ဖေဖော်ဝါရီ ၄ ရက်သည် ကမ္ဘာ့ကင်ဆာရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ထိပ်သီးကင်ဆာရောဂါတိုက်ဖျက်ရေးညီလာခံ၏ နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၎င်းညီလာခံမှ ကင်ဆာရောဂါတိုက်ဖျက်ရေး မူဝါဒ (ပါရီမူဝါဒ) စာတမ်းတစ်စောင်ထုတ်ပြန်ခဲ့သည်။ ၎င်းမူဝါဒစာတမ်း၏ ရည်ရွယ်ချက်မှာ ကင်ဆာရောဂါ ကုသမှုတိုးတက်ရန်နှင့် တစ်ကမ္ဘာလုံး ကင်ဆာရောဂါနှင့်ပတ်သက်၍ ဝိုင်းဝန်းသုတေသနပြုကြရန်ဖြစ်သည်။ ၎င်းမူဝါဒစာတမ်းအပေါ်မူတည်၍ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို “ကမ္ဘာ့ကင်ဆာနေ့” အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် မကူးစက်သောရောဂါများ (Non Communicable Disease NCD) သည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကင်ဆာရောဂါသည် မကူးစက်သောရောဂါများတွင်ပါရှိပြီး ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်နေပါသည်။ ကင်ဆာရောဂါသည် ဆင်းရဲချမ်းသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ယောကျ်ား မိန်းမ၊ ကလေးပါမကျန် ဖြစ်ပေါ်နိုင်သောရောဂါဖြစ်ပါသည်။ ကင်ဆာဖြစ်သည်နှင့် ကိုယ်တိုင်မိသားစုစိတ်ပူပန်ရခြင်း၊ စီးပွားရေးလူမှုရေးထိခိုက်ရခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးရခြင်းနှင့် နိုင်ငံတော် အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။
''ကင်ဆာ''
လူ၏ကိုယ်ခန္ဓာရှိ အသေးငယ်ဆုံးအစိတ်အပိုင်းများမှာ ဆဲလ်များဖြစ်ကြသည်။ ကင်ဆာရောဂါသည် ၎င်းအသေးငယ်ဆုံးဆဲလ်များမှ စတင်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်တွင် ပုံမှန်ဆဲလ်များ၏ကြီးထွားမှု၊ ပွားများလာမှု၊ သေဆုံးမှုများကို အစီအစဉ်တကျဖြစ်အောင် စနစ်တစ်ခုဖြင့် ထိန်းချုပ်ထာသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မူမမှန်သော ဆဲလ်များ ထိန်းချုပ်မှုကင်းမဲ့စွာ ပွားများလာခြင်းကြောင့် ကင်ဆာရောဂါဖြစ်လာခြင်းဖြစ်သည်။ လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။
''ကင်ဆာအမျိုးအစားများ''
ကင်ဆာသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်ပါသည်။
(၁) ပြန်ရည်ကြောအကျိတ်များတွင် စတင်ဖြစ်ပေါ်သော ပြန်ရည်ကြောအကျိတ်ကင်ဆာ (Lymphoma)
(၂) ခန္ဓာကိုယ်၏ တစ်နေရာရာတွင် စတင်ဖြစ်သော အစိုင်အခဲအကျိတ်ကင်ဆာ (Solid tumor)
(၃) သွေးနှင့်ဆိုင်သော ကင်ဆာ (Haemotological malignancy) ဟူ၍ ခွဲခြားထားပါသည်။
''ပျံ့နှံ့ပုံ''
ကင်ဆာဆဲလ်များကြီးထွားလာသောအခါ အနီးအနားရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ တိုက်ရိုက်ပျံ့နှံ့နိုင်ပါသည်။ သွေးကြောမှတစ်ဆင့် ကျောက်ကပ်၊ အသည်း၊ ဦးနှောက်၊ အဆုတ်၊ အရိုးစသည် အင်္ဂါများသို့ ပျံ့နှံ့နိုင်သည်။ ပြန်ရည်ကြောများမှတစ်ဆင့် တစ်ကိုယ်လုံးရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့နိုင်သည်။
