ဟေတီ၏ နိုင်ငံရေးအကျပ်အတည်းနှင့် လွတ်လပ်ရေး စွပ်ပြုတ်

ဟေတီ၏ နိုင်ငံရေးအကျပ်အတည်းနှင့် လွတ်လပ်ရေး စွပ်ပြုတ်
Published 7 February 2023
Translate by ရာဇ

ဝီလ်ဖရက်ဂဒက်အတွက် တနင်္ဂနွေနေ့တွင် စွပ်ပြုတ်ဝယ်ယူခြင်းသည် ဘုရားကျောင်းတက်ရသည့် အခြေအနေနှင့် တူညီနေသည်။

အသက် ၄၇ နှစ်အရွယ် ဟေတီနိုင်ငံသား ဂဒက်သည် လမ်းကြိုလမ်းကြားတစ်နေရာတွင် လမ်းဘေးစာများ တင်ထားသည့် စင်တစ်ခု၏အနီးရှိ ပလတ်စတစ်ခုံများပေါ်တွင် ထိုင်ပြီး သတ္တုပန်းကန်လုံးအတွင်းရှိ လိမ္မော်ရောင်ရှိသည့် စွပ်ပြုတ်များကို သောက်နေသည်။ အသက်ကိုးနှစ်အရွယ် သားဖြစ်သူက သူ့ဘေးတွင် ထိုင်နေသည်။

သူတို့၏ နောက်ဘက်တွင် ဟေတီနိုင်ငံသားများသည် ပလတ်စတစ်ပုံးများကို ပိုက်ပြီး အရွယ်အစားကြီးမားသည့် စွပ်ပြုတ်အိုးနှစ်အိုးထဲမှ ပွက်ပွက်ဆူနေသည့် စွပ်ပြုတ်များကို ဝယ်ယူရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

ဟေတီနိုင်ငံထွက် ဖရုံသီး၊ အမဲသား၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်တို့ဖြင့် ချက်ပြုတ်ထားသည့် Joumoa အမည်ရှိ စွပ်ပြုတ်သည် ဟေတီတွင် ယဉ်ကျေးမှုဆိုင်ရာ အဓိကစားစရာတစ်မျိုးဖြစ်သည်။

ထို့ပြင် ကာရစ်ဘီယံနိုင်ငံဖြစ်သည့် ဟေတီတွင် အကျပ်အတည်းများ ပိုမိုဆိုးရွားလာချိန်တွင် ယင်းစွပ်ပြုတ်သည် နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးထားသည့် အနည်းငယ်သော အကြောင်းခြင်းရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ယခုလိုအခြေအနေမျိုးတွင် သင့်အနေဖြင့် ယင်းစွပ်ပြုတ်၏အမည်ကို ထုတ်ဖော်ပြောဆိုမည်ဆိုပါက ဟေတီနိုင်ငံသားများသည် မပွင့်တပွင့် ပြုံးပြကြလိမ့်မည်ဖြစ်သည်။

“ဒါက ကျွန်တော်တို့ရဲ့ ရိုးရာ၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။ ဒီစွပ်ပြုတ်က လူတွေကို ဂုဏ်တက်စေပါတယ်။ ဟေတီမှာ ဘာတွေပဲဖြစ်နေပါစေ၊ ဒီစွပ်ပြုတ်ကတော့ အမြဲတမ်းအနားမှာ ရှိနေမှာပါ” ဟု ဂဒက်က ပြောကြားခဲ့သည်။

ကိုလိုနီပြုခံခဲ့ရသည့် အချိန်ကာလများအတွင်း ကျေးကျွန်များသည် ပူစပ်သည့် ယင်းစွပ်ပြုတ်ကို စားသုံးခွင့် ပိတ်ပင်ခံခဲ့ရပြီး ယင်းစွပ်ပြုတ်ကို ပြင်သစ်ကျေးကျွန်ပိုင်ရှင်များအတွက်သာ ချက်ပြုတ်ပြင်ဆင်ပေးခဲ့ရသည်။

သို့သော် ဟေတီသည် ကမ္ဘာ့အနောက်ခြမ်းဒေသတွင် အကြီးမားဆုံးနှင့် အောင်မြင်မှုအရှိဆုံး ကျေးကျွန်ပုန်ကန်မှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပုန်ကန်မှုတစ်ခုကို ဆင်နွှဲခဲ့သည့် ၁၈၀၄ ခုနှစ်တွင် ဟေတီနိုင်ငံသားများသည် ယင်းစွပ်ပြုတ်ကို ၎င်းတို့ကိုယ်ပိုင် အစားအစာတစ်ခုအဖြစ် ကြေညာခဲ့သည်။

