အာဖဂန်တာလီဘန်တို့၏ တင်းကျပ်သည့် တရားရေးစနစ်

အာဖဂန်တာလီဘန်တို့၏ တင်းကျပ်သည့် တရားရေးစနစ်
 Photo: AFP
Photo: AFP
Published 22 December 2022
TRANSLATED BY- ရာဇ

အာဖဂန်နစ္စတန်နိုင်ငံ အရှေပိုင်းရှိ ဂါဇနီ အယူခံတရားရုံး၏ ကျဉ်းမြောင်းသည့် တရားခွင်တွင် ခေါင်းပေါင်းပေါင်းထားသည့် တရားသူကြီး၏ရှေ့မှောက်တွင် ဒူးထောက်ထားသည့် အဘိုးအိုတစ်ဦးသည် လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ၎င်း၏ အသက်အား ချမ်းသာပေးရန် တောင်းပန်နေသည်။

အသက် ၇၅ နှစ်အရွယ် ယင်းအဘိုးအိုသည် ၎င်း၏ဆွေမျိုးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဝန်ခံခဲ့သည်။ အဘယ် ကြောင့်ဆိုသော် သူသတ်ခဲ့သူသည် သူ့ချွေးမနှင့် အိမ်ထောင်ရေးဖောက်ပြန်နေသည်ဟု သတင်းများထွက်နေသဖြင့် သတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထွက်ဆိုခဲ့သည်။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အစားပေးရမည့် ပြစ်ဒဏ်ပေးမှုပုံစံကို တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင်  က ပြီးခဲ့သည့်လအတွင်း ပထမဆုံးအကြိမ် ကြေညာခဲ့ပြီးနောက် ယင်းအဖိုးအိုသည် လူမြင်ကွင်းတွင် သေဒဏ်စီရင်ခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင်သူ့အား သေဒဏ်စီရင်မည့်သူမှာ သူသတ်ခဲ့သည့် အ မျိုးသား၏ ဆွေမျိုးတော်စပ်သူဖြစ်သည်။

“ကျွန်တော်တို့ဟာ မိသားစုအချင်းချင်း ပြေလည်အောင်လုပ်ဆောင်ခဲ့ပြီးပါပြီ။ နစ်နာကြေးအတွက်လည်း သဘောတူညီမှုရရှိ ခဲ့တာကို သက်သေပြနိုင်တဲ့ မျက်မြင်တွေလည်း ရှိပါတယ်”ဟု ယင်းအဖိုးအိုက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကတာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီးကတည်းက ရှာရီးယားတရားစီရင်မှုကို မည်ကဲ့သို့ လုပ်ဆောင်သည်ဆိုခြင်းကို မြင်တွေ့နိုင်ရန် အေအက်ဖ်ပီ သတင်းဌာနသည် ဂါဇနီတရားရုံးအတွင်း ကြုံတောင့်ကြုံခဲ ဝင်ခွင့်ရခဲ့သည်။

၂၀၀၁ ခုနှစ်က တာလီဘန်အစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရပြီးနောက် တရားရေးစနစ်သစ်တစ်ခု တည်ဆောက်ရန် ဒေါ်လာ သန်းပေါင်းရာချီ ကုန်ကျခံသုံးစွဲခဲ့သည်။ ယင်းတရားစီရင် ရေးစနစ်သစ်တွင် အစ္စလာမစ်ဥပဒေနှင့် လောကီရေးရာ ဥပဒေတို့ကို ပေါင်းစပ်ထားပြီး အရည်အချင်းပြည့်မီသည့် အစိုးရရှေ့နေများ၊ တရားခံရှေ့နေများနှင့် တရားသူကြီးများ ပေါ်ပေါက်ခဲ့သည်။

ယင်းတရားရေးစနစ်အတွင်းသို့ အမျိုးသမီးအများအပြားလည်း ထည့်သွင်းခဲ့ပြီး အိမ်တွင်းရေးပြဿနာများကို ဖြေရှင်းသည့် တရားရုံးများနှင့် သဘောထားတင်းမာသည့် တာလီဘန်စစ်သွေးကြွတို့၏အမှုများကို ကြီးကြပ်ကိုင်တွယ်ခဲ့ရသည်။

