လမိုင်းမြို့တွင် ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

လမိုင်းမြို့တွင် ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 9 January 2023

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ဇန်နဝါရီ ၉ ရက် နံနက် ၆ နာရီခွဲ ခန့်က ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြိး သေဆုံးခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူမှာ ရဲအုပ်ညီညီဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ လမိုင်မြို့ရှိ ရဲသတင်းတပ်ဖွဲ့ရုံးမှ လက်ဝှေ့ရုံဈေးတန်းဘက်သို့ ဆိုင်ကယ်ဖြင့်သွားနေစဉ် အမည်မသိ သေနတ်သမား နှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် (၃) ချက်ခန့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း နှင့် ရဲအုပ်ညီညီဝင်း မှာ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်သံ (၃) ချက်လောက်ကြားလိုက်ရတယ်။ ဈေးတန်းနားမှာဆိုတော့ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ နောက်မှ SB က ရဲအုပ်ညီညီဝင်း သေနတ်နဲ့ပစ်ခတ်ခံရတာလို့ သိရတယ်” ဟု လမိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။

ထိုပစ်ခတ်မှုအတွင်း အသက် (၁၃) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာလည်း ညာဘက်ရင်အုံကျည်ဖေါက်ဝင် ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်းနှင့် ၎င်းအား လမိုင်းမြို့ဆေးရုံတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါပစ်ခတ်မှုအပြီးအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း နှင့် ရဲအုပ်ညီညီဝင်း၏ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။

ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းအား ရေးပြောက်ကျားအဖွဲ့ (YGF) မှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ပြန်ထားချက်အရ သိရသည်။

ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် စက်တင်ဘာလ (၂၁) ရက် မွန်းလွဲပိုင်းကလည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဖြစ်သူ ဒုရဲအုပ်အောင်ကျော်မင်း မှာ ၎င်းစီးနှင်းနေသည့် မော်တော်ယာဉ် ဘီးပေါက်သည်ကိုပြင်ဆင်ရန် လမိုင်းမြို့၊ လမိုင်း - ကော့ဒွတ်သွား ကားလမ်းဘေးရှိ တာယာပြင်ဆိုင်တွင် ကားပေါ်မှဆင်းနေစဉ် အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Photo - CJ