားခဲ့ပါပြီ။ အဖန်ဖန်ပြန်ဖြစ်နေ တတ်တဲ့ သံသရာခံစစ်ဝဲမှာ ခန္ဓာဉာဏ် အသစ်ကို ရနေခဲ့ပြီးပြီဆိုပါတော့။
(၂)
တကယ်တော့ အတိတ်ဆိုပေမဲ့ တစ်စစီကျကွဲထားတဲ့ အတိတ်တွေ။ မပီပြင်မှုန်၀ါးခဲ့ရတဲ့ အခန်းတွေ။ ကျွန်တော် မြင်နေရတာတွေက အတိတ်ရဲ့ပုံရိပ်တွေချည်းပဲဆိုပေမဲ့ ရေငွေ့ရိုက်ထားတဲ့ မှန်ချပ်တစ်ခုထဲကမြင်နေခဲ့ရတာချည်းပါ။ ကျွန်တော်တို့ဖြတ်သန်း ခဲ့သမျှအတိတ်ဆိုတာတွေကလည်း အရိပ်ထင်လာရုံနဲ့ ကောင်းမှ မကောင်းခဲ့တာပဲ။ မဟုတ်ဘူးလား။ အဲဒီမှာ ကျွန်တော်တို့ရရှိခဲ့ တဲ့အရာတွေကလည်း ဘယ်လိုလုပ်ပြီး ကျေ နပ်လောက်စရာကောင်းမှာတဲ့လဲ။ ဆိုလိုတာ က ကျွန်တော် ဘယ်လိုပဲ သတိရစိတ်နဲ့တွေးတွေး၊ အလွမ်းစိတ်နဲ့ခံစားနေပေမဲ့ အဲဒီတုန်း ကရိုက်ခတ်ခဲ့တဲ့ ခေတ်ကာလအရတော့ ကျွဲ ကူးရေပါဝေဒနာတွေက ပါလာလိမ့်ဦးမယ်လို့ ထင်နေမိတယ်။ ကျွန်တော် အဲဒါတွေကို ဘယ်လိုပြန်ပြောရမလဲ၊ ဒီအကြောင်းတွေမပါ ဘဲ အတိတ်ကိုလွမ်းတဲ့အကြောင်းချည်း ချရေးလို့ ရပါ့မလားဆိုတာလည်း တွေးနေမိပြန်တယ်။
အဖေဆုံးပြီးတဲ့နောက် အဲဒီမြင်ကွင်းပုံ ရိပ်တွေချည်း ကျွန်တော့်အပေါ် အရိပ်လို မိုးနေခဲ့တယ်။ အဖေ မဆုံးခင်က မြင်ကွင်းတွေ၊ အဖေအသက်ရှိစဉ်က ပုံရိပ်တွေဟာ ကျွန်တော့်မျက်စိရှေ့ တဖျပ်ဖျပ်နဲ့ သတင်းရုပ်ရှင်တစ်ခုပြနေသလိုကို ထင်ဟပ်နေတာ။ အဲဒါ နေ့စဉ်ရက်ဆက်၊ လအတော်ကြာ နှစ်အပိုင်း အခြားရောက်လာတဲဲ့အထိ မြင်မြင်နေရတုန်း။ ကျွန်တော်တို့ ငယ်ငယ်ကလို အိမ်အပြင်မှာ နှင်းတွေ မကျဆင်းတတ်တော့ပေမဲ့ အခုအ ချိန်တွေအထိအောင် ထစ်ချုန်းမိုးတွေမစဲတမ်း အဆက်မပြတ် ရွာကျနေသေးသလို ဖြစ်နေ တုန်း အဲဒီနေ့က အထမ်းနဲ့ ရောင်းတဲ့ လမ်းဘေးမုန့်တီဆိုင်မှာ အဖေက တို့ဟူးသုတ်တစ်ပွဲ မှာစားနေတာတဲ့။ ကျွန်တော်က ကားပေါ်ကအဆင်း မှတ်တိုင်ကနေ လျှောက်လာ တာ။ ကျွန်တော် ရောက်နေတာကိုလည်း