လူသိနည်းတဲ့ အာရှရဲ့အယ်လ်ချာပို

လူသိနည်းတဲ့ အာရှရဲ့အယ်လ်ချာပို
Photo: AFP
Photo: AFP
Published 23 December 2022
TRANSLATED  BY- ခက်ဝေ

အာရှ၏အလိုအရှိဆုံးမူးယစ်ရာဇာ ဆေချီလော့သည် သူလွှဲပြောင်းအပ်နှံခံလိုက်ရသည့် သြစတြေးလျနိုင်ငံတွင် ထောင်တစ် သက်တစ်ကျွန်းချခံရမည့်အခြေအနေတွင် ရှိနေသည်။ ဆေချီလော့သည် ဂျပန် ၊ နယူးဇီလန်စသည့် အာရှပစိဖိတ်နိုင်ငံအချို့တွင် လှုပ်ရှားနေသည့် ဒေါ်လာဘီလျံနှင့်ချီ မူးယစ်လုပ်ငန်းကို ဦးဆောင်သူအဖြစ် သံသယရှိသူဖြစ်သည်။

သူသည် ကမ္ဘာကျော် မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုနှင့် ယှဉ်ကာ အာရှ၏အယ်လ်ချာပိုဟု သတ်မှတ်ခံထားရပြီး ၂၀၂၁ ခုနှစ်တွင် အင်တာပိုနိုင်ငံတကာ ရဲတပ်ဖွဲ့က သူ့ကို နယ်သာလန်လေဆိပ် တစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။နှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ဆေချီလော့ကို သြစတြေးလျသို့ လွှဲပြောင်းပေးလိုက်သည်။

 အသက် ၅၉ နှစ်အရွယ်ဆေချီလော့သည် ကမ္ဘာ့အကြီးဆုံး မူးယစ်အဖွဲ့အစည်း များထဲမှတစ်ခု၏ ခေါင်းဆောင်ဟု မှတ်ယူရပြီး သူအုပ်ချုပ်သည့် The Company ခေါ် Sam Gor အဖွဲ့အစည်းသည် အာရှတိုက်၏ တရားမဝင်မူးယစ်ဆေးစျေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ထားသည်။

သြစတြေးလျရဲတပ်ဖွဲ့ခန့်မှန်းချက်အရ သြစတြေးလျသို့ဝင်ရောက်လာသည့် မူးယစ်ဆေးများ၏ ရာခိုင်နှုန်း ၇၀ သည် ၎င်းအဖွဲ့နှင့်သက်ဆိုင်နေပြီး အထူးသဖြင့်  မက်သမ်ဖက်တမင်း၊ ဘိန်းဖြူနှင့် ကီတမင်းဆေးများကို လက်ဖက်ခြောက်ထုပ်များအတွင်းထည့်ကာ မှောင်ခိုသွင်းခဲ့ခြင်းဖြစ်သည်။ 

ဆေချီလော့ကိုစွဲထားသည့် သြစတြေးလျ၏စွဲချက်များက ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျဒေါ်လာ ၄ ဒသမ ၄ သန်းနှင့်ညီမျှသည့် မက်သမ်ဖက်တမင်းဆေးများ နိုင်ငံအတွင်း မှောင်ခိုသွင်းယူခဲ့မှုအတွက်ဖြစ်သည်။

 ထိုစဉ်က ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် မူးယစ်ဆေးကုန်သွယ်မှုမှရသည့် အမြတ်အစွန်းများကို မဲလ်ဘုန်းမြို့ရှိနေအိမ်တစ်အိမ်တွင် ရှာတွေ့ခဲ့ပြီး  ငွေသားသြစတြေးလျ ဒေါ်လာလေးသန်းကျော်အပြင် နာမည်ကျော် လက်ကိုင်အိတ် ၉၉ လုံးနှင့် အဝါ ရောင်လမ်ဘော်ဂီနီတစ်စီးကိုပါ သိမ်းဆည်းရမိခဲ့သည်။

