ဘောလုုံးကို ရူးသွပ်သူတစ်ဦး ကြွေလွင့်သွားမှုနှင့် ထမ်လွမ်ဂူဖြစ်ရပ်ကို ပြန်အမှတ်ရခြင်း

ဘောလုုံးကို ရူးသွပ်သူတစ်ဦး ကြွေလွင့်သွားမှုနှင့် ထမ်လွမ်ဂူဖြစ်ရပ်ကို ပြန်အမှတ်ရခြင်း
Photo: Reuters
Photo: Reuters
Published 19 February 2023
TRANSLATED- ခက်ဝေ

၂၀၁၈ ခုနှစ်တွင် ထိုင်းလိ်ုဏ်ဂူတစ်ခုမှ နည်းပြတစ်ဦးနှင့် လူငယ် ၁၂ ဦးကို ကယ်ထုတ်ခဲ့ရသည့်ဖြစ်စဉ် ကမ္ဘာကျော်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းကထွက်လာသည့် ယင်းလူငယ်အဖွဲ့နှင့်ပင်သက်ဆိုင်သည့် သတင်းတစ်ခုက ကမ္ဘာကို အံ့အားသင့်စေခဲ့ပြန်သည်။

ယင်းလူငယ် ၁၂ ဦးအနက် အသက် ၁၇ နှစ်အရွယ်ရှိ ဒွမ်ဖတ်ပရွန်ထပ်  ဗြိတိန်နိုင်ငံတွင် ကွယ်လွန်သွားသည့်သတင်းဖြစ်ပြီး လက်စတာရှိုင်းယားကောင်တီရှိ ၎င်းနေထိုင်ရာ အဆောင်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိမေ့လျက်တွေ့ခဲ့ရသည့်အတွက် ဆေးရုံတင်လိုက်ရကာ ဖေဖော်ဝါရီ ၁၄ ရက်တွင် သေဆုံးခဲ့သည်။

ဒွန်ဟုလည်းခေါ်သည့် ပရွန်ထပ်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းကစတင်ကာ စကောလားရှစ်ဖြင့် ဗြိတိန်ရှိ ဘောလုံးသင်တန်း ကျောင်းတစ်ခုတွင် တက်ရောက်နေသူဖြစ်ပြီး ၎င်းသည် ထိုင်းလိုဏ်ဂူအတွင်း နှစ်ပတ်ကျော် ကြာပိတ်မိနေခဲ့သည့် တောဝက်လူငယ်ဘောလုံးအသင်း၏ ကပ္ပတိန်လည်း ဖြစ်သည်။

၎င်းသေဆုံးခဲ့မှု ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခြင်းများမရှိသော်လည်း  လက်စတာရှိုင်းယားရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် မတွေ့ဟု ထုတ်ပြန်ထားသည်။ ထိုင်းသတင်းများတွင်မူ ဦးခေါင်းဒဏ်ရာရခဲ့သည်ဟု ဖော်ပြနေကြသည်။

 

အိပ်မက်စမက်ရုံပင် ရှိသေး

၂၀၂၂ ခုနှစ်၊ သြဂုတ်တွင် ဒွန်က ဗြိတိန်ရှိ Brooke House ဘောလုံးကောလိပ်သို့ စကောလားရှစ်ဖြင့် ၎င်း တက်ခွင့်ရသည်ဟု အင်စတာဂရမ်တွင် ကြေညာကာ “ကျွန်တော့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာပြီပေါ့”  ဟု ရေးခဲ့သည်။ သူငယ်ချင်းအတွက် ဝမ်းသာခဲ့ရသည်မှာ ခြောက်လပင်ရှိသေး၊ ယခု ၎င်းသူငယ်ချင်းကို ဆုံးရှုံးလိုက်ရသည့်အတွက် တောဝက်အသင်းသားများ ဝမ်းနည်းနေကြသည်။

