နိုင်ငံတကာလူသားချင်းစာနာထောက်ထားသည့် ကြိုးပမ်းချက်များအတွက် ဟောလိဝုဒ်သရုပ်ဆောင် စတီဗင်ဆီးရဲကို ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံ၏ထိပ်တန်းဆုတစ်ဆု ပေးအပ်ချီးမြှင့်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်ကထုတ်ပြန်သည့် အမိန့် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အက်ရှင်မင်းသားကြီးဆီးဂဲကို ရုရှားနိုင်ငံ၏ Order of Friendship ဆုပေးအပ်လိုက်ခြင်းဖြစ်ပြီး အမိန့်စာထဲတွင် အသက် ၇၀ အ ရွယ်ရှိဆီးဂဲက အမေရိကန်၊ဂျပန်တို့နှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည်များကို ဖော်ပြထားသည်။
အမေရိကန်သရုပ်ဆောင်၊ဇာတ်ညွှန်းရေးသူဆီးဂဲသည် ဂျပန်နိုင်ငံတွင် ကိုယ်ခံပညာနည်းပြအဖြစ်လည်း အလုပ်လုပ်ကိုင်ခဲ့ပြီး ရုရှားသမ္မတပူတင်ကို လေးစားလာသူဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် ရုရှားပတ်စ်ပို့ရခဲ့သည်။
စတီဗင်ဆီးဂဲသည် ရုရှားနိုင်ငံကို မကြာခဏသွားတတ်သူလည်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က ယူကရိန်းခရိုင်းမီးယားကျွန်းဆွယ်ဒေသ ကို ရုရှားတို့ကျူးကျော်ခဲ့ခြင်းကို အားပေးထောက်ခံခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်တွင် ရုရှားထောက်ခံရေးပါတီတစ်ခုကို ပူးပေါင်းခဲ့ပြီး ပြီးခဲ့သည့်နွေရာသီတွင် ရုရှားထိန်းချုပ်ခံ ယူကရိန်းအရှေ့ပိုင်းသို့ သွားလိုက်သေးကာ ရုရှားထောက်ခံသည့် ခွဲထွက်ရေးသမားခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
ယူကရိန်းနိုင်ငံကမူ ၂၀၁၇ ခုနှစ်တွင် စဆီဗင်ဆီးဂဲကို နိုင်ငံလုံခြုံရေးအကြောင်းပြချက်များဖြင့် ပြည်ဝင်ရောက်ခွင့်ငါးနှစ် ပိတ် လိုက်သည်။
ယူကရိန်းသမ္မတဇယ်လန်းစကီးတွင်လည်း ၎င်းကိုအားပေးထောက်ခံသည့် ဟောလိဝုဒ်မင်းသားကြီးတစ်ဦးရှိသည်။၎င်းက အ မေရိကန်သရုပ်ဆောင်ရှောင်ပင်းဖြစ်ပြီး ရှောင်ပင်းက ၎င်းရထားသည့် အော်စကာဆုနှစ်ရုပ်ထဲမှတစ်ရုပ်ကို ဇယ်လန်းစကီးအား ပေးထားပြီး စစ်ပွဲနိုင်သည့်အခါ ပြန်ပေးခိုင်းထားသည်။ရုရှားနှင့်စစ်ဖြစ်ပြီး ယူကရိန်းသို့ ပထမဆုံးရောက်လာသူများတွင် ရှောင်ပင်း လည်းပါခဲ့သည်။
ထို့ပြင်၎င်းက ယူကရိန်းစစ်ပွဲအကြောင်းကို Superpower အမည်ဖြင့် Documentary ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ယင်းရုပ်ရှင်ကို ပြီးခဲ့သည့် ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဦးဆုံးပြသခဲ့ကာ မတ်တပ်ရပ် လက်ခုပ်သြဘာပေးမှုများ ရခဲ့သည်။