သူ့လှုပ်ရှားမှုအတိုင်းအတာက မက္ကဆီကို မူးယစ်ဆေးဘုရင် ၀ါကင်အယ်လ်ချာပို ဂုဇ်မန်နှင့် ခိုင်းနှိုင်းရသည်အထိ ကျယ်ပြန့်ခဲ့ပြီး သြစတြေးလျရဲတပ်ဖွဲ့က သူ့ကို ဆယ်စု နှစ်တစ်စုကျော်ရှာဖွေခဲ့ရကာ မူးယစ်ဆေးအများစုက ဆစ်ဒနီနှင့်မဲလ်ဘုန်းသို့ပို့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဆေသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် နယ်သာလန်နိုင်ငံ မြို့တော်အမ်စတာဒမ်ရှိ Schiphol လေဆိပ်၌ လေယာဉ်ပေါ်မရောက်မီ ဖမ်းဆီးခံလိုက်ရသည်။ ဆေချီလော့ကိုဖမ်းမည့် Operation Kungur စစ်ဆင်ရေးတွင် အဖွဲ့ ၂၀ ခန့်ပါဝင်ပြီး သြစတြေးလျဖက်ဒရယ် ရဲတပ်ဖွဲ့ AFP က ဦးဆောင်ခဲ့သည်။ ဆေသည် လတ်တလောနှစ်များ၌ မကာအို၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တွင် နေသည်ဟု သတင်းများထွက်ခဲ့သည်။ သူသည် ၁၉၉၀ ပြည့်လွန်နှစ်များက အမေရိကန်တွင် မူးယစ်ဆေးမှောင်ခိုလုပ်မှုဖြင့်ဖမ်းဆီးခံရပြီး ထောင်ကိုးနှစ် ကျခဲ့သည်။

ပူးတွဲတရားခံအဖြစ် ဆေချီလော့နှင့်အတူ အမှုရင်ဆိုင်ရမည့် ဗြိတိန်-တရုတ်နိုင်ငံ သားတစ်ဦးလည်းရှိသေးသည်ဟု သြစတြေး လျရဲတပ်ဖွဲ့ကဆိုပြီး အသက် ၆၆ နှစ်အရွယ် ၎င်းအမျိုးသားကို ဇွန်တွင် ထိုင်းနိုင်ငံက လွှဲပေးထားပြီးဖြစ်သည်။ 

 

အာရှ၏အလိုရှိဆုံး အမျိုးသား 

အာရှတိုက်၏အလိုအရှိဆုံးသူဖြစ်သည့် ဆေကို မွေထိုင်းလက်ဝှေ့သမားတစ်စုက လိုက်ပါစောင့်ရှောက်ပြီး ဆေသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သွားလာသည်။ သူသည် မကာအို ကာစီနိုရုံတစ်ရုံတွင် တစ်ညတည်းဖြင့် အမေရိကန်ဒေါ်လာ ၆၆ သန်းရှုံးဖူးသည်။

တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသားဆေ ဦးဆောင်သည့် Sam Gor မူးယစ်ဂိုဏ်းသည် မြောက်အာရှရှိဂျပန်ပြည်မှ တောင်ပစိဖိတ်ရှိ နယူးဇီလန်အဆုံး အနည်းဆုံးနိုင်ငံပေါင်း တစ်ဒါဇင်သို့ မူးယစ်ဆေးများ သွင်းယူခဲ့ပြီး  ၎င်းတို့၏အဓိကအရောင်းအဝယ်က မက်သမ်ဖက်တမင်း (ရေရှည်သုံးစွဲပါက ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်လာစေသည့် အလွန်အမင်းစွဲစေသည့်မူးယစ်ဆေး) ဖြစ်သည်ဟု အာဏာပိုင်များက ယူဆသည်။

ဆေကို Sam Gor (ကန်တုံဘာသာဖြင့် ဆန်းကဲ- အကိုနံပါတ်သုံး) ဆိုသည့်နာမည် ပြောင်ဖြင့်လည်း သိထားကြသည့်အတွက် ရဲနှင့်မီဒီယာများက သူ့ဂိုဏ်းကို Sam Gor ဟုရည်ညွှန်းပြောလေ့ရှိကာ ဂိုဏ်းသားများနှင့်အပေါင်းပါများကမူ The Company ဟု သာ သုံးနှုန်းတတ်ကြသည်။

