မြိတ်ကျွန်းစုအတွင်း ကျောင်းဆရာ၊ ဆရာမလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပေးမလဲ

မြိတ်ကျွန်းစုအတွင်း ကျောင်းဆရာ၊ ဆရာမလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပေးမလဲ
ကုန်းမြေအနည်းငယ်သာရှိသော ရေအေး (အပြင်) ရွာရှိ စာသင်ကျောင်းသို့ ကျောင်းတက်ရန်သွားနေသည့် ကျောင်းသားအချို့ကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက ကျေးရွာအတွင်းလမ်းတွင် တွေ့ရစဉ်
ကုန်းမြေအနည်းငယ်သာရှိသော ရေအေး (အပြင်) ရွာရှိ စာသင်ကျောင်းသို့ ကျောင်းတက်ရန်သွားနေသည့် ကျောင်းသားအချို့ကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက ကျေးရွာအတွင်းလမ်းတွင် တွေ့ရစဉ်
Published 5 February 2023
ဇော်မိုးဦး (မြိတ်)

မြိတ်ကျွန်းစုဆိုတာ ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အက်ဒမန်ပင်လယ်အတွင်းက ကျွန်းများဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက် အနောက်ဘက်ပင်လယ်အတွင်းမှာ တံငါလုပ်ငန်းများဖြင့် အဓိကအသက်မွေးပြီး ဒေသခံများ အခြေချနေထိုင်လျက်ရှိကြပါတယ်။

လူသူမနေတဲ့ ကျွန်းများစွာရှိသလို လူနေအိမ်ခြေများစွာဖြင့် အတည်အကျဖြစ်နေတဲ့ ကျေးရွာများ၊ လူနေအိမ်ခြေအနည်းငယ်ဖြင့် တည်ထားတဲ့ ကျေးရွာများမှာလည်း မြိတ်ကျွန်းစုအတွင်း ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ အများအားဖြင့် လမ်းပန်းဆက်သွယ်ရေးက ရေလမ်းခရီးတစ်ခုတည်းကိုပဲ အားထားသွားလာနေရပြီး တချို့ကျွန်းတွေက ကျေးရွာချင်းဆက် လမ်းလေးတွေနဲ့ တစ်ရွာနဲ့ တစ်ရွာ သွားလာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြိတ်ကျွန်းစုအတွင်းက အနာဂတ်လူငယ်လေး တွေအတွက် အဓိက အခက်အခဲ တစ်ခုကြုံတွေ့လာရပါတယ်။ ဒါကတော့ ကျောင်းသူကျောင်းသားနဲ့ ဆရာ၊ ဆရာမ လိုအပ်ချက်ကြီးမားလာတဲ့ အခက်အခဲဖြစ်ပါတယ်။

“ကဘင်ကျေးရွာအုပ်စု အတွင်းမှာ ရှိတဲ့ ပြင်သာဆိုတဲ့ ကျွန်းလေးမှာ အခြေခံမူလတန်းလွန် ကျောင်းရှိတယ်။ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းသူကျောင်းသားက ၃၀၀ ကျော်ရှိတယ်။ ဒါပေမဲ့ အစိုးရခန့် ဆရာနှစ်ဦးပဲရှိတယ်။ ကျောင်းသားတွေက များနေပြီး ဆရာမတွေ နည်းနေတယ်။ ပညာသင်ကြားဖို့ အတော်လေး အခက်အခဲဖြစ်နေတယ်။ မကြာခင်မှာ အတန်းတင် စာမေးပွဲကြီးတွေ စတင်တော့မယ်။ ဒီနှစ်တော့ အခက်အခဲတွေနဲ့ လုံးပန်းပြီး သွားနေရတယ်။ လာမယ့်နှစ်မှာတော့ ဆရာဆရာမတွေကို လုံလောက်အောင် တာဝန်ချထား ပေးစေချင်တယ်”လို့ ပြင်သာကျေးရွာ ရာအိမ်မှူး ဦးဘိုဘိုက ပြောကြားပါတယ်။

ကျွန်းပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေက ဆရာဆရာမလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ကျောင်းဆောင်တွေကလည်း ဟောင်းနွမ်း ဆွေးမြည့်တဲ့အနေအထားတွေဖြစ်နေပါတယ်။ ကျွန်းတစ်ကျွန်းကနေ တစ်ကျွန်းကို ဆက်ထားတဲ့ ပေထောင်ချီရှိတဲ့ တံတားတွေကလည်း ပျက်စီးယိုယွင်းနေတဲ့အတွက် သွားလာရေးတွေက အခက်အခဲဖြစ်လာတယ်လို့သိရပါတယ်။

“၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျွန်တော်တို့ကျေးရွာ မူလတန်းကျောင်းမှာ ကျောင်းသူ ကျောင်းသား ၆၀ ဦး ပညာသင်ကြားနေပါတယ်။ ဒါပေမဲ့ ကျောင်းမှာ ဆရာမတစ်ဦးပဲရှိပါတယ်။ အိမ်ခြေ ၁၀၀၊ လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ဥယျာဉ်ခြံလုပ်ငန်းတွေနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုကြတယ်”လို့ ပဒဲ့ကောကျေးရွာတာဝန်ခံ ဦးစောတာရှည်က ပြောကြားပါတယ်။

