မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အိုးရုံလမ်း မီးရထားသံလမ်းကူး အနီးရှိ တံတားပေါ်မှ ဒီဇင်ဘာ ၂၈ ရက် ည ၉ နာရီခန့်က မော်တော်ယာဉ် တစ်စီးမှာ အရှိန်လွန်ကာ ရေမြောင်းထဲပြုတ်ကျ၍ ယာဉ်မောင်းနှင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မုပွန်နယ်မြေရဲစခန်းမှ နယ်ထိန်းဖြစ်သူ ဒုရဲအုပ် ဝင်းထွန်းပိုင် ဖြစ်ပြီး ၎င်းမှာ တာဝန်ကျရာ မော်လမြိုင်မြို့ဈေးကြိုရပ်ကွက်တောင်ဝိုင်လမ်းရှိ မော်လမြိုင်လေဆိပ်မှ နေအိမ်သို့ ထမင်းစားပြန်ရန်အတွက် ယာဉ်အမှတ် 9I-**** နံပါတ်ပါ Honda Fit အမျိုးအစား၊ ခဲရောင်ယာဉ် ဖြင့် (၅၆၅) တပ်ထိန်းမီးပွိုင့်မှတဆင့် အိုးရုံလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာခဲ့ရာ အခင်းဖြစ်ပွားရာ မီးရထားသံလမ်းအနီး ကုန်းကျော်တံတား အရောက်တွင် မော်တော်ယာဉ် ယာဘက်ဘီးမှာ ရုတ်တရက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ရေအကျယ် (၁၂)ပေခန့်၊ ရေအနက်(၅)ပေခန့်ရှိသော ရေမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်မှာ ပက်လက်လန်သွားပြီး ယာဉ်မောင်းဖြစ်သူ ဒုရဲအုပ် ဝင်းထွန်းပိုင်မှာ အပြင်သို့ထွက် မရဘဲ ရေနစ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးခဲ့သည့် ဒုရဲအုပ် ထွန်းပိုင်၏ ရုပ်အလောင်းအား မော်လမြိုင်မြို့ရှိ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ ဝိုင်းဝန်းဆယ်ယူပေးခဲ့ကြောင်း သိရသည်။
"ရေမြောင်းထဲ ကားအရှိန်လွန်ကျသွားတဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူက မုပွန်နယ်မြေရဲစခန်းက နယ်ထိန်း ဒုရဲအုပ်ဝင်းထွန်းပိုင် လို့သိရတယ်။ ကားက ပက်လက်အနေအထားဖြစ်သွားတော့ ကားထဲက ထွက်မရပဲ ရေနစ်သေဆုံးသွားတဲ့ ပုံစံမျိုးပါ" ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဒုရဲအုပ် ဝင်းထွန်းပိုင် ၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ ဆယ်ယူကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။