သို့သော်လည်း တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်ယင်းဖွဲ့စည်းပုံစနစ်အားလုံး ပယ်ဖျက်ခံခဲ့ရပြီး အမှုစစ်ဆေးမှုများ၊ ပြစ်ဒဏ်ချမှုများနှင့် အပြစ်ပေးမှုများကို အမျိုးသားဘာသာရေးဆရာများကသာ ကြီးကြပ်ကိုင်တွယ်နေသည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် အစ္စလာမ်မစ်ဥပဒေကို ၎င်းတို့၏ တင်းကျပ်သည့် သဘောဆန္ဒဖြင့် အဓိပ္ပာယ်ဖွင့် ဆိုခဲ့ပြီး ယနေ့ခေတ် မွတ်ဆလင်နိုင်ငံအများစုတွင် အနည်းငယ်သာ ကျင့်သုံးတော့သည့် ကြိမ်ဒဏ်ပေးမှုနှင့် သေဒဏ်ပေးမှုအပါအဝင် ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်မှုကို ကျင့်သုံးနေသည်။

“အရင်အစိုးရရဲ့ စနစ်နဲ့ အခုအစိုးရရဲ့ စနစ်ကမိုးနဲ့မြေလို ကွာခြားပါတယ်”ဟု ဂါဇနီတရားရုံးအကြီးအကဲ မိုဟူဒင်အူမာရီက ပြောကြားခဲ့သည်။

ဂါဇနီမြို့ရှိ အရာရှိများသည် အနောက်တိုင်းပုံစံ ဆောက်လုပ်ထားသည့် တရားခွင်ကို အသုံးပြုမှု ရှောင်ကျဉ်ခဲ့ကြပြီး ယင်းအစားသေးငယ်သည့် ဘေးခန်းထဲတွင် တရားစီရင်ခဲ့ကာ တရားစီရင်မှုတွင် ပါဝင်သူများသည် ကော်ဇောခင်းထားသည့် ကြမ်းပြင်ပေါ်တွင်သာ ထိုင်ပြီး တရားစီရင်လေ့ရှိသည်။

အိုဟောင်းနေသည့် မီးဖိုဖြင့် အနွေးဓာတ်ပေးထားသည့် အခန်းကျဉ်း၏ထောင့်တစ်နေရာရှိ အိမ်စင်ပေါ်တွင် ဘာသာရေး စာအုပ်များနှင့် ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်တစ်လက်တင်ထားသည်ကို တွေ့ရသည်။

ငယ်ရွယ်သည့် တရားသူကြီး မိုဟာမက်မိုဘင်က သူသိလိုသည့် မေးခွန်းများကို မေးမြန်းပြီးနောက် အဖြေများကို နားထောင်နေသည်။

ထို့နောက် ကြားနာစစ်ဆေးမှုကို ရက်ရွှေ့ဆိုင်းရန် အမိန့်ချမှတ်ခဲ့ပြီး အဘိုးအိုအား လူသတ်မှုအတွက် နစ်နာသည့်မိသားစုနှင့် ကျေအေးခဲ့သည့် သဘောတူညီမှုရရှိခဲ့ခြင်းရှိမရှိအပေါ် သက်သေထွက်ဆိုမည့်သူများကို စုစည်းရန် အချိန်ပေးခဲ့သည်။

“တကယ်လို့ သူ့ထွက်ဆိုချက်အတိုင်း သက်သေပြနိုင်မယ်ဆိုရင်တော့ တရားစီရင်မှုကို ပြန်လည်သုံးသတ်သွားမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အစ္စလာမ်မစ်ဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြစ်ဒဏ်ကို သေချာပေါက် ချမှတ်ခံရမှာပါ”ဟု မိုဘင်က ပြောကြားခဲ့သည်။

မိုဘင်သည် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက အယူခံတရားရုံးတွင် စတင်ရုံးထိုင်ခဲ့သူ ဖြစ်သည်။

ယင်းအချိန်မှစပြီး ဂါဇနီပြည်နယ်တွင် သေဒဏ်အများအပြားချမှတ်ခဲ့သော်လည်း အယူခံဝင်ခွင့်များကြောင့် စီရင်ကွက်မျက်ခံရသူတစ်ဦးမျှ မရှိခဲ့ဟု မိုဘင်ကဆိုသည်။

“အဲဒီလို ဆုံးဖြတ်ချက်တွေ ချရတာ အရမ်းကိုခက်ခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းသတိထားရပါတယ်”ဟု အသက် ၃၄ နှစ်အရွယ်မိုဘင်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ဆီမှာ သက်သေအထောက်အထားခိုင်ခိုင်လုံလုံရှိခဲ့မယ် ဆိုရင်တော့ ဘုရားသခင်က ကျွန်တော်တို့ကို ဘာလုပ်ရမလဲဆိုတာ လမ်းပြပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။