''ကမ္ဘာ့ကင်ဆာဖြစ်ပေါ်မှုအခြေအနေ''
ကမ္ဘာပေါ်တွင် သေဆုံးမှုများတွင် ကင်ဆာဖြင့်သေဆုံးမှုသည် ဒုတိယအများဆုံးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် လူ ၁၀ သန်းနီးပါးသည် ကင်ဆာဖြင့်သေဆုံးပါသည်။ တစ်နည်းအားဖြင့် ခြောက်ဦးတွင် တစ်ဦးသည် ကင်ဆာဖြင့်သေဆုံးသည်။ အဖြစ်အများဆုံးကင်ဆာများမှာ အစဉ်လိုက်အားဖြင့် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ ဖြစ်ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် သေဆုံးမှုအများဆုံးကင်ဆာများမှာ အဆုတ်ကင်ဆာမှာ ပထမအများဆုံး၊ အူမကြီး နှင့် အစာဟောင်းအိမ်ကင်ဆာမှာ ဒုတိယအများဆုံးဖြစ်ပြီး ရင်သားကင်ဆာမှာ ပ ဉ္စမနေရာတွင်ရှိသည်။ ကင်ဆာဖြင့်သေဆုံးသူ သုံးပုံတစ်ပုံမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်ခြင်း၊ ဟင်းသီးဟင်းရွက်အသီးအနှံများအစားနည်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကြောင့်ဖြစ်ကြသည်။နှစ်စဉ်ကလေးကင်ဆာခန့်မှန်းခြေ လေးသိန်းဖြစ်ပွားလျက်ရှိသည်။ သားအိမ်ခေါင်းကင်ဆာသည် ၂၃ နိုင်ငံတွင် အများဆုံးဖြစ်ပွားသည်။
''ကင်ဆာဖြစ်စေသောအကြောင်းများ''
(၁) ဆေးလိပ်သောက်သုံးခြင်း
ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်၊ အသံအိုး၊ အညှို့၊ မုန့်ချိုအိတ်၊ ကျောက်ကပ်နှင့် ဆီးအိတ်ကင်ဆာတို့ဖြစ်စေပြီး အရက်သောက်ခြင်းနှင့်ပေါင်းစပ်လိုက်ပါက ခံတွင်းကင်ဆာ၊ နှာခေါင်းအနောက်ကင်ဆာ အသံအိုး၊ အစာမျိုလမ်းကြောင်းကင်ဆာတို့ ပိုမိုဖြစ်စေပါသည်။ အဆုတ်ကင်ဆာဖြစ်စေနိုင်မှုသည် ဆေးလိပ်သောက်သည့်ကာလ၊ နေ့စဉ်သောက်သည့်ဆေးလိပ်အရေအတွက်နှင့် တိုက်ရိုက်အချိုးကျပါသည်။ ဆေးလိပ်သောက်သူသည် မသောက်သူထက် ၁၅ ဆ မှ ၂၅ ဆပို၍ အဆုတ်ကင်ဆာဖြစ်ရန် အလားအလာရှိသည်။ ကိုယ်တိုင်မသောက်ဘဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်သူများသည်လည်း အဆုတ်ကင်ဆာဖြစ်ရန် အ
လား အလာရှိပါသည်။
(၂) ကွမ်းစားခြင်း
ကွမ်းစားခြင်း၊ ကွမ်းနှင့်ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းယာထဲတွင် ဆေးရွက်ကြီး၊ ပေါင်းဆေး၊ နှပ်ဆေးများစသည်ထည့်၍စားခြင်း၊ ဆေးရွက်ကြီးကို ရေစိမ်၍သောက်ခြင်းသည် ခံတွင်းကင်ဆာကိုဖြစ်စေပါသည်။ ခံတွင်းကင်ဆာများမှာ လျှာ၊ လျှာအောက်၊ နှုတ်ခမ်း၊ ပါးစောင်း၊ သွားဖုံး၊ အာခေါင်၊ အာသီးကင်ဆာတို့ဖြစ်ကြပါ
သည်။
++++++
(၃) အရက်သောက်ခြင်း
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ခံတွင်း၊ နှာခေါင်းအနောက် အသံအိုး၊ အစာမျိုလမ်းကြောင်း၊ အသည်း၊ အူမကြီးကင်ဆာတို့ဖြစ်စေနိုင်ပါသည်။ ကင်ဆာဖြစ်ပွားမှုအန္တရာယ် အနည်းအများမှာ နေ့စဉ်သောက်သုံးမှုပမာဏ အနည်းအများပေါ်မူတည်ပါသည်။
(၄) လုပ်ငန်းခွင်အန္တရာယ်