ယင်းပုန်ကန်မှုကြောင့် ဟေတီသည် ဒေသတွင်း အခြားနိုင်ငံအများစုထက် ပိုမိုဆောလျင်စွာ ကျေးကျွန်စနစ်အဆုံးသတ်နိုင်ခဲ့ပြီး Joumoa စွပ်ပြုတ်သည်လည်း “လွတ်လပ်ရေးစွပ်ပြုတ်” ဟူသည့်အမည်ဖြင့် ချစ်စနိုး ခေါ်ဝေါ်ခံခဲ့ရသည်။

ဟေတီတွင် သမ္မတလုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် နိုင်ငံအတွင်း ပရမ်းပတာအခြေအနေအတွင်းသို့ ကျရောက်သွားခဲ့သည့် ၂၁၂၁ ခုနှစ်မှာပင် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Intangible Cultural Heritage List) တွင် ယင်းစွပ်ပြုတ် ချက်ပြုတ်နည်းသည် ဟေတီ၏ ပထမဆုံးယူနက်စကို စာရင်းဝင်ချက်ပြုတ်နည်းအဖြစ် ပါဝင်ခဲ့သည်။

“ဒါဟာ အောင်ပွဲခံဟင်းပွဲဖြစ်တယ်။ ဟေတီနိုင်ငံသားတွေရဲ့ ရင်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး စွပ်ပြုတ်ချက်ပြုတ်ဖို့ ပြင်ဆင်တဲ့အခါမှာလည်း လူမှုစည်းလုံးမှုကို ပိုမိုမြင့်တက်စေပြီး ဟေတီနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဟင်းပွဲဖြစ်ပါတယ်” ဟု ယူနက်စကိုက ဖော်ပြခဲ့သည်။

ယင်းစွပ်ပြုတ်ကို တနင်္ဂနွေနေ့ မနက်တိုင်း စားသုံးခြင်းသည် အစဉ်အလာတစ်ခုဖြစ်ပြီး ဇန်နဝါရီလအစောပိုင်းတွင် ကျရောက်သည့် ဟေတီလွတ်လပ်ရေးနေ့တွင်လည်း ယင်းစွပ်ပြုတ်ကို စားသောက်သည့် ဓလေ့ရှိသည်။

ထို့ကြောင့် ယင်းနေ့များတွင် နံနက် ၇ နာရီခွဲခန့်အချိန်ရောက်တိုင်း အသက် ၅၀ အရွယ် မာရီဖရန့်စ်ဒါမက်စ်၏ အသေးစားစားသောက်ဆိုင်၏ ဝင်ပေါက်များတွင် စွပ်ပြုတ်ဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေတတ်သည်။

ပါကင်ထိုးထားသော ကားများ၏ အနောက်ဘက် နံရံပေါ်တွင် “တနင်္ဂနွေနေ့တိုင်း Joumoa စွပ်ပြုတ်ရပြီ” ဟု ရေးသားထားသည့် ဆိုင်းဘုတ်နှင့်အတူ ဒေသထွက်ဖရုံသီးများကို စုပုံထားပြီး ဒါးမက်စ်၏ ဆိုင်ဝန်ထမ်းများသည် ကြီးမားသည့် အိုးကြီးနှစ်လုံးဖြင့် စွပ်ပြုတ်များ ချက်ပြုတ်နေသည်ကို မြင်တွေ့ရသည်။ ဒါးမက်စ်သည် ယင်းစွပ်ပြုတ်များကို ချက်ပြုတ်ရောင်းချခဲ့သည်မှာ ၁၈ နှစ်သက် တမ်းရှိခဲ့ပြီဖြစ်သည်။

ဒါးမက်စ်၏ ခင်ပွန်းက စွပ်ပြုတ်ဝယ်ယူသည့်သူများအတွက် စွပ်ပြုတ်များ ရောင်းချပေးရန် ပလတ်စတစ်စားပွဲများနှင့် ခုံများကြားတွင် အလုပ်ရှုပ်နေချိန်တွင် သူ့သမီးက ဟင်းသီးဟင်းရွက်များကို လှီးချွတ်နေသည်။ ယင်းသည် မိသားစု စီးပွားရေးတစ်ခုဖြစ်သော်လည်း ဒါးမက်စ်ကတော့ ပွင့်ပွင့်လင်းလင်းပြောသည်။

“ကျွန်မက ဒီဆိုင်မှာ သူဌေးလေ၊ ဆရာကြီးပေါ့” ဟု သူက ပြုံးဖြဲဖြဲဖြင့် ပြောကြားခဲ့သည်။

ယင်းစီးပွားရေးဖြင့် သူ့ကလေးများကို ကျောင်းထားနိုင်ခဲ့ပြီး ဒေသတွင်း ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင်ပါဝင်သည့် ဟေတီတွင် သူတို့မိသားစုသည် သာယာသည့် မိသားစုဘဝကို ရရှိခဲ့သည်။

ဟေတီနိုင်ငံသားတစ်ဦးစီအတွက် ယင်းစွပ်ပြုတ်သည် တစ်မျိုးချင်းစီ အဓိပ္ပာယ်ကွဲဲပြားနေသည်။