တောဝက်အသင်း မကြာခဏသွားလေ့ရှိသည့် ချင်းရိုင် (ဒွန်၏ဇာတိမြို့လေးရှိရာ)ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုကို မိခင်က အကြောင်းကြားလိုက်ရာမှ ဒွန်သေဆုံးသည့် သတင်းပျံ့သွားခြင်းဖြစ်သည်။ ၎င်းဘုရား ကျောင်းက Facebook တွင် “ဒွန် ကောင်းရာ သုဂတိလားပါစေ” ဆိုသည့်စာကို ဘုန်းတော်ကြီးများနှင့် တောဝက်အသင်း ရိုက်ထားသည့် ဓာတ်ပုံများနှင့်အတူ တွဲတင်ခဲ့သည်။

ဒွန်သည် ဗြိတိန်သို့ မသွားမီ ချင်းမိုင်ကျောင်းတစ်ကျောင်းတွင် တက်ရောက်ကာ  လူငယ်ဘောလုံးအသင်းတစ်သင်း၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၎င်း၏အင်စတာဂရမ်အကောင့်တွင် ဘောလုံးအားကစားနှင့် သက်ဆိုင်သည့် ပို့စ်များသာ ပြည့်နေပြီး ပို့စ်အများစုတွင် #footballismylife ဟုရေးထားတတ်သည်။

 

၂၀၁၈ ထမ်လွမ်ဂူစွန့်စားခန်း

၂၀၁၈ ခုနှစ်၊ ဇူလိုင်က ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ထမ်လွမ်ဂူမှ တောဝက်လူငယ်အဖွဲ့ကို နိုင်ငံတကာက စွန့်စားပါဝင်ကယ်ထုတ်ခဲ့ရမှုဖြစ်ရပ်သည် သတင်းလောကအတွက် ကြုံခေါင့်ကြုံခဲအဖြစ်ဆုံး ၊ ကယ်ဆယ် ရေးတွင်ပါဝင်ခဲ့သည့် ထိုင်းရေငုပ်သမားနှစ်ဦး အသက်ဆုံးရှုံးခဲ့သည်မှလွဲ၍ အဆုံးသတ်လှသည့်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

၎င်းတို့အဖွဲ့ ပိတ်မိနေချိန် ဒွန်ကအသက် ၁၃ နှစ်ပြည့်ပြီဖြစ်ပြီး ကျန်လူငယ်များက အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ရှိကြကာ နည်းပြအက်ကဖွန်က အသက် ၂၅ နှစ် ဖြစ်သည်။

 ၂၀၁၈ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် ဘောလုံးလေ့ကျင့်ပြီးရာမှ ထမ်လွမ်ဂူထဲဝင်သွားကြပြီး ပြန်ထွက်မရတော့သည့် လူငယ်အဖွဲ့ကို ဗြိတိန်ရေငုပ်သမား ဂျွန်ဗိုလန်သန်နှင့် ရစ်ခ်ရှန်တန်တို့ ရှာတွေ့ခဲ့ပြီးနောက် ဂူရှေ့တွင် သတင်းသမားများ စုပြုံလာခဲ့သည်။

လူငယ်များကိုကယ်ထုတ်ရမည့်ကိစ္စမှာ ခက်ခဲသည်ထက် ပိုနေခဲ့သည်။ ရေငုပ်ကယ်ဆယ်မည့်သူများက ၎င်းတို့ထဲမှ တစ်ဝက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့မည်ဆိုလျှင်ပင် အောင်မြင်မှုအဖြစ် မှတ်ယူရလိမ့်မည်ဟု ထိုင်းအစိုးရကို ကြိုပြောခဲ့သည်။

ထိုင်းအစိုးရက စွန့်စားမှုမပါသည့် နည်းလမ်းအဖြစ် နောက်လေးလအကြာ မုတ်သုံမိုးရပ်သွားသည့်အထိ လူငယ်များကို မကယ်ထုတ်ဘဲထားမည့်နည်းကို အားသန်နေခဲ့သေးသည်။ ထိုနည်းက သေဒဏ်ကျနေသည်နှင့် မခြား ဖြစ်လိမ့်မည်ကိုလည်း သိသည်။