လုပ်ငန်းခွင်တွင် ထိတွေ့ရသော ဓာတ်ပစ္စည်းများ၊ ဓာတ်သတ္တုများကြောင့် ကင်ဆာဖြစ်ပေါ်မှု အန္တရာယ်ရှိပါသည်။ လုပ်ငန်းခွင်ကြောင့်ဖြစ်သော ကင်ဆာများမှာ အဆုတ်၊ အရေပြား၊ ဆီးသွားလမ်းကြောင်း၊ နှာခေါင်းနှင့် အဆုတ်အမြှေးပါးတို့ဖြစ်ပါသည်။ ဥပမာ Abertos (မီးခံပြားမှုန့်) ကျောက်မီးသွေးဓာတ်ငွေ့၊ ခရိုမိတ်၊ ကတ္တရာ၊ ဓာတ်ရောင်ခြည်ဖြာထွက်ပစ္စည်းများတူးဖော်ခြင်း၊ ကိုင်တွယ်ခြင်း။
(၅) ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု
လေ၊ ရေ နှင့် မြေကြီးတွင် ညစ်ညမ်းနေမှုများသည် ကင်ဆာဖြစ်စေနိုင်ပါသည်။ အိမ်တွင်းကင်ဆာဖြစ်စေသော အငွေ့များမှာ ဆေးလိပ်ငွေ့နှင့်မီးဖိုမှ မီးခိုးငွေ့များဖြစ်ပါသည်။ အာရှနိုင်ငံအပါအဝင်ဆင်းရဲသော နိုင်ငံများတွင်တွေ့ရသည်။ ရေခဲသေတ္တာဖျန်းဆေးများမှ ကလိုရိုဖလူအိုကာဗွန်ဓာတ်ငွေ့များသည် အိုဇုန်းလွှာကို ပျက်စီးစေသည်။ မြေကြီးတွင်ရှိ ရေဒီယိုဓာတ်ကြွပစ္စည်း Radom သည် အိမ်၊ ကျောင်း၊ အလုပ်နေရာများတွင် စုဆောင်းနေခြင်းသည် အန္တရာယ်ရှိပါသည်။ ရေတွင်ပါသော အာစင်းနစ်နှင့် ကလိုရင်းဓာတ်တို့သည် အချို့လူအသိုင်းအဝိုင်းများတွင် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေတွင်ရှိနေပါသည်။
(၆) ပိုးသတ်ဆေးများ၏အန္တရာယ်
ပိုးသတ်ဆေးဖျန်းရာတွင် ကိုင်တွယ်သူမှ အကာအကွယ် (လက်အိတ်၊ နှာခေါင်းစည်း) မရှိဘဲ ကိုင်တွယ်ခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျမစွန့်ပစ်ဘဲ ရေ၊ မြေကြီးထဲတွင် စွန့်ပစ်လိုက်ခြင်းများသည် ကိုင်တွယ်သူ၊ ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါများနှင့် ၎င်းရေကိုသောက်သုံးသောလူ၊ တိရစ္ဆာန်များပါ အန္တရာယ်ရှိပါသည်။
အစားအစာများတွင် ပိုးသတ်ဆေးများ ပါဝင်ကျန်ရှိနေပြီး ဟိုက်ဒရိုဆိုက်ကလစ်အေမင်းဓာတ်များသည် အစာပြုပြင်ချက်ပြုတ်ရာ၌ ပါရှိပါက ခန္ဓာကိုယ်ကလပ်စည်းတို့၏ ဗီဇပြောင်းလဲပြီး ကင်ဆာဖြစ်စေနိုင်သည့် ပစ္စည်းများထွက်လာကြောင်းတွေ့ရပါသည်။
(၇) ဆေးဝါးများ
ကင်ဆာရောဂါကို ကုသသောအချို့ဆေးများကြောင့် အခြားကင်ဆာတစ်မျိုးဖြစ်စေနိုင်ခြင်းရှိပါသည်။
(၈) ဓာတ်ရောင်ခြည်၊ နေရောင်ခြည်
အချို့ဓာတ်ကြွပစ္စည်းများမှ ထွက်သော ရောင်ခြည်များကြောင့်လည်းကောင်း၊ နေရောင်ခြည်မှ လည်းကောင်း၊ ကင်ဆာရောဂါများဖြစ်စေပါသည်။ ၎င်းတို့မှာ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ လည်ပင်းအကျိတ် (Thyroid) ကင်ဆာတို့ ဖြစ်ကြသည်။ နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည်သည် ဓာတ်ရောင်ခြည်တစ်မျိုးဖြစ်ပြီး နေရောင်ထဲတွင်နေသည့်အသားလတ်သူများအား အရေပြားကင်ဆာ ဖြစ်စေပါသည်။ လှိုင်းတိုလျှပ်စစ်သံလိုက်လှိုင်းများသည် ကလေးများ၌ သွေးကင်ဆာဖြစ်စေကြောင်း တွေ့ရှိရပါသည်။
(၉) အစာအာဟာရ