ဂဒက်နှင့် သူ့သားအတွက်မူ ယင်းစွပ်ပြုတ်သည် နေ့စဉ်နှင့်အမျှ ဝရုန်းသုန်းကား ဖြစ်နေသည့်မြို့တော် ပို့အော့ပရင့်စ်မှ ထွက်ပြေးလွတ်မြောက်လာခြင်း၏ အထိမ်းအမှတ်တစ်ခုဖြစ်သည်။

ထို့ပြင် ဂဒက်အတွက် တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်လာသည့် ဟေတီယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုကို ချစ်ခင်မြတ်နိုးခွင့် ရရှိခြင်းလည်းဖြစ်သည်။

တစ်ချိန်က ဟေတီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည့် ကာနီဗယ်ပွဲတော်ကဲ့သို့ ပွဲလမ်းသဘင်များသည်လည်း နိုင်ငံအတွင်း အုပ်စုဖွဲ့ ရမ်းကားသည့် ရာဇဝတ်ဂိုဏ်းများကြောင့် ဆိတ်သုဉ်းပျောက်ကွယ်လာခဲ့သည်။

“နိုင်ငံထဲမှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေတာကြောင့် လူတိုင်းဟာ နိုင်ငံထဲက ထွက်ပြေးရမယ့် အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေ အများကြီးကို ဆုံးရှုံးခဲ့ပြီးပါပြီ။ ကျွန်တော့်သားလည်း (ပြည်ပကို) သွားတော့မှာပါ။ အခုအချိန်မှာတော့ သူဟာ ဟေတီမှာ နေရတာကို မပျော်တော့ပါဘူး” ဟု ဂဒက်က ပြောကြားခဲ့သည်။

သူ့သား ပြည်ပသို့ ထွက်ခွာသွားသည့်အချိန်တွင် တနင်္ဂနွေနေ့မနက်တိုင်း သူတို့သားအဖနှစ်ဦး စွပ်ပြုတ်အတူသောက်ခဲ့သည့် အချိန်များကို သတိရနေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂဒက်က ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ် မက်စွန်ဆူကန်ကဲ့သို့ အခြားဟေတီနိုင်ငံသားများအတွက်လည်း ယင်းစွပ်ပြုတ်သည် ကျေးလက်ဒေသရှိ ၎င်းတို့၏ မိသားစုများနှင့် ချည်နှောင်ထားသည့် မမြင်ရသည့် သံယောဇဉ်ကြိုးတစ်ခု ဖြစ်နေသည်။

ဆူကန်သည် သူ့မိသားစုကို ထောက်ပံ့ရန် ပြီးခဲ့သည့် ၁၃ နှစ်က ပို့အော့ပရင့်စ် မြို့တော်သို့ ပြောင်းရွှေ့လာခဲ့ပြီး နိုက်ကလပ်တစ်ခုတွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

ကျေးလက်ဒေသများတွင် ပြန်ပေးဆွဲမှုများနှင့် လူဆိုးဂိုဏ်းများ၏ သောင်းကျန်းမှုများကြောင့် သူသည် ၁၃ နှစ်အတွင်း ဇာတိမြေကို ခြောက်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့်သာ ပြန်သွားနိုင်ခဲ့သည်။ လက်ရှိတွင် ပိုမိုဆိုးရွားလာသည့် အခြေအနေကြောင့် သူ့အနေနဲ့ အိမ်ပြန်နိုင်ခြင်း မရှိတော့ပေ။

ထို့ကြောင့် တနင်္ဂနွေ နံနက်ခင်းတိုင်း သူသည် စွပ်ပြုတ်သောက်ရင်း သီတင်းပတ်များစွာကြာ အဆက်အသွယ် ပြတ်နေခဲ့သည့် သူ့သမီးအကြောင်းကို တွေးတောနေသည်။

“သမီးလေးက သုံးနှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော် သူ့ကို မတွေ့ရတာ တော်တော်နာကျင်ဖို့ကောင်းပါတယ်။ ကျွန်တော် ဒီစွပ်ပြုတ်ကို စားတိုင်း ကျွန်တော့် မိသားစုကိုသတိရမိပါတယ်” ဟု ဆူကန်က ပြောကြားခဲ့သည်။

သူသည် စားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ပူနွေးသည့်စွပ်ပြုတ်များ ထည့်ထားသည့် ကြီးမားသည့် ပလတ်စတစ်ဘူးကြီးကို ကိုင်ရင်း ယခုလိုပြောကြားခဲ့သည်။

“ဒီနေ့ ကျွန်တော် အိမ်ပြန်မယ်။ သမီးကို တွေ့မယ်။ သူစားနိုင်မယ်ဆိုရင် သူ့ကို ဒီစွပ်ပြုတ်တွေ ကျွေးမယ်”                        

Ref:AP

Most Read

Most Recent