ရေငုပ်သမားများက ၎င်းတို့အဖွဲ့ကို စားစရာအပြင် မိသားစုဝင်များက ပေးလိုက်သည့် စာများလည်း ပို့ပေးခဲ့သည်။ ကယ်ထုတ် ကြသည့်အခါ ကီတမင်းဆေးအကူအညီနှင့် လူငယ်များစိတ်ငြိမ်အောင်ပြုလုပ်ပြီးမှ တစ်ဦးချင်း ကယ်ထုတ်ခဲ့ရသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် လူငယ်နောက်ဆုံးအသုတ်ဂူထဲမှ ထွက်လာနိုင်ခဲ့သည်။

ရှုပ်ထွေးသည့် သုံးရက်ကြာ ကယ်ဆယ်ရေးနောက်ဆုံးအဆင့်တွင် လူငယ်အဖွဲ့ကို လေးသုတ်ခွဲကာ လိုအပ်သည့်ကိရိယာများ ပေးခဲ့ရသည်။ လူငယ်တစ်ဦးစီကို ရေငုပ်သမားနှစ်ဦးစီက တာဝန်ယူကယ်ထုတ်ရပြီး ကယ်ဆယ်မှုတစ်ခုစီတိုင်းက နာရီနှင့်ချီ ကြာမြင့်ကာ အချိန်အများစုက ရေအောက်တွင် သာဖြတ်သန်းခဲ့ရသည်။ အန္တရာယ်အရှိဆုံး အပိုင်းကို ကျော်ဖြတ်ပြီးနောက် လူငယ်များကို ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့များထံလွှဲ ပြောင်းပေးပြီး ဆက်လက်ကယ်ထုတ်စေခဲ့သည်။

ဒွန်က ဒုတိယအသုတ်တွင်ပါဝင်ပြီး ဂူထဲ ပိတ်မိနေသဖြင့် မွေးနေ့မဆင်နွှဲနိုင်ခဲ့သည့် လူငယ်သုံးဦးတွင် ဒွန်လည်းပါသည်။မိဘများထံ ပထမဆုံးစကားပါးရာတွင် ဒွန်က ၎င်းကို စိတ်မပူရန်နှင့် ၎င်းမွေးနေ့ကို မမေ့ရန် ပြောခဲ့သေးသည်။

ကယ်ထုတ်ခံရပြီးနောက် ဆေးရုံမှနေ၍ ဒွန်က ထမင်းနှင့်ဝက်သား စားချင်သည်ဟုဆိုပြီး အားလုံးကို ကျေးဇူးတင်သည်ဟုလည်း ပြောခဲ့သည်။

ဗြိတိန်စကောလားရှစ်ရစဉ်က ဒွန်သည် စကောလားရှစ်ရရေး စီစဉ်ပေးခဲ့သည့် ထိုင်းအမျိုးသားဘောလုံးအသင်း ကပ္ပတိန်ဟောင်း ဇီကိုယကို ကျေးဇူးတင်ကြောင်းနှင့် ၎င်းအစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ဒွန်က ထိုကတိကို တည်မည့်သူမျိုးဖြစ် သည်ကိုလည်း မည်သူကမျှ သံသယဖြစ်ကြ မည်မဟုတ်ပေ။

 

ထမ်လွမ်ဂူကယ်ဆယ်မှုအပြီး ဘာတွေ ဆက်ဖြစ်ခဲ့လဲ

တောဝက်လူငယ်အဖွဲ့၏ သုံးပတ်နီးပါးကြာ ထမ်လွမ်ဂူအတွေ့အကြုံသည် ကမ္ဘာ့သတင်းဌာနများအတွက် အသေးစိတ်ဖော် ပြချင်စရာကောင်းလောက်အောင် ဆန်းကြယ်ခဲ့သည်။၂၀၁၉ ခုနှစ်တွင် Netflixနှင့် အပိုင်းခြောက်ပိုင်းပါ ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်ရန် တောဝက်လူငယ်အဖွဲ့ သဘောတူခဲ့ပြီး ထိုအတွက် လူငယ်တစ်ဦးစီ၏မိသားစုကို အမေရိကန်ဒေါ်လာ ၉၄,၀၀၀ ရစေမည့် ညှိနှိုင်းမှုကို ထိုင်းအစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဇာတ်လမ်းက မနှစ်က ထွက်ခဲ့သည်။