လူတို့တွင်ဖြစ်သော ကင်ဆာအားလုံး၏ ၃၀ ရာခိုင်နှုန်းမှာ အစာအာဟာရနှင့် နှီးနွယ်နေပါသည်။ ပြည့်ဝအဆီ၊ အသားဓာတ်များသော အစားအစာများကိုစားသုံးပြီး လှုပ်ရှားမှုနည်းသည့်နေထိုင်မှုစနစ်ကြောင့် အူမကြီး၊ ရင်သား၊ ဆီးကျိတ်၊ သားအိမ်နှင့် အခြားကင်ဆာများဖြစ်ပေါ်စေပါသည်။ မှိုတက်နေသောအစာများ (ပေါင်မုန့်၊ မြေပဲ၊ ဟင်း) သည် Aflatoxin ခေါ် အဆိပ်တစ်မျိ်ုးထွက်ရှိပြီး အသည်းကင်ဆာဖြစ်စေပါသည်။ ကြာရှည်ခံအောင်ဆားဖြင့်သိပ်ထားသောအစာများ၊ ကျပ်ကင်ထားသော အစာများ၊ တူးအောင်ကင်ထားသော အစာများ၊ ယမ်းစိမ်းဖြင့် ပြုပြင်ထားသောအစာများ၊ ဆိုးဆေးပါသောအစာများသည် ကင်ဆာဖြစ်ရန် အန္တရာယ်ရှိပါသည်။
(၁၀) မျိုးရိုးဗီဇ
မျိုးရိုးဗီဇထဲတွင် BRCA ဗီဇပါနေပါက ရင်သားကင်ဆာ၊ မျိုးဥကင်ဆာဖြစ်ရန် အလားအလာတို့ ပါရှိပါသည်။ ပတ်ဝန်းကျင်အခြေအနေများသည် ကင်ဆာဗီဇရှိသူများပေါ်တွင် အကျိုးသက်ရောက်စေပြီး ကင်ဆာဖြစ်ရန် အလားအလာကိုပိုစေပါသည်။
(၁၂) မျိုးပွားခြင်းနှင့် ဟော်မုန််းဓာတ်များ
မ,ဟော်မုန်းဓာတ်များ၏ အခြေအနေ၊ သားသမီးမွေးဖွားမှု၊ အချက်အလက်များနှင့် သွေးဆုံးခြင်းစသော အချက်များသည် မျိုးဥနှင့် ရင်သား ကင်ဆာများဖြစ်စေရန် နှီးနွယ်နေပါသည်။ သွေးဆုံးသောအမျိုးသမီးများ မ, ဟော်မုန်းဓာတ်၊ မ,ဟော်မုန်းဆေး (HRT) သောက်သုံးခြင်းသည် ရင်သားနှင့် သားအိမ်ကင်ဆာဖြစ်ရန် အလားအလာပိုစေပါသည်။
(၁၃) နာတာရှည်ကူးစက်ရောဂါများ
နာတာရှည်ကူးစက်ရောဂါများကြောင့် အန္တရာယ်ဖြစ်စေခြင်းကို အထူးသဖြင့် ဝင်ငွေနည်းနှင့်အသင့် အတင့်ရှိသော နိုင်ငံများတွင် တွေ့ရသည်။ ကင်ဆာ (၁၃ ရာခိုင်နှုန်း) သည် နာတာရှည်ကူးစက်ရောဂါပိုးများကြောင့် ဖြစ်သည်ကိုတွေ့ရသည်။ ဥပမာ အစာအိမ်ကင်ဆာကိုဖြစ်စေသော Helicobacter Pylori ဗက်တီးရီးယားပိုး၊ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေသော Human Papilloma virus ၊ အသည်းကင်ဆာကို ဖြစ်စေသော Hepahihis B/C virus HIV သည်လည်း သားအိမ်ခေါင်းကင်ဆာဖြစ်ရန် ခြောက်ဆရှိပါသည်။
(၁၄) ခုခံအားကျဆင်းခြင်း
အချိန်ကြာမြင့်၍ ခုခံအားကျခြင်းသည် ကင်ဆာဖြစ်ရန်အခွင့်အရေးပိုစေပါသည်။ HIV, AIDS ဖြစ်နေသူများတွင် ဟော့ချ်ကမ်းပြန်ရည်ကြောအကျိတ်ကင်ဆာ (Hodgkin’s Lymphoma)၊ အရေပြားကင်ဆာ (Kaposisarcoma) များဖြစ်စေကြောင်း တွေ့ရပါသည်။ ကင်ဆာဖြစ်ပေါ်ခြင်းမှာ အသက်ကြီးလာသည်နှင့်အမျှ သိသာစွာဖြင့်တက်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် သက်ဆိုင်ရာကင်ဆာများအတွက် အန္တရာယ်ရှိသောအချက်များ တည်ဆောက်ခြင်းမှာ အသက်ကြီးလာလျှင် မြင့်တက်လာခြင်းနှင့်ဆဲလ်များ ပြုပြင်ခြင်းဖြစ်စဉ်မှာလျော့နည်းလာခြင်းကြောင့်ဖြစ်သည်။
''ရောဂါလက္ခဏာများ''
(၁) မိန်းမကိုယ်မှာ အချိန်အခါမဟုတ်ဘဲ သွေးဆင်းခြင်၊ အဖြူဆင်းခြင်း
(၂) လည်ပင်း၊ ချိုင်း၊ သားမြတ်၊ ပေါင်ရင် းစသည်တို့တွင် အလုံးအကျိတ်များတွေ့ရှိခြင်း