အဖေ သိပုံမရဘဲ တို့ဟူးသုတ်ကိုသာ ငုံ့စားနေ တယ်။ အခုလို နေ့လည်ဘက်ပဲ။ ဒီလောက်ပူပူလောင်လောင်ကြီးမှာ ဘာကြောင့်များ လမ်းထိပ်ထွက်ပြီး တို့ဟူးသုတ်လာစားနေ တယ်ဆိုတာ နားမလည်ပေမဲ့ ချက်ချင်းတွေး မိသွားတာတွေက အများကြီးပဲ။ အဖေ ထမင်း မစားဘဲ တို့ဟူးသုတ်တွေ လာစားနေတာ လား။ အဆင်မပြေမှုကို ကြံဖန်ဖုံးကွယ်နေ တာလား။ အဖေအဲဒီတုန်းကခံစားချက်ကို ကျွန်တော်မမေးကြည့်၊ မသိပေမဲ့ ကျွန်တော် တစ်ခုခုကို ခံစားလို့ရနေတယ်။ အဲဒါဘာလဲဆိုတော့ ဝမ်းနည်းမှု။ အဲဒီမြင်ကွင်းဟာ ဘာမှ ထူးဆန်းအံ့သြစရာမရှိပေမဲ့ ကျွန်တော် ခံစား လိုက်ရတာတော့ တနင့်တပိုးကြီးပါပဲ။ အခုအ ချိန်အထိလည်း ကျွန်တော် ခံစားနေရတုန်း အဲဒီတုန်းကလို့ဆိုတာတွေကို တွေးမိနေနေတုန်းပေါ့။
(၃)
အဖြစ်အပျက်တွေတိုင်းမှာ စီးကရက်ဆေးသားဟာ အရသာအမျိုးမျိုးပေးလို့၊ တငွေ့ငွေ့ လွှင့်မှုတ်ထုတ်လိုက်တိုင်း တရွေ့ရွေ့ လွင့်ဝဲပျံတက်လို့၊ ပျော်စရာကစ သတိတရ ဝမ်းနည်းစရာများအဆုံး လက်ထဲတငွေ့ငွေ့ သာ လောင်ကြွနေတယ်။ တက်သွားတဲ့ ဆေး လိပ်မီးခိုးငွေ့များ လွင့်ပျောက်မသွားခင်မှာပဲ အတိတ်ရဲ့အလွမ်းနေ့တွေ ရောက်လာတယ်။ အဖေနေ့အဆွေးတွေ ရောက်လာ အဖမဲ့သား တစ်ယောက်ရဲ့နေ့စွဲတွေ သတိရစိတ်တွေ စောစွာ ရောက်လာတယ်။ အဖမဲ့သားဟာ ရေနည်းငါးအဖြစ်နဲ့ ဘဝမခြား နွေရက်လွမ်း စိတ်တွေ ဖြစ်လာတယ်။ အဖေ မရှိတော့ပေ မယ့်လည်း အဖေစိတ်နဲ့သာသွား နွေရက်တွေ ရောက်လာပြန်တယ်။ ပွဲတော်နေ့ ပျော်စရာ တွေမှာ ဆန်ပြုတ်တွေ ၊ အသားလိပ်တွေ အာ ဟာရအဖြစ်လည်းပါဝင်ခဲ့သလို လွမ်းတဲ့အခါ ပွဲတော်စျေးတန်းမှာ ကိုယ်လည်း လိုက်ပါဝင် လို့ အရင်ကငယ်ဘဝ တစ်ခါပြန်ရ ပွဲစျေးတန်း ထဲ ဆန်ပြုတ်သည်ကို မှတ်မှတ်ရရ လိုက်လိုက် ရှာနေမိတယ်။ ဆန်ပြုတ်နဲ့တွဲလျက် အခေါက် ကင်အသားလိပ်တွေ မှာမှာစားပြီး ရှေ့ကမှာ ထားတဲ့ဆန်ပြုတ်ခွက်ထဲ အသားလိပ်ထဲ ငယ်ငယ်က အဖြစ်တွေလည်းပြန်ရလာသလို