မူးယစ်ဆေးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ ၂၀၁၈ ခုနှစ် ခန့်မှန်းချက်တွင် Sam Gor အဖွဲ့အစည်း၏ မက်သမ်ဖက်တမင်းဝင်ငွေသည် တစ်နှစ်လျှင် ဒေါ်လာရှစ်ဘီလျံရှိကာ ဒေါ်လာ ၁၇ ဒသမ ၇ ဘီလျံအထိမြင့်တက်လာနိုင်သည်ဟု ဆိုခဲ့သည်။

ထို့ပြင် ၎င်းအဖွဲ့သည် (များသောအားဖြင့် မူးယစ်ဆေးများကို လက်ဖက်ခြောက်ထုပ်များအတွင်း ဝှက်သယ်လာလေ့ရှိ) ဒေသတွင်းမက်သမ်ဖက်တမင်း လက်ကားစျေးကွက်၏ ရှယ်ယာ ၄၀-၇၀ ရာခိုင်နှုန်းကိုပိုင်သည်ဟု UNODC က ခန့်မှန်းသည်။

 

၂၀၁၉ ရိုက်တာအထူူးသတင်းဖော်ပြချက်

၂၀၁၉ ခုနှစ်၊ အောက်တိုဘာက ဖော်ပြသည့် ရိုက်တာအထူးသတင်းအရ သြစတြေး လျဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ခေါင်းဆောင်သည့်  Operation Kungur မူးယစ်တိုက်ဖျက် မှုစစ်ဆင်ရေးတွင် အာရှ၊ မြောက်အမေရိကနှင့် ဥရောပမှ အဖွဲ့ ၂၀ ခန့်ပါဝင်ခဲ့ပြီး အာရှမူးယစ်မှောင်ခိုဂိုဏ်းများကိုဖြိုခွင်းသည့် အကြီးဆုံးနိုင်ငံတကာ ကြိုးပမ်းမှုကြီးဖြစ်ခဲ့ကာ မြန်မာ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှအာဏာပိုင်များပူးပေါင်း ပါဝင်ခဲ့သည်။ ထို့ပြင်စစ်ဆင်ရေးတွင် တရားဝင်မပါသော်လည်း ထိုင်ဝမ်က စုံစမ်းမှုများကို အကူအညီပေးခဲ့သည်။

UNODC မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလပ်စ်က ဆေချီလော့သည် လက်တင်အမေရိက၏ အကျော်ကြားဆုံးမူးယစ် ဘုရင်များဖြစ်သည့် မက္ကဆီကိုမူးယစ်ဘုရင် အယ်လ်ချာပို၊ ကိုလံဘီယာမူးယစ်ဘုရင် ပက်ဘလို အက်စကိုဘာတို့နှင့် အဆင့်ချင်းတူသည်ဟု ဆိုသည်။

 

လက်တင်အမေရိကမူးယစ်ဂိုဏ်းများနှင့်ကွာခြားမှု

Sam Gor ဂိုဏ်းသည် တောင့်တင်းပြီး စည်းကမ်းကျသည့်အပြင် အခြားသောလက်တင် အမေရိကမူးယစ်ဂိုဏ်းများထက် အလုပ်လုပ်ရာတွင် ပိုခရီးရောက်သည်။ စျေးကွက်ကျယ်ပြန့်ပြီး ဒေသခံရာဇဝတ်ဂိုဏ်းများနှင့်လည်း ပူးပေါင်းမှုရှိကာ  အရှေ့တောင် အာရှတစ်ဝန်းတွင် ဂျပန်ယာကူဇာဂိုဏ်း၊ သြစတြေးလျဆိုင်ကယ်လူဆိုးဂိုဏ်း၊ တရုတ်လူဆိုးဂိုဏ်းများနှင့် လက်တွဲခဲ့သည်။

ခေါင်းဆောင်ချင်း ယှဉ်ရာတွင်လည်း ဆေချီလော့၊  အယ်လ်ချာပို၊ ပက်ဘလို အက် စကိုဘာတို့အကြား ခြားနားမှုရှိသေးသည်။ အယ်လ်ချာပို (ထောင်ကျ)နှင့် အက်စကိုဘာ (ကွယ်လွန်)သည် ခမ်းနားသည့်လူနေမှုပုံစံ၊ ဆိုးရွားသည့်အကြမ်းဖက်မှုတို့ကြောင့် တီဗွီဖန်သားပြင်တွင်မြင်ရလေ့ရှိသော်လည်း သိုသိပ်ပိရိသည့်ဆေချီလော့အကြောင်းကို သိသူနည်းသည်။