သီးခြားအနေဖြင့် အမေရိကန်ဒါရိုက်တာ ရွန်ဟောင်းဝဒ် ရိုက်ကူးပြီး မင်းသား ကိုလင်ဖာရယ် သရုပ်ဆောင်ထားသည့် Thirteen Lives ဇာတ်ကားလည်း  ၂၀၂၂ ခုနှစ်က ထွက်လာသည်။

ဂူထဲပိတ်မိခဲ့စဉ်က နည်းပြအက်ကဖွန်နှင့် နောက်လူငယ်သုံးဦးသည် ထိုင်းနိုင်ငံတွင် မွေးဖွားသူများဖြစ်သော်လည်း နိုင်ငံမဲ့ ဖြစ်နေခဲ့သည်။ ထမ်လွမ်ဂူကယ်ဆယ်မှုပြီးနောက်လပိုင်းအကြာတွင် ၎င်းတို့အားလုံး ထိုင်းနိုင်ငံသားများ ဖြစ်သွားကြသည်။

နည်းပြအက်ကဖွန်က  ထိုင်းလူငယ်များ ၎င်းတို့ အနာဂတ်အိပ်မက်များနှင့် နီးစပ်စေရန် ဘောလုံးသင်တန်းကျောင်းတစ်ခု တည်ထောင်လိုက်သည်။

တောဝက်အဖွဲ့တွင် အင်္ဂလိပ်စကား ပြောနိုင်သည့် တစ်ဦးတည်းသောလူငယ် အဒူဆမ်အွန် (ဂူထဲတွင် နိုင်ငံတကာရေငုပ် သမားအဖွဲ့ ဝင်လာစဉ်က နှုတ်ဆက်ခဲ့သူ၊ ညွှန်ကြားချက်များကို  အသင်းသားများ ပြန်လည်ပြောပြပေးသူ) ကလည်း စကောလားရှစ်ဖြင့်  နယူးယောက်တွင် ပညာသင်ကြားနေသည်ဟု နယူးယောက်တိုင်းမ်သတင်းစာက မနှစ်က ဖော်ပြခဲ့သည်။ အဒူသည် ဘာသာစကားငါးခုကို ပြောဆိုနိုင်သည်။

အဒူ၏အိပ်မက်က ကြီးမားသည်။ ၎င်းကိုအုပ်ထိန်းသူ ဦးလေးဆိုသူပြောပြချက်အရ အဒူလ်က ကုလသမဂ္ဂတွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ရှိသည်။

“ကလေးတွေဟာ သူတို့ရဲ့လမ်းကို ကိုယ်စီလျှောက်နေကြပါတယ်။ တချို့က ပညာ ဘက်ကိုလိုက်ကြတယ်။ တချို့ကျတော့ ဘောလုံးအိပ်မက်ကို အကောင်အထည်ဖော်နေကြတယ်။ တစ်ဦးနဲ့တစ်ဦးလည်း အဆက်အသွယ် ရှိကြတယ်၊ အတွေ့အကြုံတွေကို မျှဝေကြတယ်”ဟု ဦးလေးဆိုသူက နယူးယောက်တိုင်းမ်ကို ပြောခဲ့သည်။

ဒွန်၏မိခင်က သားဖြစ်သူ၏အလောင်း၊ ပြန်မရလျှင်တောင်မှ ပြာကိုပြန်ရချင်သည်ဟု မိသားစု၏နောက်ဆုံးဆန္ဒကို ဖေဖော်ဝါရီ ၁၅ ရက်က Zoom ဖြင့်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင်ဖြေထားသည်။ ၎င်းသေဆုံးသည့်နေရာတွင် ၀ိညာဉ်စွဲမနေစေရန် အင်္ဂလန်ရှိ ဗုဒ္ဓဘုန်းတော်ကြီး တစ်ပါးကသားဖြစ်သူအတွက် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ပေးရန်လည်း မိခင်က မျှော်လင့်နေသည်။

Ref: CNN & BBC

Most Read

Most Recent