(ပြန်ရောက်လာသလို) တစ်ခုခု ထပ်စားစရာရှိ နိုင်လည်း။ ကြုံနေလည်း စားစရာ ဆန်ပြုတ်ပွဲ များများ မှာနေမိတုန်းပါပဲ။ ပွဲတော်ပျော်စရာ တွေ တွေ့ဆုံကြုံကွဲမှုတွေ မုန့်ပွဲတွေမှာ မရှိ တဲ့မုန့်တွေပဲ အမြဲမှာနေမိတယ်။ ဝမ်းထဲ ပူလာ ပြီဆို ဆာနေပြီဆို ရနိုင်တာထက် မရှိနိုင်တာပဲ ပိုမှာဖြစ် အခုလွမ်းနေရသလိုပါပဲ။
အရင်ကလို့ဆိုတဲ့ အဲဒီတုန်းကဆိုရင် လက်ဖက်ရည်ဆိုင်ထဲ အဖေနဲ့ အဖေ့ညီအစ် ကို တွေ မှာတဲ့မုန့်ပွဲများစွာမှာ ဘယ်အရာတွေ ကများ အဖေ့အား မုန့်ပွဲများများ မှာစေခဲ့ပါသလဲတဲ့။ လာချပေးသမျှမုန့်တွေဆိုတာကိုက နည်းလည်း မနည်း အဲဒါဆို များတော့မှာပဲပေါ့။ ဒါပေမဲ့ မနည်းဘူးဆိုလည်း ဘယ်တော့ မှ မများ အဖေတို့ မုန့်တွေ မှာစားနေခဲ့ဖူးတာ ပဲ မဟုတ်လား။ ငယ်ငယ်တုန်းကဆို နယ်မှာ နေတဲ့ နေ့တွေ အဖေပြန်လာတိုင်း မျှော်ခဲ့ဖူးတဲ့ မုန့်တွေ၊ ညဘက်အဖေပြန်ရောက်လို့ မနက် ငါတို့ အိပ်ရာနိုးချိန် အအေးခန်းထဲ ခဲနေဆဲ မုန့်တွေ၊ ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့လည်း မုန့်တွေဟာ အေးခဲနေလျက်ပဲ။ ပူနွေး မနေပေမဲ့လည်း မုန့်တွေက အရသာလျော့ကျ မသွား ငါတို့ကြိုက်တဲ့မုန့်အေးတွေ ငါတို့ အေး အေးဆေးဆေး ဖဲ့စား ယူစားခဲ့ဖူးတာပဲမဟုတ်လား။ ငယ်ငယ်ကအဖေ ဝယ်လာတဲ့မုန့်တွေ က၊ ငါတို့အတွက် အဖေ ဝယ်လာတတ်တဲ့ စားစရာဆိုတာတွေက၊ ဘယ်လောက်အေး အေး ဘယ်တော့မှ အရသာ မလျော့ကျ အဖေ ဝယ်လာနေကျ နယ်မြို့ကလေး အဝေးက မုန့် အတိတ်နေ့တွေပဲမဟုတ်လား။ လပြည့်ညများ ပင်လယ်ပုဇွန်ထုပ်များ နယ်မှာမမြင်ရတဲ့ ရန် ကုန်ကစားသောက်ဖွယ်ရာတွေနဲ့အတူ အဖေ နဲ့ အဖေ့ညီအစ်ကိုမောင်နှမ တစ်ပြုံတမ က လေးပေါက်စနလေးက အစ အစားစားတယ် လို့တောင် ပြောယူရတယ်။ ရန်ကုန်ည မီးရောင်စုံ ရောင်စုံမီးလှလှတွေနဲ့ ရန်ကုန်က ရောင်စုံစားသောက်ဖွယ်ရာတွေ လူကြီးတွေ လည်း မှာစား ကလေးတွေလည်း ယူစား အစားပဲ စားတယ်၊ စားစရာဆိုလို့ကတော့ ကြီးကြီးငယ်ငယ် ဘယ်နေရာပဲ သွားရသွားရ အရောက်သွားလို့ စားသာ စားနေတော့တာပဲ ဆိုပါတော့။ ရန်ကုန်ဆိုတာမျိုးကလည်း အ ကောင်းဆုံးအစားအစာတွေ တည်နေရာ အကောင်းဆုံး အရသာဆိုတာ ရန်ကုန်မြို့မှာ အကောင်းဆုံးစားစရာ အမျိုးပေါင်းတစ်ရာ နှစ်ရာမက၊ အခု လေလှိုင်းပေါ် အင်တာနက် လိုင်းပေါ်ရောက်မလာခင်ကတည်းကိုက၊ ငါ တို့တွေ အတူလျှောက်သွားခဲ့ဖူး အဖေတို့ နဲ့အတူ လျှောက်စားနေခဲ့ဖူးတာချည်းပဲ မ ဟုတ်လား။ မှတ်ကြီးတောင် ကျောင်းထားရ ဦးမယ်ဆိုတဲ့စကား စပြောတာ အဖေနဲ့ အဖေ့ညီအစ်ကိုတွေပဲ။ အစားအသောက်မှာ အဖေတို့ မှတ်တောင်မထားဘူးဆိုတဲ့ အစား အသောက်စာရင်းမှာ အမျိုးပေါင်း တစ်ရာ တစ်ထောင်ရှိနေတတ်တယ်။ အခုရှိတာထက် သာရင်တောင် သာလိမ့်ဦးမယ်။ ခွေးခြေခုံ ကလေးတွေကနေ စုံလည်ကုလားထိုင် ဆို ဖာအဆုံး အမွှေးနံ့ရောင်စုံ မီးရောင်စုံကြား မရောက်ဖူး မစားဖူးတဲ့နေရာဆိုတာလည်း မရှိ အဖေနဲ့အတူ လိုက်ရ စားလည်း စားရ နေ့ ညတွေပါပဲ။ တစ်ခါတုန်းကဆိုရင် စီးတီးမတ် ထဲ စပျစ်သီးကြီးကြီးချိုချိုတွေ ပေါ်စစျေးက လည်းခပ်ကြီးကြီး အလေးချိန်နဲ့ ရောင်းတဲ့ စျေးနဲ့မှာ အလေးချိန်အတိုင်း အလုံးကြီးကြီး အရသာခပ်စီးစီး စပျစ်သီးကြီးကြီးတွေ ခုလို လမ်းဘေးမှာလည်း ခုလိုပေါပေါများများ ဝယ်မရခင်ကတည်း၊ အဖေဟာ ဝယ်စားရ အောင်ဆိုပြီး တကဲကဲ၊ စီးတီးမတ်ရောက်တဲ့ အခါတိုင်း အဖော်ညှိတတ်ပါတယ်။ ကပ်ထား တဲ့စျေးနဲ့ စပျစ်သီးအရေအတွက်နဲ့ဆို စျေး ကမနည်း သောင်းဂဏန်းရှိတယ်ဆိုလည်း စားဖူးတာပေါ့ကွာဆိုတဲ့ အဖေ့ရဲ့စကား အဲ တုန်းက ကျွန်တော် တော်တော်ကြွေသွားဖူး တယ်။
(၄)