ပဒဲ့ကောကျေးရွာလေးက မြိတ်ကျွန်းစုအတွင်းမှာ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ထူးခြားတဲ့ ကျေးရွာလေးဖြစ်ပြီး တံငါလုပ်ကိုင်သူ နည်းပါးကြပါတယ်။ မြိတ်ကျွန်းစုအတွင်းက ကျွန်းတွေမှာတော့ ဗမာ၊ ကရင်၊ ဆလုံနဲ့ တခြားလူမျိုးစုတွေ နေထိုင်ကြပြီး အနာဂတ်ကလေးငယ်တွေအတွက် ပညာရေးမှာ အခက်အခဲဖြစ်နေကြတာပါ။ မြိတ်ကျွန်းစုအတွင်းမှာရှိတဲ့ ကတန်ကျွန်း၊ မလိကျွန်း၊ ကံမော်ကျွန်း၊ စခန်းသစ်ကျွန်း၊ ရေကန်တောင်ကျွန်း၊ ဒိုမယ်ကျွန်းတွေဟာ မြို့ကြီးတစ်မြို့စာမျှ ကျယ်ဝန်းတဲ့ ကျွန်းတွေဖြစ်ပြီး လူဦးရေထောင်ချီ အခြေချ နေထိုင်ကြတဲ့ ကျွန်းတွေ ဖြစ်ပါတယ်။

“ရေကန်တောင်ကျေးရွာအုပ် စု အတွင်းမှာဆိုရင် ကလိမ်ဘဲ၊ ဆီဒုံ၊ ရေတွင်းချောင်း၊ ရေကန်တောင်၊ ပဒဲ့ကော၊ မော်ရွတ်၊ ကလန်အော်၊ ပလောတော၊ ရေအေး၊ သဲချောင်း ကြီးကျေးရွာတွေရှိပါတယ်။ ကံမော် ကျေးရွာအုပ်စုအတွင်းမှာဆိုရင် မော်ရွန်၊ ဘိုတောင်၊ ပသျှူးချောင်း၊ မော်ခေါင်းတုံး၊ ရေချောင်းကြီး၊ တောကော၊ ၀န်တောင်၊ ငမန်း ချောင်းတောင်၊ မြေနီတောင်၊ ပေါ်မယ်၊ အရောင်တောင် စတဲ့ ကျေးရွာတွေ အားလုံးဆိုရင် ၂၁ ရွာအထိ ရှိနိုင်တယ်။ အိမ်ခြေ ၅၀၀၀ ကျော်၊ လူဦးရေ ၂၂၀၀၀ ကျော်ရဲ့ပညာရေး၊ ကျန်းမာရေး အခက်အခဲတွေ ရှိပါ တယ်။ ကျေးရွာကြီးတချို့မှာဆိုရင် တိုက်နယ်ဆေးရုံတွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာဝန်က တစ်ဦးတည်း ရှိနေတယ်။ သူနာပြုဆရာမဆိုရင် တစ်ယောက်မှ မရှိဘူး။ ကျေးရွာတွေကလည်း ရေလမ်းခရီးကိုပဲ အားထားသွားလာနေရတော့ အရေးပေါ်ကိစ္စတွေဖြစ်လာရင် အတော်လေး အခက်ကြုံရတယ်” လို့ ရေကန်တောင် ကျေးရွာအုပ်စု ရပ်မိရပ်ဖ ဦးကျော်ဇောထိုက်က ပြောကြားပါတယ်။

တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့အတွက် ကျောင်းသားလူငယ်တွေကို မြို့ပေါ်မှာ ပညာသင်ကြားပေးဖို့ အတော်လေး အခက်အခဲဖြစ်ကြရပါတယ်။ ကျွန်းတွေပေါ်မှာပဲ  မိမိတို့ရင်သွေးငယ်များကို အဓိက ပညာသင်ကြားပေးရမယ့် အနေအထားဖြစ်ပါတယ်။ ကျေးရွာတစ်ရွာနဲ့ ချိတ်ဆက်ထားတဲ့ တံတားတွေ၊ လမ်းတွေ ကောင်းမွန်ပါမှ အလယ်တန်း၊ အထက်တန်းအဆင့်ကိုသွားရောက် သင်ကြားနိုင်မှာဖြစ်ပါတယ်။ လက်ရှိ အခက်အခဲက မူလတန်းအဆင့်မှာပင် ဆရာဆရာမလိုအပ်ချက်က များစွာ ကြီးမားနေတာ တွေ့ရပါတယ်။ ကျောင်းသူကျောင်းသား ၃၀၀ ကျော်မှာ ဆရာ ဆရာမ နှစ်ဦးနဲ့ ဘယ်လိုမှပညာသင်ကြားလို့မရနိုင်ပါဘူး။

နေ့ကလေးထိန်းကျောင်း ပုံစံမျိုးနဲ့ သွားနေရတဲ့ အနေအထားသာ ဖြစ်နေပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပညာရေးက ရေရှည်မှာဒီအတိုင်းဆက်သွားနေလို့  မရနိုင်တော့ပါဘူး။ ပင်လယ်အတွင်းက ကျွန်းတွေဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးတွေအတွက် အဓိက ဆောင်ရွက်ပေးထားပါမှ အဆင်ပြေနိုင်မှာပါ။ ကိုဗစ်ရောဂါ၊ နိုင်ငံရေး အခြေအနေတွေကြောင့်ပညာရေး အနေအထားများ နှောင့်နှေးခဲ့ရတဲ့ အပြင်ဆရာ ဆရာမလိုအပ်ချက်တွေက နောက်ဆက်တွဲ လိုက်ပါလာနေတဲ့အတွက် ရေရှည်မှာ အခက်အခဲ ပိုမိုလာမှာ ဖြစ်ပါတယ်။ မြိတ်ကျွန်းစုအတွင်းက အနာဂတ် လူငယ် ကျောင်းသူကျောင်းသားတွေအတွက် ဆရာဆရာမ လိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတာက ဒီဒေသအတွက် မေးခွန်းထုတ်ရမယ့် အနေအထားဖြစ်နေပါတယ်။          

Most Read

Most Recent