ပထမဆုံး ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းချန်ပီယံ ပေါက်စ

ပထမဆုံး ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းချန်ပီယံ ပေါက်စ
၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ပေါက်စ
၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ပေါက်စ
Published 2 January 2023

မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စသည် ၂၀၂၂ ခုနှစ် မေလက ကျင်းပသည့် ၃၁ ကြိမ် မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တစ်ဦးချင်းရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။

မြန်မာဘိလိယက်အဖွဲ့သည် ယခင်ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် ဘိလိယက်အားကစားနည်း၌ တစ်ဦးချင်း ရွှေတံဆိပ်မရရှိဖူးဘဲ နှစ်ယောက်တွဲ ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲ၌သာ ရွှေတံဆိပ်ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဘိလိ ယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့သည့် ပေါက်စမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် မြန်မာနိုင်ငံက ပထမဆုံးရရှိသည့် ဘိလိယက်တစ်ဦးချင်း ရွှေတံဆိပ်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် အတွက် ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

ပေါက်စသည် ယခုနောက်ပိုင်းနှစ်များတွင် လက်စွမ်းပိုင်း သိသိသာသာ တိုးတက်လာပြီး ၂၀၂၂ ခုနှစ် အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲအများစုတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ဘိ လိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်၊  အာရှဘိလိယက်ချန်ပီ ယံရှစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည်။ မြန်မာဘိလိယက်အဖွဲ့သည် ပြီးခဲ့သည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်း၌ တစ်ဦးချင်းပြိုင်ပွဲထက် နှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ရယူနိုင်ရန်ပိုမျှော်လင့်ထားသော်လည်း တစ်ဦးချင်းပြိုင်ပွဲ၌ ပေါက်စက မထင်မှတ်သည့် စွမ်းဆောင်မှု၊ တည်ငြိမ်သည့် လက်စွမ်းများဖြင့် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ပေါက်စသည် ပြိုင်ပွဲတစ်လျှောက် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် နာမည်ကြီး ဘိလိယက်ကစားသမားဖြစ်သည့် စင်ကာပူ နိုင်ငံသား ပီတာဂေးလ်ခရစ်ကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ပီတာဂေးလ်ခရစ်သည် ဆီးဂိမ်းစ်ဘိလိယက်တစ်ဦး ချင်းပြိုင်ပွဲတွင် ကြီးစိုးထားသူဖြစ်ပြီး ခြောက်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရရှိထားသည်။ ဗိုလ်လုပွဲတွင် ပီတာဂေးလ်ခရစ်နှင့် ယှဉ်ပြိုင်ရသော်လည်း ပေါက်စမှာ စိုးရိမ်စိတ်မရှိသလို အမှားအယွင်းနည်းစွာဖြင့် ပုံစံကောင်းပြသကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ယင်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး ကွာတားဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်ကစားသမားကို သုံးပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် ဆီး ဂိမ်းစ်ရွှေဆုရှင်ဟောင်း နာမည်ကြီး ထိုင်းဘိလိယက်ကစားသမား ပရာပွတ်ကို  ၃-၁ ပွဲ၊ ဗိုလ်လုပွဲတွင် ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၏ အအောင်မြင်ဆုံးကစားသမားဖြစ်သူ ၂၀၀၉ မှ ၂၀၁၉ ခုနှစ်အထိ ခြောက်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆုရှင်ပီတာဂေးလ်ခရစ်ကို ၃-၁ ပွဲ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲ ပထမပွဲငယ်တွင် ပေါက်စက ၁၀၂-၁၁ မှတ်ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲငယ်တွင် ပီတာဂေးလ်ခရစ်က ၁၀၀-၁၂ မှတ်ဖြင့် ပြန်လည်အနိုင်ယူခဲ့သည်။ ထို့ကြောင့် လက်ကျန်ပွဲငယ်များမှာ အရေးပါလာပြီး ပေါက်စက တတိယပွဲငယ်တွင် တစ်ကြိမ်တည်း ၁၀၁ မှတ် ထိုးကာ ၁၀၁-၀ မှတ်၊ စတုတ္ထပွဲငယ်တွင် ၁၀၀-၉၅ မှတ်ဖြင့် ထပ်မံအနိုင်ယူကာ ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် နှစ်ယောက်တွဲပြိုင်ပွဲတွင် မင်းစည်သူထွန်းနှင့်တွဲဖက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်သော်လည်း ပီတာဂေးလ်ခရစ် ဦးဆောင်သည့် စင်ကာပူအတွဲကို  အရေးနိမ့်ခဲ့သဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဘိလိယက်အားကစားနည်းမှာ အသက်အရွယ်ရလာသူများလည်း ကစားနိုင်ကြောင်းပေါက်စက သက်သေပြနိုင်ခဲ့ပြီး အသက် ၆၀ ကျော်မှ လက်စွမ်းပြကာ အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘိလိယက်လောကတွင် ကစား သမားကောင်းများစွာ ထွက်ပေါ်ဖူးပြီး ပေါက်စကလည်း သမိုင်းဝင် အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် အောင်မြင်မှုများ ရယူနိုင်ခဲ့ပြီး ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု၊ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုရရှိခဲ့သည်။