နောက်ပိုင်း အဖေ့ကျန်းမာရေးနဲ့ ရနေ တဲ့ရောဂါနဲ့ အစားအစာဆိုတာက ဓမ္မာနဲ့ သောက၊ လောကထဲ ပြောပြစရာအကြောင်း များ စားစရာ အစားအသောက်များဆိုတာ ကလည်း စားသူကို ပြက်ရယ်ပြုလို့ တစ်နေ့ နေ့ရောက်ရင် စားခဲ့ဖူးသမျှနဲ့ ဒဏ်ပြန်ခတ် ခံရလို့၊ အခုအခါ အဖေလည်း အစားအ သောက်နဲ့သာ ဒဏ်ပြန်တပ်ခံနေရ၊ ဒါပေမဲ့ လည်း အဖေဟာ ဘယ်တော့မှ မလဲ အစား အသောက်နဲ့ ရောဂါ ဘယ်တော့မှ မလဲဘဲ သူ့ရောဂါနဲ့သူဆိုပေမဲ့လည်း အစားအ သောက် မပျက် အမြဲ အမြဲ ဆက်စားခဲ့တာပဲ မဟုတ်လား။ တစ်ခါတလေလောက်သာဆို ပေမဲ့ အခု အဖေက တစ်ခါတလေမက ရော ဂါရနေလျက်က မတည့်တဲ့အစားအသောက် တွေချည်း စားနေတယ်။ မတည့်တာတွေ ချည်း မှာနေတော့တယ်။ အဲဒီလို မတည့်ဘဲ စားတဲ့အခါ လူနဲ့ အဟာရနဲ့ မတည့် ရောဂါနဲ့ အစားအသောက်က မတည့်၊ အဖေနဲ့ သားနဲ့ ဆိုတာက မတည့်ဘူးဆိုပေမဲ့ ဘယ်တော့မှ လည်း ဘယ်တော့မှ မလဲ ကမ္ဘာကုန်ကျယ်သ ရွေ့ဆိုတာလည်း ကမ္ဘာတစ်ဝန်း ဘယ်တော့ မှ အလံမလဲစတမ်း အစားတလုတ်အတွက်ဆို ပေမဲ့ အမှားလုပ်ခွင့်ရတဲ့ အခါတိုင်း အဲဒီ အမှားမှာ ပျော်လို့ ဝမ်းတစ်ထွာအတွက်နဲ့သာ အစားအသောက်မပျက် လျှောက်စားလို့ မှား တယ် မှန်တယ် ဘယ်တော့မှ မခွဲခြား ဆက် တိုက်ဆက်တိုက် အဖေ မှာစားခဲ့တယ်မဟုတ်လား။ အခုဆို သုံးနှစ် ကြာသွားတယ် သုံးနှစ် ထဲသုံးမိုးပြည့်သွားတယ်။ အလွမ်းဆွေးတွေ ကလည်း အမြဲ မမြဲသောလောကထဲ အလွမ်း တွေသာ ပြည့်နေတယ်။ လူက ရှိနေတယ် စိတ်က အဝေးကြီးရောက်နေတယ် အလွမ်း အဆွေးတွေသာ ပြည့်နေတယ်။ အခု အဖေ့ကို လွမ်းတဲ့အခါ တစ်ဆိုင်ဆိုင်ရောက်တဲ့အခါ အစားအသောက်ချည်းသာ မှာနေမိတယ်။ အစားအသောက်သာ အမြဲတမ်း မှာသာနေရ တယ် ဒါပေမဲ့ ကျွန်တော် မစားဖြစ်ဘူး။ စား ပစ်တာလည်းမဟုတ်ဘူးဆိုပေမဲ့ ဆိုင်တွေ ရောက်တိုင်း မှာမြဲသာ မှာနေရ။ အဖမဲ့ အဖေ့ အလွမ်းတွေ အဖေစားဖူးတဲ့အစားအသောက် တွေ။ နောက်ပြီး အဖေ မသောက်နိုင်တော့တဲ့ ဆန်ပြုတ်ပူပူ ချိုချိုတွေ။