ဆေသည် တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင်မွေးဖွားခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ကနေဒါသို့ ရောက်ကာ  ၁၉၉၀ နောက်ပိုင်း နှစ်များတွင် မြောက်အမေရိက၊ ဟောင်ကောင်၊ မကာအိုနှင့် အရှေ့တောင်အာရှတို့ ကို ကူးလူးသွားခဲ့သည်။ သူသည် ရွှေတြိဂံဒေသမှဘိန်းထုတ်နေသည့် မှောင်ခိုဂိုဏ်းတစ်ခု၏ အလယ်အလတ်အဆင့်ရှိ အဖွဲ့ဝင်ဖြစ်လာပြီး ၁၉၉၈ ခုနှစ်တွင် နယူးယောက် အရှေ့ပိုင်းခရိုင်တရားရုံး၌ အမေရိကသို့ ဘိန်းသွင်းမှုဖြင့် တရားစွဲခံရကာ ပြစ်မှုထင် ရှားပြီး ထောင်တစ်သက်တစ်ကျွန်းကျမည့် အလားအလာ ရှိခဲ့သည်။

သို့သော်၂၀၀၀ ပြည့်နှစ်တွင် မကျန်းမာသည့်မိဘများကို စောင့်ရှောက်ရပါဦးမည်၊ ၁၂ နှစ်အရွယ်သားက အဆုတ်ရောဂါဖြစ်နေပါသည် ဆိုသည့်အကြောင်းပြချက်များဖြင့် ရုံးတော်သို့အသနားခံခဲ့ကာ လွတ်မြောက်ခဲ့ပါက စားသောက်ဆိုင်ဖွင့်ကာ လုပ်ကိုင်စားပါမည်ဟု ဆေက ကတိပေးခဲ့သည်။ ရုံးတော်မှတ်တမ်းများအရ ဆေသည် သူ့ပြစ်မှုအတွက် အကြီးအကျယ်သောကရောက်နေပုံပြခဲ့သည်။

အသနားခံမှုက အလုပ်ဖြစ်သွားသည်။ဆေသည် ထောင်ဒဏ်ကိုးနှစ်ချခံခဲ့ရပြီး အိုဟိုင်းယိုးပြည်နယ်အကျဉ်းထောင်တွင် အနေများခဲ့သည်။ သို့သော် သူ့နောင်တက ပျောက် ကွယ်သွားပုံရသည်။ ၂၀၀၆ ခုနှစ်တွင်  ထောင်မှလွတ်လာပြီးနောက် ဆေသည် ကနေဒါသို့ ပြန်ရောက်လာသည်။

ဆေသည် သူ့လုံခြုံရေးအတွက် လက်ဖွာလှပြီး ထိုင်းမွေထိုင်းလက်ဝှေ့သမားများကို သက်တော်စောင့် ခန့်ထားကာ တစ်ချိန်စီတွင် သက်တော်စောင့်ရှစ်ဦးအထိ အလှည့် ကျကာကွယ်ပေးရသည်ဟု သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP ) အရာရှိများက ပြောသည်။

ဆေချီလော့သည် အာရှရှိ ကာစီနိုလောင်းကစားရုံများသို့ မကြာမကြာလာတတ်ပြီး မြင်းလောင်းခြင်း (အထူးသဖြင့် အင်္ဂလိပ်မြင်းပွဲများ)ကို ခုံမင်သည်။ အာရှအခြေစိုက်အကြီးတန်း AFP အရာရှိတစ်ဦး အဆိုအရ ဆေသည် မကာအိုလောင်းကစား ရုံတစ်ရုံတွင် ဒေါ်လာ ၆၆ သန်းခန့် တစ်ညတည်း ရှုံးဖူးကြောင်းသိရသည်။

Ref: BBC & Reuters

Most Read

Most Recent