(၃) ဆီး၊ ဝမ်း အလေ့အထပြောင်းလဲလာခြင်း
(၄) အမြဲအသံဝင်လာခြင်း၊ အမြဲမပြတ်ချောင်းဆိုးလာခြင်း
(၅) အစာမျိုရခက်ခဲခြင်း၊ အစာမကြေသလို၊ မစားချင်သလို မကြာခဏဖြစ်လာခြင်း
(၆) ကိုယ်ပေါ်ရှိမှဲ့၊ ကြွက်နို့၊ မွေးရာပါအမှတ်များကြီးထွားလာခြင်း၊ သွေးထွက်ခြင်း၊ အရောင်ပြောင်းခြင်း
(၇) ပျောက်သင့်သည့်အချိန်ကျော်၍ မပျောက်သောအနာများ
ဤလက္ခဏာများတွေ့ရှိတိ်ုငး ကင်ဆာဖြစ်ပြီဟု မပြောနိုင်သေးပါ။ သက်ဆိုင်ရာဆရာဝန်နှင့်ပြသရန် လိုပါသည်။
''ရောဂါရှာဖွေခြင်း''
လက္ခဏာနှင့်ဖြစ်သောနေရာကိုလိုက်၍ သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အသားစယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း၊ မှန်ပြောင်းကြည့်ခြင်းများဖြင့် ရောဂါအမည်တပ်ရန် စစ်ဆေးပါသည်။ ကင်ဆာရောဂါကို လွတ်သွားခြင်း (missed diagnosis) သည်လူနာအတွက် များစွာနစ်နာပါသည်။ မှားယွင်းအမည်တပ်ခြင်း (wrong diagnosis) မဖြစ်ရန် အထူးအရေးကြီးပါသည်။ ရောဂါတစ်ခုချင်းစီအတွက် သက်ဆိုင်ရာကုထုံးများရှိသဖြင့် မှန်ကန်ရန်လိုပါသည်။
''ကုသခြင်း''
(၁) ခွဲစိတ်ကုသခြင်း၊ (၂) ကင်ဆာဆေးများဖြင့်ကုသခြင်း၊ (၃) ဓာတ်ရောင်ခြည်ကုသခြင်း၊ (၄) ပစ်မှတ်ထိကုထုံး (Targeted Drugs Therapy) - ကင်ဆာဆဲလ်များကိုသာတိုက်ရိုက်သေစေသော ဆေးသွင်း ကုထုံး၊ (၅) မျိုးရိုးဗီဇကုထုံးနှင့် အခြားကင်ဆာအမျိုးအစားအလိုက် ကုထုံးများဖြင့် ကုသပါသည်။ ကုသခြင်းကို တစ်ခုချင်းစီသော်လည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း အသုံးပြုပါသည်။ ဆေးကုသခြင်းကိုပြီးဆုံးအောင်ခံယူရန် လိုပါသည်။
ကုသမှုကိုဆောလျင်စွာရပ်လိုက်လျှင် နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ပြီး ကုသမှုပါပိုမိုခက်ခဲသွားမည် ဖြစ်သည်။
(၆) ရောဂါလက္ခဏာ သက်သာစေသော ကုထုံး (Palliative treatment)
အခြားနေရာများသို့ ပျံ့နှံ့ရောက်နေလျှင် သက်ဆိုင်ရာကုထုံးများနှင့် ကုသရန်ခက်ခဲပြီး ရောဂါလက္ခဏာသက်သာစေရန် ကုသပေးခြင်းဖြစ်သည်။
''ကုသခြင်း၏ရလဒ်''
ရောဂါစသိချိန်တွင် ရှိသော ကင်ဆာအဆင့်အပေါ်မူတည်ပါသည်။ စောစောသိရှိပြီး ထိရောက်သော ကုသမှုကို ကောင်းမွန်ဆောလျင်စွာရရှိလျှင် ကုသပျောက်ကင်းနိုင်ခြေမြင့်ပါသည်။ ၎င်းတို့မှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ဖြစ်ကြသည်။ ကပ်ပယ်အိတ်ကင်ဆာ၊ ကလေးသွေးကင်ဆာ၊ ကလေးပြန်ရည်ကျိတ်ကင်ဆာတို့သည်လည်း သင့်လျော်သောကုသမှုရရှိလျှင် ကင်ဆာဆဲလ်များ အခြားနေရာသို့ပျံ့နှံ့ရောက်ရှိလျှင်ပင် ပျောက်ကင်းနိုင်ခြေ မြင့်ပါသည်။ အဆင့်မြင့်နေသော ကင်ဆာများမှာ ကုသပျောက်ကင်းရန် ခက်ခဲပါသည်။
''အထူးသတိပြုရမည့်အချက်များ''
လူနာများသည် ဆေးသွင်းဆေးစားပြီး နှစ်ပတ်မှ သုံးပတ်အတွင်း သတိနှင့်ပြုမူနေထိုင်ရပါမည်။
