အထည်ချုပ်ကဏ္ဍ၊ နိုင်ငံခြားပို့ကုန်နှင့် နာလန်ထရန် ရုန်းကန်နေရဆဲ မြန်မာ့စီးပွားရေး

အထည်ချုပ်ကဏ္ဍ၊ နိုင်ငံခြားပို့ကုန်နှင့် နာလန်ထရန် ရုန်းကန်နေရဆဲ မြန်မာ့စီးပွားရေး
Published 12 February 2023

တိုးတက်လာသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ

 “ကျွန်မရဲ့ အချိန်ပိုက အရင်ကထက် နည်းနေသေးတယ်”ဟု တောင်ကိုရီးယား အမှတ်တံဆိပ်များအတွက် အကျႌနှင့် ခေါင်းစွပ် အကျႌများ ထုတ်လုပ်သည့် အသက် ၃၅ နှစ် အရွယ်ရှိသူတစ်ဦးက Nikkei Asia သို့ ပြော ကြားခဲ့သည်။ သူက ယင်းကို ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလမတိုင်မီက နှုန်းထားနှင့် နှိုင်းယှဉ် ပြောဆိုခြင်းဖြစ်သည်။ “ဒါပေမဲ့ စီးပွားရေးက လွန်ခဲ့တဲ့ တစ်နှစ်ကထက်တော့ ပိုကောင်း လာပါတယ်” ဟု သူကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ခုနစ်လ အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၁၉၄ သန်းကျော်ရရှိပြီး ဇူလိုင်တွင် ဒေါ် လာ ၆၅၆ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်အတွင်း လအလိုက် ပြည်ပ သို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေရရှိမှုအ နေဖြင့် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ဒေါ်လာ ၄၀၃ ဒသမ ၈ သန်း၊ ဧပြီတွင် ၂၉၇ ဒသမ ၈ သန်း၊ မေလတွင် ဒေါ်လာ ၄၄၂ ဒသမ ၉ သန်း၊ ဇွန်လတွင် ဒေါ်လာ ၆၂၃ ဒသမ ၂ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၆၅၆ ဒသမ ၂ သန်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ Mini Budget ခြောက်လအတွင်း လအလိုက် ပြည်ပသို့ ချုပ်ပြီးအ ထည်တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင် ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင်၄၁၄ ဒသမ ၃ သန်း၊ ဇန်နဝါရီတွင် ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ် လတွင် ဒေါ်လာ၄၀၃ ဒသမ ၈ သန်းဖြင့် စုစု ပေါင်း ဒေါ်လာ ၂၂၂၉ ဒသမ  ၈ သန်းရရှိခဲ့ သည်။

လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ တွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း၊ မတ်လ တွင် ဒေါ်လာ ၂၆၈ သန်း၊ ဧပြီတွင်ဒေါ်လာ ၂၃၈ ဒသမ ၇ သန်း၊ မေလတွင်ဒေါ်လာ ၂၇၈ ဒသမ ၅ သန်း၊ ဇွန်လတွင် ဒေါ်လာ ၃၁၉ ဒသမ ၃ သန်း၊ ဇူလိုင်တွင်ဒေါ်လာ ၃၁၀ ဒသမ ၇ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၄၂၄ ဒသမ ၅ သန်း၊ စက် တင်ဘာတွင်ဒေါ်လာ၃၇၈ ဒသမ ၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင်ဒေါ်လာ ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင် ဒေါ်လာ ၄၁၄ ဒသမ ၃ သန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ တွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါ ရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ၄၀၃ ဒသမ ၈ သန်း ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံအများစုသည် ပို့ကုန်အားထားသည့်စက်ရုံများ ဖြစ်ကြပြီး ညှပ်-ချုပ်-ထုပ်(CMP) လက်ခစား စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ အော်ဒါ အဓိက မှာယူနေခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီး အထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင် ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ပြင်သစ်နိုင် ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအ နက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ကိုရီး ယားသို့ဒေါ်လာ ၃၉၉ သန်း၊အမေရိကန်  နိုင် ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိတင်ပို့ထား သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည် ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုကိုလေ့လာကြည့် ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှု တွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ် လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ အထိ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေရိကန် သို့ အထည်ချုပ်ထုတ်ကုန်များ တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံရှိပြီး ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၆ ဆခန့် စံချိန်တင်မြင့်မားလာခဲ့ သည်။