အဘိုးအို၏ အယူခံဝင်မှု ရှုံးနိမ့်ခဲ့မည် ဆိုပါက ယင်းအမှုသည် ကဘူးမြို့ရှိ ကဘူးမြို့ရှိ တရားရုံးချုပ်သို့ လွှဲပြောင်းမည်ဖြစ်ပြီး နောက်ဆုံးတွင် သေဒဏ်ချမှတ်မှုများကို ခွင့်ပြုခဲ့သည့် အမြင့်ဆုံးခေါင်းဆောင် ဟိုင်ဘာတူလာ အက်ခန်ဇာဒါဆီသို့ ရောက်ရှိမည်ဖြစ်သည်။

နိုင်ငံအနောက်ပိုင်း ဖာရာမြို့တွင်လည်း ယခုလအစောပိုင်း တာလီဘန်တို့သည် ၎င်းတို့ အာဏာပြန်ရလာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းတွင် သေဒဏ်စီရင်ခဲ့ပြီး ယင်းလုပ်ဆောင်မှုကို လူ့အခွင့်အရေးအဖွဲ့များနှင့် ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။

ဂါဇနီတရားရုံး၏အကြီးအကဲ အူမာရီက မူရှာရီးယားစနစ်သည် ယခင်ကျင့်သုံးခဲ့သည့် တရားရေးစနစ်ထက် ပိုမိုကောင်းမွန်သည်ဟု ပြောကြားခဲ့ပြီး ရှာရီးယားစနစ်အတွက် အတွေ့အကြုံပိုမိုရင့်ကျင်သည့် အရာရှိများ လို အပ်နေသည်ဟုလည်း ဆိုသည်။

အာဖဂန်နစ္စတန်သည် အကျင့်ပျက်ချစားမှုအများဆုံး နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၇ နိုင်ငံမြောက်တွင် ရပ်တည်နေသည်ဟု ၂၀၂၁ ခုနှစ်က နိုင်ငံတကာပွင့်လင်းမြင်သာရေးအဖွဲ့၏ စစ်တမ်းတွင် ဖော်ပြခဲ့ပြီး အာဖဂန်၏ တရားရုံးများသည်လည်း အမှုများကို နှစ်ပေါင်းများစွာကြာ ဆိုင်းငံ့ထားမှုနှင့်အတူ အကျင့်ပျက်ခြစားမှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

“အစ္စလာမ်မစ်စော်ဘွားနိုင်ငံဟာ ပွင့်လင်းမြင်သာမှုကို ပြသနေပါတယ်”ဟု အူမာရီ က အာဖဂန်နစ္စတန်ကို တာလီဘန်တို့က ပြောင်းလဲသတ်မှတ်ခဲ့သည့် အာဖဂန်နစ္စတန်  အစ္စလာမ်မစ်စော်ဘွားနိုင်ငံ ဟူသည့်အမည်ကို ရည်ညွှန်းပြောကြားခဲ့သည်။

အာဖဂန်ပြည်သူအများစုကမူ တရားမမှုများကို ရှာရီးယားတရားရုံးတွင် ကြားနာစစ်ဆေးမှုခံယူလိုကြပြီး ရှာရီးယားတရားရုံးများသည် ယခင်အစိုးရလက်ထက်က တရားရေးစနစ်ထက် အကျင့်ပျက်ခြစားမှုနည်းပါးသည် ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ရာဇဝတ်မှုများတွင် တာလီဘန်တို့၏ တရားရေးစနစ်သစ်အောက်၌ မှားယွင်းစီရင်နိုင်ခြေပိုများသည်ဟု ဥပဒေပညာရှင်များက ပြောကြားခဲ့သည်။

“တချို့အမှုတွေကို မြန်မြန်စီရင်ချက်ချလေလေ ကောင်းလေလေဖြစ်ပါတယ်။ ဒါပေမယ့် အမှုအများစုကိုတော့ အလျင်စလို စီရင်ဆုံးဖြတ်မယ်ဆိုရင် မှားယွင်းနိုင်ခြေပိုများပါတယ်”ဟု အမည်မဖော်လိုသည့် အာဖဂန်ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP

 

Most Read

Most Recent