(၁) အအေးမိ၊ နှာစေးချောင်းဆိုးသူများနှင့် အနီးကပ်မနေရန်။
(၂) လူအများတို့ စုဝေးရာ၊ ဖုန်ထူနေရာ၊ ပွဲလမ်းသဘင်များကို ရှောင်ရန်။
(၃) မသန့်ရှင်းသော ၊ မလတ်ဆတ်သော၊ ယင်နားစာ၊ လက်သုပ်များ၊ အပူအစပ်များကို မစားရန်။
(၄) ဆေးလိပ်၊ ကွမ်း၊ အရက်တို့ကိုရှောင်ရန်
(၅) အိပ်ရေးဝဝအိပ်ရန်၊ ကောင်းစွာအနားယူရန်တို့ ကို လိုက်နာကြရန် လိုပါသည်။
''ကာကွယ်ခြင်း''
ရောဂါဖြစ်လာမှ ကုသခြင်းထက်မဖြစ်အောင်ကာကွယ်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ၃၀ ရာခိုင်နှုန်း- ၅၀ ရာခိုင်နှုန်းသော ကင်ဆာများသည် အန္တရာယ်ရှိသော အချက်များကိုရှောင်ခြင်း၊ လက်တွေ့ကျသော ကာကွယ်နည်းဗျူဟာများကို အကောင်အထည်ဖော်ခြင်းကြောင့် ကာကွယ်၍ရပါသည်။
''ရှောင်ရန်''
(၁) ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း၊
(၂) အရက်သောက်ခြင်း၊
(၃) ခရမ်းလွန်ရောင်ခြည်ကို ကြာရှည်စွာထိတွေ့ခြင်း
(၄) ဆားဖြင့်စီမံထားသောအစာများ၊ ကျပ်တင်ထားသောအစာများ၊ ယမ်းစိမ်းဖြင့်ပြုပြင်ထားသောအစာများ၊ ဆိုးဆေးပါသောအစာများ၊ ဆီများအလွန်အကျွံ
စားသုံးခြင်း၊ မှိုတက်စာများစားခြင်းမှ ရှောင်ကြဉ်ရပါမည်။
''ဆောင်ရန်''
(၁) အဝမလွန်ရန် ကိုယ်အလေးချိန်ကိုထိန်းရန်၊
(၂) လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်၊ တစ်နေ့ကိုနာရီဝက်၊ တစ်ပတ်ကိုအနည်းဆုံး ငါးရက်လုပ်ရန်၊
(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားရန် ၊ ဟင်းသီးဟင်းရွက်အသီးအနှံများ၊ အစေ့အဆန် (နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားသီး၊ သီဟိုဠ်စေ့)
များ ပါဝင်အောင်စားရန်၊
(၄) ကာကွယ်ဆေးထိုးရန် - သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ အသည်းရောင်ဘီပိုးကာကွယ်ဆေးများကိုထိုးရမည့်အရွယ်တွင် ထိုးရန်။
(၅) လုပ်ငန်းခွင်အန္တရာယ်ကိုလျော့ပါးအောင်ဆောင်ရွက်ခြင်း - ဓာတ်ရောင်ခြည်ကို ကိုင်တွယ်အလုပ်လုပ်ရသူများ ဘေးအန္တရာယ်ကင်းရန်၊ စက်ရုံအလုပ်ရုံ
များတွင် ဘေးအန္တရာယ်ကင်းအောင် စီမံဆောင်ရွက်ရန်။
(၆) ခရမ်းလွန်ရောင်ခြည်ကာကွယ်ရန် - ထီးဆောင်ခြင်း၊ နေရောင်ခြည်ကာ ခရမ်များလိမ်းရန်။
(၇) ရောဂါ ကြိုတင်စမ်းသပ်ရှာဖွေခြင်း (Screening)
ထိုကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ကင်ဆာရောဂါ အပါအဝင် မကူး စက်သော ရောဂါများဖြစ်သော သွေးတိုး၊ ဆီးချိုသွေး
ချို၊ နှလုံးသွေးကြောကျဉ်းနှင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အန္တရာယ်ပါ လျှော့ချနိုင်ပါသည်။
''ရောဂါကြိုတင်စမ်းစစ်ရှာဖွေခြင်း (Screening)''
ရောဂါလက္ခဏာမပေါ်မီ စမ်းသပ်ခြင်းကို အသက်အရွယ်၊ အန္တရာယ်ရှိသော အချက်များအပေါ်မူတည်၍ အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ကြိုတင်စ