အနောက်နိုင်ငံအစိုးရများက တပ်မ တော်နှင့် ပတ်သက်သည့် ကုမ္ပဏီများကို ပိတ် ဆို့ အရေးယူမှုများ ချမှတ်ထားသော်လည်း လူအများအပြား အလုပ်လက်မဲ့ဖြစ်စေမည့် ကြီးမားသော ပိတ်ဆို့အရေးယူမှုများ ချမှတ် ခြင်းကို ရှောင်ကြဉ်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ မိတ်ဖက်ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အနောက်နိုင်ငံ ကုမ္ပဏီများအတွက် တရားဝင် ကန့်သတ်ချက်များ ထားရှိခြင်းမရှိပါ။ ထို့ ကြောင့် မြန်မာနိုင်ငံရှိ ကန်ထရိုက်တာများထံမှ ကုန်ပစ္စည်းများကို ဆက်လက်မှာယူနိုင်ရန် H&M , Adidas နှင့် Uniqlo အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအတွက် တံခါးပွင့်နေဆဲဖြစ်သည်။

စီးပွားရေး ပိတ်ဆို့မှုများ၏ စည်းနှောင်မှု မရှိသော သဘောသဘာဝကို အခြားကဏ္ဍများတွင်လည်း တွေ့မြင်နိုင်သည်။ Unilever သည် မြန်မာနိုင်ငံတွင် ဆက်လက်လည်ပတ် နေပြီး Toyota Motor သည် နိုင်ငံရေးမငြိမ် မသက်မှုများကြောင့် နှောင့်နှေးခဲ့ရပြီးနောက် စက်ရုံသစ်ကို စတင်လည်ပတ်နိုင်ခဲ့သည်။

ငွေကြေးဖောင်းပွမှုများ ဖြစ်ခဲ့သည့်တိုင် စက်ရုံအလုပ်ရုံ လုပ်သားအများစုအတွက် အကျုံးဝင်သည့် အနည်းဆုံး လုပ်ခလစာသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ယခုအထိ ကျပ် ၄ç၈၀၀ ကျပ် (၁ ဒသမ ၆၈ ဒေါ်လာခန့်)သာ ဖြစ်နေသေးသော်လည်း စက်ရုံအလုပ်ရုံများကို နေ့စဉ် ဝင်ငွေရှာဖွေရန်အတွက် တစ်ခုတည်း သော နေရာအဖြစ် အများစုက ရှုမြင်နေကြဆဲ ဖြစ်သည်။

“ကျွန်တော့်ရဲ့ ၁၇ နှစ်အရွယ် သမီးကို အထက်တန်းကျောင်းကနေ ထွက်ခိုင်းလိုက်ရ တယ်”ဟု မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်ကို ဖြတ်သန်း ပြေးဆွဲနေသည့် ရထားပေါ်မှ ခရီးသည်တစ်ဦး က ပြောပြသည်။ အစိုးရအပြောင်းအလဲနှင့် သာမန်ပြည်သူများအကြား သုံးစွဲနိုင်မှုနှုန်း ကျဆင်းသွားမှုတို့ကြောင့် ဘူတာရုံတွင် သရေ စာရောင်းချရာမှ ရရှိသည့် ဝင်ငွေမှာ တစ်ရက် လျှင် ကျပ် ၁ဝယဝ၀၀ ဝန်းကျင်မှနေ၍ ကျပ် ၄ယဝ၀၀ ဝန်းကျင်သို့ ကျဆင်းသွားကြောင်း ကလေး ၁၀ ဦး၏ ဖခင်ဖြစ်သူက ပြောပြသည်။ ယခုအခါ သူ၏ သမီးအကြီးဆုံးသည် အိမ်သုံး စရိတ်များအတွက် အထောက်အကူဖြစ်စေ ရန် အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်လုပ် နေရသည်။

ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် နိုင်ငံလုံးဆိုင်ရာ ဆင်းရဲမွဲ တေမှုမျဉ်းအောက် နေထိုင်ရသူ ရာခိုင်နှုန်း သည် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း လူဦးရေ ၏ ရာခိုင်နှုန်း ၄ဝအထိ ရှိလာခဲ့ပြီး COVID-19 ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်တွင် ရာ ခိုင်နှုန်း ၂၀ မှနေ၍ နှစ်ဆတိုးလာခြင်းဖြစ် သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် များအသင်း၏အဖွဲ့ဝင်စက်ရုံများက လုပ် သား ၅၅၀,၀၀၀ နီးပါးကို အလုပ်အကိုင်ပံ့ပိုး ထားခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အလုပ်အကိုင်ဆုံးရှုံးမှု ၁ ဒသမ ၆သန်းရှိပြီး အမျိုးသမီးလုပ်သားထုမှာ အပြင်းထန်ဆုံး ရိုက်ခတ်ခံခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာရုံး (ILO) က ထုတ်ပြန် သည်။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်မှု၊ COVID-19 ရိုက်ခတ်မှုအခြေအနေများကြောင့် အင်အားနည်းနေသည့် လုပ်သား စျေးကွက်ကို ရိုက်ခတ်ခဲ့ပြီး ယင်းတို့အနက် အမျိုးသမီး အလုပ်သမားများသည် အပြင်း ထန်ဆုံး ရိုက်ခတ်ခံရသူများဖြစ်သည်ဟု ILO က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့သည့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လပထမသုံးလပတ်အ တွင်း ပြည်ပသို့ချုပ်ပြီး အထည်တင်ပို့မှုမှ ဝင် ငွေဒေါ်လာ ၁၃၆၃ ဒသမ ၉ သန်းရရှိကာ စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၃၂ ဒသမ ၅ ရာ ခိုင်နှုန်းရှိကာ အများဆုံးပို့ကုန်ဖြစ်ခဲ့သည်။ ဒုတိယပို့ကုန်အများဆုံးမှာ သဘာဝဓာတ် ငွေ့ ဖြစ်ပြီး ဆန်၊ ပဲတီစိမ်းနှင့် ပြောင်းတို့ အ စဉ်လိုက်ရပ်တည်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပပို့ကုန်တင်ပို့မှု အခြေအနေ

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာ ထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တော ထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့်အခြားပစ္စည်း များ တင်ပို့နေခြင်းဖြစ်သည်။ ယင်းအနက် CMP လုပ်ငန်းများပါဝင်သည့် စက်မှုကုန် ချောတင်ပို့မှုမှာ အများဆုံးဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀ လနီးပါး အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ် လာ ၁၃ ဒသမ ၆၅၃ ဘီလျံကျော်တင်ပို့ထား  သည်။ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ် လာ ၃၀၃၀ ဒသမ ၆၀၈ သန်း၊ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှဒေါ်လာ၁၉ ဒသမ ၂၃၉ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှဒေါ်လာ ၆၁၃ ဒသမ ၅၉၇ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ၂၈၈ ဒသမ ၃၈၉ သန်း၊ သစ်တော ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၂၃ ဒသမ ၈၂၆ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာ ၉၁၉၆ ဒသမ ၃၈၀ သန်းနှင့် အခြားပစ္စည်း များ တင်ပို့မှုမှ ဒေါ်လာ ၃၈၁ ဒသမ ၄၇၄ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ Comtrade ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းသည့် နိုင်ငံပေါင်း ၁၂၆ နိုင်ငံရှိရာ ယခင်နှစ် (၁၃၄ နိုင်ငံ) ထက် အနည်းငယ် ကျဆင်းသွားခဲ့သည်။ သို့သော် နိုင်ငံများ၏ တင်သွင်းမှု စုစုပေါင်းတန်ဖိုးသည် ခုနစ်ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ ၂၁ ဘီလျံ နီးပါး ရှိလာခဲ့သည်။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများကြားမှာပင် မြန်မာနိုင်ငံ၏ ပို့ ကုန် ကြီးမားကျယ်ပြန့်လာသည့်သဘောဖြစ် သည်။

