မြေနီကုန်းမီးပွိုင့် မီးနီနေစဉ် အငှားယာဉ် တစ်စီးထံမှ အမျိုးသားတစ်ဦးက သံတူရွင်းကိုင်ကာ ခြိမ်းခြောက် ငွေတောင်းယူမှုဖြစ်ပွား

မြေနီကုန်းမီးပွိုင့် မီးနီနေစဉ် အငှားယာဉ် တစ်စီးထံမှ အမျိုးသားတစ်ဦးက သံတူရွင်းကိုင်ကာ ခြိမ်းခြောက် ငွေတောင်းယူမှုဖြစ်ပွား
Published 7 January 2023

စမ်းချောင်းမြို့နယ် ၊ ‌မြေနီကုန်းမီးပွိုင့် မီးနီနေစဉ် အမျိုးသမီးနှစ်ဦး လိုက်ပါစီးနင်းလာသည့် အငှားယာဉ်အား အမျိုးသားတစ်ဦးမှ သံတူရွင်းကိုင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှု ဇန်နဝါရီ ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ  ၇ ရက် နံနက် ၁၁ နာရီခွဲကျော်ခန့်တွင် မ...(၂၈)မှာ အမဖြစ်သူနှင့်အတူ အငှားယာဉ်တစ်စီးအား ငှားစီးလာခဲ့ကြောင်း ၊ မြေနီကုန်းမီးပွိုင့်သို့ အရောက် မီးပွိုင့်နီနေစဉ် အမျိုးသားတစ်ဦးမှ ၎င်းတို့စီးနင်းလာသည့် ယာဉ်အနီးသို့ရောက်ရှိလာပြီး သံတူရွင်းပြကာ ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း သိရသည်။

“ဖြစ်တာက ကာဗာနန်းတော်ရှိတဲ့ဘက်ခြမ်းပါ။ညီမတို့ကညီအမနှစ်ယောက်တက်စီစီးလာတာ ပုံမှန်အတိုင်းပဲ ကားမှန်ချပီး ဖုန်းသုံးလာတာ။ ကံကောင်းချင်တော့ တံခါးက လော့ချထားတယ်။ ညီမဘေးမှာပြတင်းပေါက်မှာ လူတယောက်ကကပ်လာတာ ညီမခေါင်းမော့ကြည့်တဲ့အချိန်မှာ သူက လက်ထဲက တံတူရွှင်းလိုဟာ အတိုကိုင်ထားပီး အကြာကြီး စိုက်ကြည့်နေတာပါ။ညီမကအဲ့အချိန် အမ ဖက်အခြမ်းကို ကပ်ပြီး ဖုန်းရော ပိုက်ဆံအိတ်ရောကို သိမ်းလိုက်တယ်။နှစ်ယောက်ကြားထဲဖွက်ထားလိုက်တယ်”ဟု ငွေခြိမ်းခြောက်တောင်းခံရသူ အမျိုးသမီးက ပြောကြားသည်။

ယင်းနောက် အငှားယာဉ်မောင်းမှ ပိုက်ဆံနှစ်ရာပေးလိုက်ပါဟု ပြောသည့်အချိန်တွင် လုယက်သူ အမျိုးသားမှ "သူတောင်းစားမဟုတ်ဘူး ပိုက်ဆံနှစ်သောင်းပေးစမ်း"ဟု ပြောဆိုခြင်းခံခဲ့ရကြောင်း သိရသည်။

“မပေးနိုင်ဘူး ပိုက်ဆံလည်းအဲ့လောက်မပါဘူးပြောတော့ မပေးနိုင်ရင် ကားမသွားရဘူး။ရှေ့ကကားလည်း နှစ်သောင်းပေးသွားတာဆိုပြီးပြောတယ်။အဲ့ချိန် တက်စီဦးလေးကြီးကို ငါးထောင်ထုတ်ပေးခိုင်းလိုက်ရပါတယ်။အဲ့ဒါသူက မရသေးဘူး။ပိုက်ဆံအိတ်ပြဆိုပြီး အတင်းလုမယ်လုပ်တဲ့ချိန် မီးပွိုင့်က စိမ်းသွားလို့ ကားမောင်းထွက်တဲ့အချိန်မှ ကျန်ခဲ့တာပါ။‌နောက်ဆို ကားမှန်တင်ထားပြီး လော့ချထားတာကောင်းပါတယ်”ဟု ခြိမ်းခြောက်ငွေတောင်းခံရသူအမျိုးသမီးက ပြောကြားသည်။

ငွေခြိမ်းခြောက်လုယက်သူမှာ ပန်းရောင်အကျီနှင့်ဘောင်းဘီတိုဝတ်ဆင်ထားကာ ကတုံးဆံပင်ပေါက်ပုံဖြစ်ပြီး အသက် ၃၀ ဝန်းကျင်ခန့်ဖြစ်ကြောင်း သိရသည်။