ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ကမ်းနားလမ်းနှင့် လမ်းမတော် လမ်းထောင့်ရှိ ဧရာဝတီဘဏ်၊ ရန်ကုန်ဘဏ်ခွဲ -၃၇ (ညောင်ပင်လေးဈေးဘဏ်ခွဲ)တွင် ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဘဏ်အနီးနေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဧရာဝတီဘဏ်ဓားပြတိုက်မှုတွင် Mask တပ်ထားသည့် အမျိုးသာတစ်ဦးသည် ဘဏ်အတွင်းဝင်ရောက်ကာ ဓားကိုင်ဆောင်၍ ငွေသားများထုတ်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
လသာမြို့နယ်၊ဧရာဝတီဘဏ်ခွဲအနီးနေထိုင်သူတစ်ဦးက " မနက်က ၉ ခွဲ၊ ၁၀ နာရီလောက်မှာ ဖြစ်သွားတာ။ အမျိုးသားတစ်ယောက် ဘဏ်ထဲဝင်ပြီး ဓားပြတိုက်သွားတာလို့ သိရတယ်။ လက်ထဲမှာ ဓားကိုင်ထားတယ်လို့လည်း ကြားရတယ် " ဟုပြောကြားခဲ့သည်။
ယင်းဓားပြတိုက်မှုတွင် ကျူးလွန်သူသည် ငွေသားမည်မျှ ယူဆောင်သွားကြောင်းကို စုံစမ်းနေဆဲဖြစ်ပြီး အခြားသတင်းဖော်ပြမှုများတွင် ငွေသား သိန်း ၁၀၀ ခန့်ပါရှိသွားကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ကျူးလွန်သူမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။။