မ်းသပ်ရှာဖွေခြင်းဖြင့် ရောဂါရှိလျှင် အစောဆုံးတွေ့ရှိသဖြင့် ကုသခြင်းမှာတုံ့ပြန်ချက်ကောင်းပြီး နောက်ဆက်တွဲများနည်းပါးပါသည်။ အသက်ရှည်ခွင့်လည်းပိုများပါ
သည်။
ဥပမာ-သားအိမ်ခေါင်းကင်ဆာရှိမရှိ၊ ရင်သားကင်ဆာရှိမရှိ၊ ဆီးကျိတ်ကင်ဆာရှိမရှိနှင့် အခြားကင်ဆာများအတွက် စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။
''ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ဆောင်ရွက်ချက်များ''
၂၀၁၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ဖြေရှင်းရန် အချက်များ သတ်မှတ်ပေးခဲ့ပါသည်။ နိုင်ငံတော်
အစိုးရများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့သည် ပန်းတိုင်ရောက်ရန် လုပ်ငန်းစဉ်များကိုတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။
(၁) ၂၀၁၃-၂၀၂၀ မကူးစက်သောရောဂါများ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်များ၊
(၂) ၂၀၃၀ ကုလသမဂ္ဂလုပ်ငန်းစဉ်တစ်ခုဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ကင်ဆာဖြင့် သေဆုံးခြင်းကိုလျှော့ချရန်၊
ပန်းတိုင်ကိုရောက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာကင်ဆာသုတေသန အေဂျင်စီ (IARC) တို့သည် အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၊
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍
(က) ကင်ဆာရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် နိုင်ငံတော်အစိုးရများ၏ ကတိကဝတ် ထားရှိရေးကိုမြှင့်တင်ရန်။
(ခ) ကင်ဆာဖြစ်စေသည့် အကြောင်းများနှင့် ကင်ဆာအဆင့်ဆင့်ဖြစ်ပေါ်ပုံတို့ကို သုတေသနလုပ်ရာတွင် ပူးပေါင်းလုပ်ဆောင်ရန်။
(ဂ) ကင်ဆာကုသမှုများ လက်လှမ်းမီရရှိရန် နိုင်ငံတော်အဆင့်၊ ဒေသအဆင့်များတွင် ကျန်းမာရေး စနစ် တောင့်တင်းအောင်ကူညီရန်။
(ဃ) မရှိမဖြစ် ကလေးကင်ဆာဆေးများရရှိအောင်ဆောင်ရွက်ရန်။
(င) ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု၊ နည်းပညာများကို အစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများသို့ ဖြန့်ဝေရန်နှင့် အခြားလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။
တစ်ကမ္ဘာလုံးတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းနှင့် ကုသရာတွင် ကုန်ကျမှုများကို တွက်ဆကြည့်မည်ဆိုပါက ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်တားဆီးခြင်းသည် ပိုမိုအရေးကြီးကြောင်း တွေ့မြင်ရပါသည်။ ထိရောက်သော ကာကွယ်တားဆီးမှုများဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များချမှတ်ရာတွင် အရည်အသွေးပြည့်ဝသော ကင်ဆာစာရင်းဇယားများသည် အရေးကြီးသောကဏ္ဍမှ ပါဝင်နေပါသည်။