ပို့ကုန်မြင့်တက်မှုကို မြန်မာနိုင်ငံမှ အကြီးဆုံးဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံက ဦးဆောင်ကာ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ရှစ်ဘီလျံကျော်ဖိုး ဝယ်ယူမှုဖြင့် ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့ သည်။ အဓိကတင်သွင်းသူများအနက် ထိုင်း နိုင်ငံသည် မြန်မာနိုင်ငံမှ ဝယ်ယူမှု အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံဖိုး (သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်) အထိ တိုးမြှင့်ခဲ့ပြီး အိန္ဒိယက တင်သွင်းမှု ၃၉ ရာခိုင်နှုန်း (ဒေါ် လာ သန်း ၈၀၀ နီးပါး) အထိ တိုးချဲ့ခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့ တင်ပို့မှု ၂၈ ဒသမ ၉ ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်းမြန်မာနိုင်ငံ၏ ပို့ကုန်အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျ ပန်၊ အမေရိကန်နှင့် ဂျာမနီတို့ဖြစ်သည်။ ယင်း ကာလအတွင်း ထိုင်းနိုင်ငံသို့  ပို့ ကုန်တင်ပို့မှုမှာ စုစုပေါင်းပို့ကုန်၏၂၂ ဒသမ ၇ ရာခိုင်နှုန်း တင်ပို့ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁ဝလနီးပါး အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၈ ဘီလျံနီးပါးရရှိပြီး ယခင်နှစ်ကာ လတူထက် ဒေါ်လာ ၄၃၁၄ သန်းကျော် ကုန် သွယ်မှု ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေး   နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိ ရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၇ ရက်အတွင်း  မြန်မာနိုင်ငံမှပို့ ကုန်တန်ဖိုး ဒေါ်လာ ၁၃၆၅၃ ဒသမ ၅၁၃ သန်း၊ သွင်းကုန်ဒေါ်လာ ၁၄၂၅၈ ဒသမ ၂၇၄ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ၂၇၉၁၁ ဒသမ ၇၈၇ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ကုန်သွယ်မှု ဒေါ်လာ၂၃၅၉၆ ဒသမ ၉၄၃ သန်း ရရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါ က လက်ရှိဘဏ္ဍာနှစ်  ၁၀ လနီးပါး အတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၃၁၄ ဒသမ ၈၄၄ သန်း ပိုမိုရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နှစ် အလိုက်စျေးနှုန်းအရ ပြည်ပပို့ကုန်ကို ဒေါ် လာ ၁၅ ဒသမ ၅ ဘီလျံ (၁၅၅၀၀ သန်း) တင် ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ဒေါ်လာ ၁၄ ဘီ လျံ (၁၄၀၀၀ သန်း) တင်သွင်းရန် ရည်မှန်း ထားကြောင်း ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် အ မျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ဝင်ငွေလျော့နည်းလာ မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်လာမှုကြောင့် အ ကျပ်အတည်းဖြစ်နေသည့် ပြည်တွင်းစျေး ကွက်ကိုသာ အားထားနေရသော စီးပွားရေး လုပ်ငန်းများထက် ပြည်ပပို့ကုန်အပေါ် အား ထားသည့် စီးပွားရေးလုပ်ငန်းများက ပိုမိုခံ နိုင်ရည်ရှိကြောင်း တွေ့ရသည်ဟု ကမ္ဘာ့ဘဏ် က ဆိုသည်။

ရုန်းကန်နေရဆဲ မြန်မာ့စီးပွားရေး

ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ထက် များစွာ နိမ့်ကျနေဦးမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်း ခန့် တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန် မာ့ စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံ စာတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံ ရေး ရိုက်ခတ်မှုများကြောင့် ကာလတိုစီးပွား ရေး ပြန်လည်သက်ဝင်လာနိုင်မှုမှာ နှေးကွေး နေဆဲဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆို သော် သိသာထင်ရှားသည့် မက်ခရိုစီးပွား ရေးနှင့် စည်းမျဉ်းစည်းကမ်းမရေရာမှုများ၊ လတ်တလောပဋိပက္ခများနှင့်လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေ ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထား သည်။

သွင်းအားစုရှားပါးမှုနှင့် ဝယ်လိုအား လျော့နည်းမှုတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် လူ တစ်ဦးချင်း GDP သည် ၂၀၁၉ ခုနှစ်ကထက်  ၁၃ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်မည်ဟု  ခန့်မှန်းထားသည်။

မြန်မာ့GDP သည် ကပ်ရောဂါမတိုင် ခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင် စွမ်း မရှိသေးသဖြင့် ဒေသတွင်းအခြားသော နိုင်ငံများနှင့်များစွာ ကွာခြားလျက်ရှိကြောင်း၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံ ကြီးများအားလုံး၏ GDP သည် ၂၀၁၉ ခုနှစ်  မတိုင်ခင် အခြေအနေသို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်သည်။

မြန်မာ့စီးပွားရေးသည် ပြီးခဲ့သည့်   ခြောက်လတာအတွင်း မတည်ငြိမ်မှုများ   ဒဏ်ကို သိသိသာသာရင်ဆိုင်နေရဆဲဖြစ် ကြောင်း၊ ဇူလိုင်လကတည်းက မြန်မာကျပ် ငွေတန်ဖိုး ထိုးကျလာခဲ့ရာ ဒီဇင်ဘာလ၌ မြန် မာကျပ်ငွေတန်ဖိုးသည် ပြီးခဲ့သည့် နှစ်နှစ် တာကာလထက် ရာခိုင်နှုန်း ၅၀ လျော့ကျ သွားကြောင်း သိရသည်။

