မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း/ပြည်ပအာမခံကုမ္ပဏီ ၂၆ ခုတို့ကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီများက အများပြည်သူများအတွက် အသက်နှင့် အထွေထွေအာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်မျိုးလုံး ဆောင်ရွက်နိုင်သော ကုမ္ပဏီကိုးခုနှင့် အသက်အာမခံကုမ္ပဏီသုံးခုတို့ကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ခွင့်ပြုခဲ့ရာတွင် စံသတ်မှတ်ချက်နှင့်ကိုက်ညီပြီး မတည်ငွေပြည့်မီစွာထည့်ဝင်နိုင်သည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းနှစ်မျိုးလုံး ဆောင်ရွက်နိုင်သော ကုမ္ပဏီရှစ်ခုနှင့် အသက်အာမခံကုမ္ပဏီသုံးခုတို့ကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့သည်။
လိုင်စင်ခွင့်ပြုခြင်းမရှိခဲ့သည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီနေရာတွင် အစားထိုးလိုင်စင်ခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်ဧပြီလတွင် စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူခဲ့ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်ဆင့်စိစစ်ကာ ပြည်တွင်းအသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံ ကုမ္ပဏီတစ်ခုတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အာမခံကုမ္ပဏီများမှ အသက်အာမခံနှင့် အထွေထွေအာမခံအပါအဝင် အာမခံအမျိုးအစား ၃၉ မျိုး ဝန်ဆောင်မှုပေးလျက်ရှိသည်။
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ကြသည့် ပြည်တွင်းအသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခု လိုင်စင်ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါအာမခံလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ရရှိကြသည့် A life Insurance Co.Ltd နှင့် A Insurance Co,Ltd တို့ကို အသက်အာမခံနှင့် အထွေထွေအာမခံကုမ္ပဏီလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်သည်။