ကင်ဆာဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် အမျိုးသားစီမံချက်တွင် ကင်ဆာရောဂါဖြစ်ပေါ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ထိရောက်သောကုသမှု၊ ပြည်သူလူထုအတွင်း ကင်ဆာနှင့်ပတ်သက်သည့် အသိပညာ၊ အသုံးချနိုင်သည့် အရင်းအမြစ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် ငွေကြေးအင်အားစသည်တို့သည် ကမ္ဘာတစ်ဝန်း ကင်ဆာဝန်ထုပ်ဝန်ပိုးကိုလျှော့ချရန် လုပ်ဆောင်မှုများအပေါ် အကျိုးသက်ရောက်စေပါသည်။
နိုင်ငံအလိုက်ရေးဆွဲထားသော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ် ရေးဥပဒေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရေးဆွဲထားသောအချက်များ၊ အစားအသောက်ဥပဒေများကို ပြည်သူများသိရှိအောင်ပညာပေးခြင်း၊ လိုက်နာမှုမရှိလျှင် ထိရောက်စွာ အရေးယူခြင်းများသည်လည်း ကင်ဆာဝန်ထုပ်န်ပိုးကို လျှော့ချရာတွင် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပါသည်။
ကင်ဆာရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်းကို အောက်ခြေအထိကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းဖြင့် ပြည်သူများ၏ အသိဉာဏ်မြင့်လာမည်ဖြစ်ပါသည်။ ပြည်သူများမှလည်း ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်း၊ ရောဂါဖြစ်လာလျှင် ဆေးမြီးတိုနှင့် မကုဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့အမြန်သွားရောက်ပြသခြင်းဖြင့် မိမိကိုယ်ကိုမိမိစောင့်ရှောက်ကြရပါမည်။ ကင်ဆာဖြစ်လာလျှင် စိတ်ဓာတ်မကျဘဲ ဇွဲလုံ့လဖြင့် ရင်ဆိုင်ကျော်ဖြတ်ကြရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ရှိဆေးလိပ်သောက်သုံးမှုကို ထက်ဝက်လျော့ချနိုင်ပါက ၂၀၂၅ ခုနှစ် မတိုင်မီ လူဦးရေသန်း ၂၀ မှ သန်း ၃၀ သေဆုံးမည့်အန္တရာယ်မှကာကွယ်နိုင်ပြီး ၂၀၅၀ ခုနှစ်မတိုင်မီ လူဦးရေ သန်း ၁၅၀ သေဆုံးမည့်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာကြီးတွင် ကင်ဆာပြုစုစောင့်ရှောက်ခြင်းများ၌ မညီမျှခြင်းများသည် ညီညွတ်မျှတစွာရရှိလျှင် နှစ်စဉ်ထောင်ချီသော အသက်များကို ကယ်တင်နိုင်မည်ဖြစ်သည်။ ကင်ဆာပြုစုစောင့်ရှောက်ခြင်းတွင် ကွာဟချက်များကိုနီးစပ်ရန်အတွက် ကမ္ဘာကြီးသည် စည်းလုံးညီညွတ်စွာပေါင်းစည်းကြခြင်းဖြင့် ကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်သည်။ ကင်ဆာဝေဒနာရှင်များရှင်သန်ရန် ကမ္ဘာတစ်ဝန်းရှိ လက်များ တွဲဆက်ထားပြီး အားတင်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ကင်ဆာနေ့ (World Cancer Day) အထိမ်းအမှတ်အဖြစ် ရေးသားလိုက်ပါသည်။
ကိုးကား
(၁) WHO Website
(၂) World Cancer Day - ၂၀၀၆ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာန
(၃) ကင်ဆာဆိုတာဘာလဲ - ကင်ဆာရောဂါတိုက်ဖျက်ရေးစီမံချက်၊ ကျန်းမာရေးဝန်ကြီးဌာန
(၄) ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင် -
ကင်ဆာရောဂါတိုက်ဖျက်ရေးစီမံချက်၊ ကျန်းမာရေးဝန်ကြီးဌာန + WHO