ကမ္ဘာ့ကုန်စည်စျေးနှုန်း ဆက်လက်မြင့် တက်နေခြင်း၊ သယ်ယူပို့ဆောင်ရေးအခက် အခဲများရှိနေခြင်းအပြင် အဆိုပါငွေတန်ဖိုး ကျဆင်းခြင်းက ကုန်စည်စျေးနှုန်းများကို သိ သိသာသာ မြင့်တက်သွားစေသောကြောင့် စီးပွားရေးတစ်ခုလုံးအား ထိခိုက်စေခဲ့သည်။

နောက်ဆုံးရရှိသည့် CPI အချက်အလက်များအရ ဇူလိုင်လတွင် ငွေကြေးဖောင်း ပွနှုန်း ရာခိုင်နှုန်း ၂၀ အထိရှိခဲ့ပြီး ထိုသို့မြင့် တက်မှုကြောင့် အိမ်ထောင်စုအမှန်ဝင်ငွေ၊ သုံးစွဲနိုင်မှုနှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတို့အ ပေါ် ဖိအားဖြစ်စေခဲ့သည်။

ငွေလဲနှုန်းမတည်ငြိမ်ခြင်းသည် စီးပွား ရေးလုပ်ငန်းများအတွက် အဓိကအခက်အခဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ စက်တင်ဘာလ က ကောက်ယူခဲ့သော စစ်တမ်းတွင် ဖော်ပြ ခဲ့သည်။ ယင်းအချက်က ဇူလိုင်နှင့်သြဂုတ် လအတွင်း ငွေကြေးတန်ဖိုး သိသာစွာကျ ဆင်းသွားခြင်းကို ဖော်ပြနေသည်။ ပြီးခဲ့ သည့်လများအတွင်း မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာသော်လည်း နိုင်ငံခြား ငွေကြေး ပြတ်တောက်မှုများနှင့် ကုန်သွယ်မှု ကန့်သတ်ချက်များ ဆက်လက်ရှိနေဆဲဖြစ် သဖြင့်  သွင်းကုန်တင်သွင်းနိုင်မှုအကန့်အ သတ်ဖြစ်စေသည်။ တစ်ပြိုင်နက်တည်းတွင် နိုင်ငံခြားငွေအား မြန်မာကျပ်ငွေသို့ မဖြစ်မ နေ ပြောင်းလဲရသည့်စည်းကမ်းချက်မှာ ပြည်ပပို့ကုန်သမားများအတွက် အခွန်အ မြောက်အမြား ပေးဆောင်ရသကဲ့သို့ဖြစ်စေ ပြီး နိုင်ငံတကာစျေးကွက်တွင် လုပ်ငန်းပြိုင်  ဆိုင်နိုင်စွမ်း လျော့ကျစေသည်။

စီးပွားရေးခန့်မှန်းချက်များကိုအပြောင်း အလဲဖြစ်စေနိုင်သည့်အကြောင်း အရာများ ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပ မည်ဟု စီစဉ်ထားသည့် ရွေး ကောက်ပွဲများ ကြောင့် ပဋိပက္ခ ပိုမိုဆိုးရွား လာနိုင်ခြေရှိသဖြင့်  စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ် ဆောင်ရန် ယုံကြည်မှုအပေါ် ဖိအားဖြစ်စေ ကာ စီးပွားရေးလုပ်ငန်းများကို အတားအဆီး ဖြစ် နိုင်ကြောင်း၊ ကမ္ဘာ့အခြေအနေတွင်လည်း ရှေ့လာမည့်လများ တွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ပ ထဝီနိုင်ငံရေးတင်းမာ မှုများနှင့် ကမ္ဘာ့ကုန်စည် စျေးနှုန်းများအ ပြောင်း အလဲ များသည်  ယခု baseline တွင် ယူဆထားသည်ထက် ပို ၍ စိန်ခေါ်လာနိုင် သည့်အခြေအနေများ လည်း ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက် ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာ မခံချက်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ကြားသည်။

ခရိုင်၊ မြို့နယ်များ အားလုံးတွင် စက်မှု ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စက်မှုဇုန်များတည်ထောင်၍ ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက် လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီး ပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေ ရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကိုမိမိ အနေဖြင့် အာမခံချက်ပေးပါကြောင်း၊ ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

ထို့အတူနိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေး ဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။                    

Most Read

Most Recent